ပညာရေး အတွေးအခေါ်

အာဏာရှင်စနစ်၊ တန်ခိုးရှင်ဝါဒနဲ့  သမ္မာတရား

(၁) မိမိအပါအ၀င် လောကစကြာဝဠာကြီး တစ်ခုလုံးဟာ တန်ခိုးရှင်တစ်ပါးရဲ့ ဖန်ဆင်းမှုသာ ဖြစ်ပြီး ဖန်ဆင်းခံတွေအားလုံးရဲ့ အကောင်းအဆိုးနဲ့  ချမ်းသာဆင်းရဲတွေဟာ ထိုတန်ခိုးရှင်ရဲ့ ဆုံးဖြတ် ချက်သာ ဖြစ်တယ်လို့  ယုံကြည်သူတွေ ကမ္ဘာအနှံ့  ပေါများလှပါတယ်။ ကမ္ဘာ့လူဦးရေရဲ့  ကိုး ဆယ်ကိုး ရာနှုန်းကျော်ဟာ ထိုတန်ခိုးရှင်ဝါဒကို ယုံကြည်သူတွေ ဖြစ်တယ်လို့ ပြောရင် မမှားပါဘူး။ ယုံကြည်သက်ဝင်သူ အမြောက်အများရှိတဲ့ ဘာသာရေးအားလုံးဟာ တန်ခိုးရှင်ဝါဒ အနည်းနဲ့အများ ထုံမွှန်းထားတဲ့ ဘာသာချည်းပဲ ဖြစ်ပါတယ်။
(၂) ဖန်ဆင်းရှင်တန်ခိုးရှင်ဝါဒဟာ အာဏာရှင်စနစ်နဲ့  ဆက်နွယ်နေတယ်။ တန်ခိုးရှင်ဝါဒနဲ့  အာဏာရှင်ဝါဒဟာ အပြန်အလှန်အကျိုးပြုနေတယ်။ အာဏာရှင်စနစ်ဟာ တန်ခိုးရှင်ဝါဒကို အားပေးတယ်။ထောက်ပံ့တယ်။ ကူညီတယ်။ တန်ခိုးရှင်ဝါဒကလည်း အာဏာရှင်စနစ်ကို တည်မြဲအောင် လုပ်ပေးတယ်။ ခိုင်မာအောင် ပံ့ပိုးတယ်။ တန်ခိုးရှင်ဝါဒကို သက်ဝင်သူတွေ ရှိနေသရွေ့  အာဏာရှင်စနစ်ဟာလည်း ပုံစံတမျိုးမျိုးနဲ့ ရှိနေပါလိမ့်ဦးမယ်။ အာဏာရှင်စနစ်ကို လက်ခံသူ ရှိနေသရွေ့  တန်ခိုးရှင်ဝါဒဟာလည်း ကြီးပွားနေလိမ့်မယ်။
(၃) တစ်စုံတစ်ယောက်က ကိုယ့်ဘ၀ကို ဖန်တီးဆုံးဖြတ်နေတယ်ဆိုတဲ့ အယူအဆဟာ တန်ခိုးရှင်ဝါဒနဲ့  အာဏာရှင်စနစ်ရဲ့  အခြေခံအုတ်မြစ်တွေ ဖြစ်တယ်။ လူတဦးက လူအများစုရဲ့  အကောင်းအဆိုးနဲ့  ချမ်းသာဆင်းရဲကို ဆုံးဖြတ်ပိုင်ခွင့် ရှိနေတဲ့ ၀ါဒနဲ့  စနစ်တွေ ဖြစ်တယ်။ အာဏာရှင်စနစ်နဲ့  ဖန်ဆင်းရှင်တန်ခိုးရှင်ဝါဒဟာ ဒင်္ဂါးပြားတစ်ခုတည်းရဲ့ ဘက် နှစ်ဘက်ပဲ။ အာဏာရှင်စနစ်အောက်မှာ လူတွေဟာ အာဏာရှင်အလိုကျ လိုက်နာ ရတယ်။ ဖန်ဆင်းရှင် တန်ခိုးရှင်ဝါဒအောက်မှာလည်း လူတွေဟာ ဖန်ဆင်းရှင်တန်ခိုးရှင် အလိုကျ နာခံရတယ်။
(၄) အာဏာရှစ်စနစ်ကို လက်ခံသွားတဲ့သူတွေဟာ အမိန့် နာခံတတ်တာကလွဲလို့  တခြား ဘာမှ မလုပ်တတ်တော့ဘူး။ ကိုယ့်ခြေထောက်ပေါ်မှာ ရပ်တည်ပြီး လွတ်လွတ်လပ်လပ်တီထွင်ဖန်တီး လိုတဲ့ စိတ်ဆန္ဒလည်း မရှိတော့ပါဘူး။ ကိုယ့်ဘ၀နဲ့ ပတ်သက်ရင်လည်း တာဝန်ယူတတ်တဲ့ စိတ်ဓာတ်မျိုးကင်းမဲ့နေတဲ့အတွက် တာဝန်ယူမှုနဲ့  ဒွန်တွဲပါလာတဲ့ လွတ်လပ်မှုနဲ့ လည်း ကင်းဝေးနေတယ်။ လှောင်အိမ်ထဲမှာ နေရတဲ့ဘ၀ကို လုံခြုံတဲ့ဘ၀အဖြစ် ကျေနပ်နေတတ်သလို တာဝန်မယူရတဲ့ အခြေအနေကိုလည်း လွတ်လပ်တဲ့အခြေအနေအဖြစ် ခံယူတတ်ပါတယ်။

mg thamanya

(၅) တန်ခိုးရှင်ဝါဒကို သက်ဝင်သူဟာသူ့ ဖြစ်တည်နေရတဲ့ ဘ၀အခြေအနေမှန်သမျှကို တာဝန် မယူတတ်ဘူး။ သူ့ မှာ ဖြစ်ပျက်လာတာမှန်သမျှဟာ ဖန်ဆင်းရှင်တန်ခိုးရှင်မှာပဲ တာဝန်ရှိတယ် လို့  ခံယူထားပါတယ်။ ဒါကြောင့် သူ့ ရဲ့ အနာဂတ်အတွက်လည်း တန်ခိုးရှင်ကပဲ ဖန်တီးပေးမှာ ဖြစ် တယ်လို့  ယုံကြည်နေတယ်။ ဒီလိုနဲ့  တန်ခိုးရှင်ရဲ့ ကျေနပ်မှုအတွက် ၀တ်ပြုဆုတောင်းမှုကို ပြုခြင်း နဲ့ ပဲ ဘ၀ကို ကုန်ဆုံးသွားစေတယ်။ ( တန်ခိုးရှင်ကျေနပ်သလား မကျေနပ်သလားဆိုတာကိုတော့ တန်ခိုးရှင်ရဲ့ ကိုယ်စားလှယ်တော်များအဖြစ် ကိုယ့်ဖာသာခန့် အပ်ထားတဲ့ လူတန်းစားတရပ်က ဆုံးဖြတ်ပေးပါတယ်။)

(၆) အာဏာရှင်စနစ်ကို လက်ခံနေသူများဟာ ချမ်းသာသုခခံစားရဖို့ အတွက် အာဏာရှင်ကျေနပ် မှ ဖြစ်မယ်လို့  ခံယူထားသလို တန်ခိုးရှင်ဝါဒကို သက်ဝင် နေသူများဟာလည်း ကိုယ်ချမ်းသာရာ ရဖို့ အတွက် တန်ခိုးရှင်ကျေနပ်မှ ဖြစ်မယ်လို့  ခံယူထားကြတယ်။ဒါကြောင့် အာဏာရှင် အလိုကျ လိုက်နာရေးနဲ့  တန်ခိုးရှင်အလိုကျဖြည့်ဆည်းရေးတွေဟာ လူ့ ဘ၀ရဲ့ တစ်ခုတည်းသော တာဝန် လို့  ခံယူထားကြပါတယ်။ 
(၇) အာဏာရှင်စနစ်ဆိုတာ လူတွေ ပျပ်ဝပ်ကျိုးနွံနေမှ ရပ်တည်နိုင်တဲ့ စနစ်ဖြစ်တယ်။ အာဏာရှင် အပေါ် အားကိုးမှီခိုနေမှ တည်မြဲတဲ့ စနစ်ဖြစ်တယ်။ လူတွေကို အဆင့်နိမ့် သတ္တ၀ါတွေဖြစ်အောင် လုပ်ထားနိုင်မှ ခိုင်မာတဲ့ စနစ်ဖြစ်တယ်။ ဒါကြောင့် လူတွေရဲ့ အသိဉာဏ်ထဲမှာ ကိုးကွယ် အားထားမှုနဲ့  ရိုသေနာခံမှုကလွဲပြီး တခြားဘာမှ မရှိအောင် အာဏာရှင်စနစ်က ဖန်တီးတယ်။ ကိုယ့်ဘ၀နဲ့ ပတ်သက်ပြီး ကိုယ်ဘာမှ လုပ်လို့ မရပါလားလို့  ယုံကြည်တာမျိုးကို အာဏာရှင် စနစ်က အလွန်အားပေးတယ်။ 
(၈) အာဏာရှင်စနစ်ရဲ့ အောက်မှာ ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့အတွက် လူတွေရဲ့ အသိ ဉာဏ်ဟာ အာဏာရှင်စနစ်ရဲ့  ပုံသွင်းမှုကို ခံခဲ့ရတယ်။ စဉ်းစားဆင်ခြင်မှုကို တားမြစ်ပြီး နာခံမှုကိုပဲ လက်ခံတဲ့ အာဏာရှင်စနစ်က လူသားရဲ့ ယုံကြည်မှုကို အပိုင်စီးခဲ့တယ်။ အာဏာရှင်စနစ်ဟာ လောကကြီးရဲ့ တစ်ခုတည်းသော စနစ်ဖြစ်တယ်ဆိုတာကိုလည်း မျက်စေ့ပိတ်ယုံကြည်စေခဲ့တယ်။ ဒီလိုနဲ့ ပဲ အာဏာရှင်စနစ်အောက်က လူတွေဟာ လောကကြီးကိုလည်း မဟာအာဏာရှင်ကြီး တစ်ပါးက အုပ်ချုပ်နေတဲ့ ပုံစံမျိုး စဉ်းစားလာတယ်။ ဒီမဟာအာဏာရှင်ကြီးထံမှာ တန်ခိုးတော် အနန္တရှိနေပြီး မကောင်းသူကိုဖယ် ကောင်းသူ ကိုကယ်တဲ့ မဟာတာဝန်ကြီးလည်းရှိနေလိမ့်မယ် လို့  ရမ်းဆရင်း ကိုယ့်ဘ၀အတွက် မျှော်လင့်ချက်တွေကို တည်ဆောက်ကြတယ်။ လက်တွေ့  ဘ၀မှာ နှိပ် စက်နေတဲ့ အာဏာရှင်ဟာလည်း အဲဒီ တန်ခိုးတော်အနန္တရှိတဲ့ မဟာအာဏာရှင်ကြီးရဲ့ အပြစ်ပေး ဆုံးမတာကို တစ်နေ့ နေ့ ခံရလိမ့်မယ်လို့  ကိုယ့်ဖာသာတွေးပြီး ကျေနပ်နေကြတယ်။ အာဏာရှင်ဆိုးကို မကျေနပ်ရာကနေ အာဏာရှင်ကောင်းကို တောင့်တပြီး ပုံဖော်ခြင်းပဲ။
(၉ ) တန်ခိုးရှင်ကို ယုံကြည်ကိုးကွယ်ခြင်းဟာလည်း အာဏာရှင်စနစ်ကို လက်ခံခြင်းတစ်မျိုးပါပဲ။ အာဏာရှင်ကောင်းကို မျှော်လင့်ခြင်းတစ်မျိုးပါပဲ။ အာဏာရှင်ကောင်းက ကိုယ့်ကို သနားကြင်နာ လိမ့်မယ်။ ကိုယ့်ကောင်းရာကောင်းကျိုးအတွက် အစစ တာဝန်ယူလိမ့်မယ်။ ကိုယ်လုပ်ရမယ့် တာဝန်က ၀တ်ပြုဆုတောင်းဖို့ ပဲလို့  ခံယူထားကြတယ်။ 
(၁၀) လူတွေ ၀တ်ပြုဆုတောင်းလာခဲ့တာ လူ့ သမိုင်းနဲ့ အမျှ ကြာရှည်ခဲ့ပါပြီ။ ၀တ်ပြုဆုတောင်းသံ တွေ ညံနေလျက်နဲ့  ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ခဲ့တယ်။ ဒေသစစ်ပွဲတွေ ပြည်တွင်းစစ်ပွဲတွေ ထောင်နဲ့ ချီပြီး ဖြစ်ပွားခဲ့တယ်။ လူ့ လောကကြီးဟာ ဆင်းရဲတွင်းထဲမှာ နစ်နေတုန်းပဲ ရှိသေးတယ်။ “ဆုမတောင်းလင့်၊ ဆုတောင်းသမှု၊ ဘယ်မျှပြုလည်း၊ အမှောင်ထုမှာ၊ မလင်းလာဘူး” လို့  အာရှ အလင်းရောင်မဟာကဗျာကို ရေးစပ်ခဲ့သူ စာဆိုတော် အက်ဒွင်အာနိုးက ရေးဖွဲ့ ခဲ့တယ်။
(၁၁) လူတွေရဲ့ တကယ့်ချမ်းသာဟာ လူ့ လောကရဲ့  လွတ်လပ်ငြိမ်းချမ်းမှုနဲ့  တိုက်ရိုက်ဆက်စပ်နေ တယ်။ လူ့ လောကရဲ့  လွတ်လပ်ငြိမ်းချမ်းမှုဟာ လူ့ အချင်းချင်းကြားက “တရားမျှတပြီး ရိုးသား စင်ကြယ်တဲ့ဆက်ဆံရေး” ရဲ့  အကျိုးဆက်ပဲ။ လူအချင်းချင်းကြားက တရားမျှတပြီး ရိုးသား စင်ကြယ်တဲ့ ဆက်ဆံရေးဟာ လူတစ်ဦးချင်းစီက တာဝန်ယူကျင့်သုံးရမယ့် ကျင့်ဝတ်တွေ ဖြစ် တယ်။ ဒါကို ဘယ်အာဏာရှင်ကမှ မဖန်တီးပေးနိုင်ဘူး။ ဘယ်တန်ခိုးရှင်ကမှ မဖန်တီးပေးနိုင်ဘူး။
(၁၂) လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က အိန္ဒိယမှာ ပေါ်ပေါက်ခဲတဲ့ မဟာလူသားဗုဒ္ဓက တရား မျှတပြီး ရိုးသားစင်ကြယ်တဲ့ ဆက်ဆံရေးကို “ သမ္မာတရား” လို့  အမည်ပေးပြီး လူ့ လောကရဲ့ လွတ်လပ်ငြိမ်းချမ်းမှုအတွက် တစ်ခုတည်းသောကျင့်စဉ်အဖြစ် တီထွင်ပြသခဲ့တယ်။ သမ္မာတရား ဟာ လူ့ လောကရဲ့ လွတ်လပ်ငြိမ်းချမ်းမှုကို ဦးတည်ပြီး လူတစ်ဦးချင်းက ကျင့်သုံးရမယ့် လူ့ ကျင့် ၀တ် ဖြစ်တယ်။ 
(၁၃) မဟာလူသားဗုဒ္ဓပေါ်ပေါက်တဲ့ ခေတ်ကာလမှာ အာဏာရှင်စနစ်လည်း လွှမ်းမိုးနေခဲ့သလို အာဏာရှင် စနစ်ကို ပုံတူကူးထားတဲ့ ဖန်ဆင်းရှင်တန်ခိုးရှင်ဝါဒတွေလည်း ပျံ့ နှံ့ နေခဲ့တယ်။ လူတွေဟာ အာဏာရှင်စနစ်နဲ့ တန်ခိုးရှင်ဝါဒအောက်မှာ မွန်းကျပ်ဆင်းရဲနေကြတယ်။ လူတွေ မွန်းကျပ်ဆင်းရဲ ခြင်းဟာ လူ့ လောက မွန်းကျပ်ဆင်းရဲခြင်းပဲ။ အာဏာရှင်စနစ်နဲ့ တန်ခိုးရှင် ၀ါဒ လွှမ်းမိုးတဲ့ အောက်မှာ လူတွေက ငရဲကျသလို ခံစားနေရပြီး လူလောကကလည်း လူမနေအပ်တဲ့ ပစ္စန္တရာဇ်အရပ်ဖြစ်နေတယ်။ ဒီအခြေအနေဆိုးတွေက လွတ်မြောက်ဖို့ အတွက် သိဒ္ဓတ္ထမင်းသား ဟာ တရားရှာရင်း သမ္မာတရားကို တီထွင်နိုင်ခဲ့တာ ဖြစ်တယ်။
(၁၄) မဟာလူသားဗုဒ္ဓ တီထွင်ဖော်ထုတ်တဲ့ သမ္မာတရားဟာ အာဏာရှင်စနစ်နဲ့  တန်ခိုးရှင်ဝါဒ ကို သုတ်သင်ဖယ်ရှားပေးတဲ့တရား ဖြစ်တယ်။ ဗုဒ္ဓနောက်ပါးက လိုက်တဲ့သူတွေဟာ အာဏာရှင်စနစ် ရဲ့  အောက်က လွတ်အောင် နေတတ်သွားသလို တန်ခိုးရှင်ဝါဒရဲ့  အရိပ်အောက်ကလည်း လွတ် မြောက်သွားကြတယ်။ လွတ်လပ်လူသားများအဖြစ် လောကကို ငြိမ်းချမ်းအောင် ပံ့ပိုးပေးသွားကြ တယ်။ သမ္မာတရားဟာ လူတစ်ဦးချင်းရဲ့  လွတ်လပ်ငြိမ်းချမ်းမှုနဲ့  လူ့ လောကကြီးရဲ့ လွတ်လပ်ငြိမ်း ချမ်းမှုကို တသားတည်း ဆက်စပ်နေအောင် ဖန်တီးပေးတဲ့ တစ်ခုတည်းသော ကျင့်စဉ်ဖြစ်တယ်။
(၁၅) အာဏာရှင်စနစ်နဲ့  တန်ခိုးရှင်ဝါဒဟာ ဗုဒ္ဓရဲ့  သမ္မာတရားကြောင့် တုံလှုပ်ချောက်ချားကြရ တယ်။ ဒီလိုနဲ့  သမ္မာတရားကို ဖျောက်ဖျက်ဖို့ ကြိုးစားလာကြတယ်။ အာဏာရှင် ဘက်တော် သား တွေ နဲ့  တန်ခိုးရှင်ရဲ့  ကိုယ်စားလှယ်ဆိုသူတွေ ပူးပေါင်းပြီး သမ္မာတရားကို ပုံဖျက်ပစ်ကြတယ်။ ဗုဒ္ဓရဲ့  ပုံတော်ကိုလည်း အာဏာရှင်တစ်ပါး၊ တန်ခိုးရှင်တစ်ပါး ဖြစ်အောင် ဖန်တီးပစ်ကြတယ်။ ဗုဒ္ဓကို ကိုးကွယ်မှီခိုစရာ တောင်းပန်တိုးလျှိုးစရာ အာဏာရှင် တန်ခိုးရှင်အဖြစ် လူတွေ ထင်မြင် လာအောင် လုပ်ကြတယ်။ ဒီလိုနဲ့  အာဏာရှင်စနစ်နဲ့  တန်ခိုးရှင် ၀ါဒရဲ့  မှိုင်းသွင်းမှု အောက်မှာ လွတ်လပ်ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးတဲ့ သမ္မာတရားဟာ မှေးမှိန်သွားခဲ့ရတယ်။      ။

မောင်သာမည

(၂၀၁၅  နိုဝင်ဘာလထုတ် နှင်းဆီဖြူဂျာနယ်တွင် ဖော်ပြခဲသော ဆောင်းပါးဖြစ်ပါသည်။)

Powered by Bullraider.com