သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားသင့်သော အနုရသ ဘာသာရပ် (ရသဗေဒ)

စာတမ်းခေါင်းစဉ်။ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားသင့်သော် အနုရသ ဘာသာရပ် (ရသဗေဒ) Art Education for Curriculum

စာတမ်းရှင် - ခင်လေးငယ်


စပါးဝါရွှေ၊ ၀င်းပါစေ၊ ပန်းတွေသင်းပါစေ၊

ငှက်ကလေးတွေ မိုးတိမ်ကြား၊ ပျံနိုင်ကြစေသား၊

နေရောင်ခြည်လည်း ဖွေးပါစေ၊ လေပြေ အေးပါစေ၊

ချစ်မိတ်ဆွေ ပေါင်းဖော်များ ကျန်းမာကြစေသား။

သူငယ်တန်း မြန်မာ ဖတ်စာအုပ်ပါ ဆုတောင်း ကဗျာလေးကို ကလေးတို့ ပျော်ရွှင်စွာ ရွတ်ဆိုကြသော အသံကို ကြားရတိုင်း စိတ်နှလုံး ကြည်နူးမိပါသည်။ စားရေး ရိက္ခာနှင့် ပြည့်စုံသော၊ အချုပ်အချယ် ကင်း၍ လွတ်လပ်သော၊ သဘာဝ တရားတို့ မပျက်စီးသော၊ ငြိမ်းချမ်းသာယာပြီး အချင်းချင်း မေတ္တာတရားဖြင့် ဆက်ဆံနိုင်သော ကမ္ဘာလောကကြီး တည်ဆောက်ရန် သူတို့ လေးတွေတွင် အားအင်အပြည့် ရှိစေ လိုပါသည်။

အကြမ်းဖက် တိုက်ခိုက်မှုများ၊ စစ်သွေးဆာ အုပ်ချုပ်မှုများ၊ အနိဌာရုံ အပျက်အစီး၊ အဖျက်အဆီးများနှင့် ယှဉ်နေသော လူသားတို့ ကမ္ဘာကြီးကို ယဉ်ကျေးသော၊ သာယာလှပသော ကမ္ဘာ လောကကြီးအဖြစ် ဆက်လက် တည်ရှိနေစေရန်မှာ လူသား အချင်းချင်း ကိုယ်ချင်းစာတရား အခြေခံသော စိတ်ကသာ စွမ်းဆောင်နိုင်ပေလိမ့်မည်။

သိပ္ပံနည်းပညာရပ် များစွာ ဖွံ့ဖြိုးနေပြီး သင်ယူစရာ များလှသော ယနေ့ ခေတ်တွင် ပညာရေး၏ အရေးတကြီး စိန်ခေါ်ချက်တစ်ရပ်မှာ လူတို့၏ နှလုံးသား၌ ထားအပ်သည့် အပြုသဘောဆောင်သော စိတ်ကို မွေးမြူ လေ့ကျင့်ပေးရန် ဖြစ်နေပါသည်။ ကျောင်းပညာရေးတွင် ကျောင်းသား သူငယ်တို့အား အပြု သဘောဆောင် အကောင်းမြင် စိတ်ဓါတ်နှင့် ကိုယ်ချင်းစာတရား ထားတတ်စေရန်အတွက် အနုပညာ ဘာသာရပ် သင်ကြားပေးမှုက အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

မြန်မာနိုင်ငံ ကျောင်းပညာရေး သင်ရိုး ညွှန်းတမ်းတွင် သင်ကြားပေး နေသော ဘာသာရပ်များမှာ သုတ ကိုသာ ဦးစားပေးပြီး ရသခံစားမှုကို လုံးဝ နည်းပါး မျက်ကွယ်ပြုထားကြပါသည်။ ဘာသာ စကား စာပေ ပညာရပ်တို့ကို သင်ကြားရာ၌ပင် သင်ကြားပုံ နည်းစနစ်မှာ သုတဘက်ကို အလေးသာသော ကျက်မှတ်မှု ပုံစံမျိုးဖြင့်သာ သင်ကြားပေးတတ် ကြပါသည်။

နှလုံးသား မရှိ သော စက်ရုပ် လူသားလေးများ မွေးထုတ် နေသည့် စာသင်ခန်းများ မဖြစ်စေရန် သုတ သာမက ရသ ခံစားတတ်စေရန်အတွက် ရသဗေဒ သင်ရိုးညွှန်းတမ်းရှိရန် လိုအပ်လှပါသည်။

ကျောင်း ပညာရေးတွင် အနုပညာ ဘာသာရပ် သင်ကြား ပေးသင့်သော ရည်ရွယ်ချက်မှာ ကလေးတို့အား ထိုပညာရပ်နှင့် ပတ်သက်သော ပညာရှင် ကြီးများ ဖြစ်လာစေရန် မဟုတ်ပါ။ ကလေးတို့၏ တစ်ဦးနှင့် တစ်ဦး မတူညီသော စွမ်းရည်အမျိုးမျိုးကို တန်းညှိ သင်ကြားလေ့ကျင့်ပေးရန်မှာ မသင့်တော်သော ကိစ္စ ဖြစ်ပါသည်။

ကလေးတိုင်းသည် ပန်းချီကျော်၊ ဂီတစာဆို၊ ပါရမီမြောက် အနု ပညာရှင်များ မဖြစ်နိုင်ပါ။ သို့သော် ကလေးတိုင်းကို အဖျက်အဆီး စိတ် နည်းပါးသော၊ လောကအလှကို သိမြင်တတ်သော၊ ကိုယ်ချင်းစာ တရားနှင့် ပြည့်ဝသောသူများ ဖြစ်လာစေရန် လေ့ကျင့် သင်ကြား ပေးနိုင်ပါသည်။

ရသဗေဒကို သင်ကြား ရခြင်းဖြင့် ကလေးတို့ သည် ကိုယ်တိုင် မဖန်တီးနိုင်သော်မှ သူတပါး ဖန်တီး ထားသော အလှတရားတို့ကို တန်ဘိုးထား ထိန်းသိမ်းတတ်လာစေပါသည်။ မိမိ ခံစားချက်ကို ဖော်ထုတ် တင်ပြခြင်းဖြင့် အချင်းချင်း နားလည်စာနာမှု တိုးပွားလာစေပါသည်။ ထိုမှတဆင့် ကိုယ်တိုင် ဖန်တီး လိုစိတ်၊ တီထွင် ကြံဆလိုစိတ်များ ဖြစ်ပေါ် လာပေလိမ့်မည်။ လောကအလှ ဆင်နိုင်သူများ ဖြစ်လာ ပေလိမ့်မည်။

အခြား ဘာသာရပ်များ သင်ကြားရာတွင်လည်း အနုပညာ ဘာသာရပ်ကို အထောက် အကူပြု သင်ကြား ပေးခြင်းဖြင့် ကလေးတို့ စိတ် အာရုံ ကို နိုးကြွလန်းဆန်း စေပါသည်။ မှတ်ဥာဏ်ကို ထက်သန် စေပါသည်။ စဉ်းစားဥာဏ်ကို ဖွံ့ဖြိုးစေပါသည်။ တီထွင်ဥာဏ်ကို ကွန့်မြူးစေပါသည်။

 

အနုရသ ဘာသာရပ် (ရသဗေဒ) အား ကျောင်း သင်ရိုးဝင် ဘာသာရပ် အဖြစ် သတ်မှတ်ရန် အကြံပြုချက်များ။

၁။ အနုရသ ဘာသာရပ်ကို မသင် မနေရ ဘာသာရပ် အဖြစ် ၁၀ တန်းအထိ သတ်မှတ် ထားသင့် ပါသည်။

၂။ စာမေးပွဲ ကို အခြေမခံ ပဲ လက်တွေ့လုပ်ငန်း (ပရော့ဂျက်) များ၊ ဖန်တီးမှုများ ကို အခြေခံ၍ စဉ်ဆက် မပြတ် အကဲဖြတ်မှု များ ဖြစ်သင့်သည်။

၃။ အနုရသ ဘာသာရပ် သည် စာသင်သား များ အတွက် ပျော်ရွှင်မှုကို ဖြစ်စေသော၊ မိမိ အမြင်၊ အတွေး နှင့် အတွေ့ အကြုံ တို့ကို ပွင့်လင်းစွာ ဖော်ထုတ် ပြသနိုင်သော သင်ယူမှု မျိုး ဖြစ်စေ သင့် သည်။

၎။ ကျောင်းများ သည် အနုရသ ဘာသာရပ်တွင် အသုံးပြုရန် လုံလောက် သော အချိန်၊ နေရာ၊ သင်ထောက်ကူ ပစ္စည်းနှင့် အရည်အချင်း ပြည့် ဆရာများ ဖြည့်ဆည်း ပေးသင့် ပါသည်။

၅။ အနု ရသ ဘာသာရပ် နှင့် ပတ်သက်၍ ပိုမို ဖန်တီး လာနိုင် စေရန် အမျိုးမျိုး သော ဆန်းသစ် တီထွင် မှုများ နည်းလမ်း များကို စိတ်ဝင် တစား လက်ခံတတ် ရန် လိုပါသည်။

၆။ အနုပညာ နှင့် ပတ်သက်၍ ရှုဒေါင့် အမျိုးမျိုး ရှိရာတွင် ထို ဘာသာရပ် ကို သင်ကြား ပေးမည့် ကျောင်း များ နှင့် ဆရာများ အတွက် တိကျသော၊ ရှင်းလင်းသော စံပြု စရာ သင်ရိုး ညွှန်းတမ်း သတ်မှတ် ပေးရန် လိုအပ် ပါသည်။

၇။ မူလတန်း အထက်ဆင့်မှ စ၍ အတန်းကြီး အထိ အနုရသ ဘာသာရပ် သင်ပြမှုနှင့် ပတ်သက်၍ လေ့ကျင့် သင်တန်း ပေးထား သော သီးသန့် ဆရာ များ ထားရှိသင့် ပါသည်။

၈။ အနုရသ ဘာသာရပ် သင်ပြမည့် ဆရာများသည် အတန်း အဆင့် အလိုက် ကျွမ်းကျင် ပိုင်နိုင် စွာ သင်ပြ နိုင်ရေး အတွက် အနုရသ ဘာသာရပ် ဆိုင်ရာ ဆရာ အတတ်ပညာ ရရှိရန် အထူး အရေးကြီး ပါသည်။

 

ရသဗေဒ သင်ရိုးညွှန်းတမ်း

မူလတန်းကြို အဆင့်

အသက် နှစ်မှ နှစ် ကြားတွင်ရှိသော မူလတန်းကြိုအဆင့် ကလေးများသည် အလွန် စူးစမ်း လေ့လာအား ကောင်းကြပြီး၊ ကိုယ်ခန္ဓာ အားအင်ဖွံ့ဖြိုးမှုလည်း အားကောင်းနေချိန် ဖြစ်ပါသည်။ ထို ဖွံ့ဖြိုးနေသော စွမ်းအင်များကို ဆက်လက် ဖွံ့ဖြိုး စေရန်နှင့် နည်းမှန် လမ်းမှန် ထုတ်ဖော် အသုံးပြု ပေးနိုင်ရန် လိုအပ်ပါသည်။

ရသဗေဒ သည် ကလေးတို့၏ တီထွင် ဖန်တီးမှု စွမ်းရည်နှင့် အင်အားကို အကောင်းဆုံး ထုတ်ဖော် ပေးနိုင်သော ဘာသာရပ်တစ်ခု ဖြစ်ပါသည်။ မူလတန်းကြို အဆင့်တွင် ကလေးတို့၏ ပညာရေးလုပ်ငန်း ဆောင်တာ အားလုံး (၁၀၀%) သည် အနုပညာ ဘာသာရပ် များ ဖြစ်သော ရေးဆွဲခြင်း၊ ဆေးခြယ်ခြင်း၊ ရွှံ့ရုပ်ပုံစံများ၊ အတုံးများ၊ ကွင်းများဖြင့် ကစားခြင်း သီဆိုခြင်း၊ လှုပ်ရှား ကခုန်ခြင်း စသည်တို့နှင့် ဆက်နွယ်နေပါသည်။

ရည်ရွယ်ချက်

မူလတန်းကြို အဆင့်တွင် ကလေးတို့အား သင်ကြား ပေးသော ပညာရေး၏ အဓိက ရည်ရွယ်ချက်မှာ -

  • ကလေးငယ်တို့အား ကျောင်းတက် ရသည်ကို ခုံမင်လာစေရန်အတွက် ပျော်ရွှင်ဖွယ်အကြောင်း အရာများ၊ ကစားခုန်စား လှုပ်ရှားမှုများဖြင့် ဆွဲဆောင်ရန်။
  • ကလေးသူငယ်တို့အား မိမိတို့ နှင့် ထိတွေ့ ဆက်စပ်နေသော ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှင့် သဘာဝပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရာတွင် အားပေးကူညီရန်။
  • ကလေးသူငယ်တို့၏ ဟန်ဆောင်မှုကင်းသော အတွေး စိတ်ကူးများ၊ တီထွင် ဖန်တီးမှုများ၊ လုပ်ဆောင်ချက်များကို လွတ်လပ်စွာ ဖော်ထုတ် တင်ပြနိုင်စေရန်။
  • ကလေးတို့၏ စိတ်လှုပ်ရှားမှု ဖော်ပြချက်များ၊ လူမှုဆက်ဆံရေး၊ ဘာသာစကား စွမ်းရည်၊ တီထွင် ဖန်တီးမှု စသည့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုး တိုးတက်လာစေရန်။
  • ကလေးတို့အား ဂီတ သံစဉ် အခြေခံများနှင့် မိတ်ဆက်ပေးရန်။
  • ဂီတ၊ သံစဉ်၊ အသံ အမျိုးမျိုးတို့၏ မတူညီမှုကို ခွဲခြား ခံစားတတ်စေရန်။

 

သင်ကြားရမည့် အကြောင်းအရာ၊ နည်းလမ်းနှင့် အသုံးပြု ပစ္စည်းများ။

ကလေးငယ်များအား တေးကဗျာ များ၊ ဂီတ သံစဉ် လေးများကို ကိုယ်ဟန် အမူအရာ လှုပ်ရှားမှုများဖြင့် သင်ကြား ပေးရပါမည်။ ကလေးတို့သည် ဟန်အမူအရာဖြင့် တေးကဗျာများ သီဆိုနေရချိန်တွင် အလွန် ပျော်ရွှင် ကြပါသည်။ ကလေးတို့ကို သီဆိုစေသည့် တေးကဗျာများသည် ကလေးတို့နှင့် အလှမ်းဝေးသော အကြောင်းအရာများ မဖြစ်သင့်ပါ။

ကလေးတို့ လက်တွေ့ဘ၀တွင် လေ့လာတွေ့ထိနိုင်သော၊ နေ့စဉ် ဘ၀တွင် ကြုံတွေ့ရတတ်သော အကြောင်းအရာများသာ ဖြစ်သင့်ပါသည်။

စကားလုံး အသုံးအနှုန်းများမှာလည်း လွယ်ကူရိုးရှင်း၍ ရွတ်ဆိုကောင်းသော စကားလုံးများ ဖြစ်သင့် ပါသည်။ သံစဉ်မှာလည်း ကလေးတို့ အလွယ်တကူ ရွတ်ဆိုနိုင်သော သံစဉ်မျိုး ဖြစ်ရမည်။ ထိုသို့ တေးကဗျာလေးများကို သီဆိုခြင်းဖင့် ကလေးတို့သည် အသံနှင့် ပတ်သက်သော အာရုံခံစားမှု အားကောင်း လာနိုင်မည်။ ဆူညံသံနှင့် သာယာ နာပျော်ဖွယ် ဂီတသံ တို့ကို ခွဲခြား နားလည်လာနိုင်မည် ဖြစ်ပါသည်။

 

ဆေးခြယ်ခြင်း၊ ရုပ်ပုံ ရေးဆွဲခြင်း တို့အတွက် ကလေးများ အသုံးပြု၍ လွယ်ကူမည့် ပစ္စည်းများကို ရွေးချယ် ပေးသင့် ပါသည်။ ရောင်စုံ ခဲတံ၊ ဖယောင်း တောင့် ရောင်စုံ၊ ရောင်စုံ မြေဖြူ စသည်တို့ အပြင် ရေဆေးကို စုတ်တံဖြင့် ရေးဆွဲ ရသည်ကို လည်း ကလေးတို့ နှစ်သက်ကြပါသည်။

ထုထည်၏ သဘော သဘာဝကို ကလေးတို့ နားလည် စေရန် ပလပ်စတစ်တုံးများ၊ သစ်သား တုံးများ၊ ကစားစရာ ရွှံ့ ရောင်စုံများ၊ အဆိပ် အတောက် မဖြစ်စေ နိုင်သော အခြား ပစ္စည်းများကို အသုံးပြု၍ သင်ကြားပေး နိုင်ပါသည်။

ပြန်လည် အသုံးပြုနိုင်သော စွန့်ပစ်ပစ္စည်းများကို တီထွင် ဖန်တီးမှုများ ပြုလုပ်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို တနည်းတလမ်း အထောက်အကူ ဖြစ်စေပါသည်။ လွယ်ကူသော သာမန် စက္ကူဖြတ်ခြင်း၊ စက္ကူခေါက်ခြင်း၊ စက္ကူ ဖြတ်စလေးများကို စီခြင်း စသော နည်းလမ်းများဖြင့်လည်း ကလေးတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ဖွံ့ဖြိုးတိုးတက်မှုများကို ဖြစ်စေပါသည်။

မူလတန်းကြို ကျောင်းတိုင်းတွင် ကလေးတို့ စိတ်ကြိုက် အနုပညာ ဖန်တီးနိုင်ရန် လိုအပ်သော အခန်း နေရာ၊ ပစ္စည်း ကိရိယာများ၊ ကစားစရာများ ရှိနေသင့်ပါသည်။

 

မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်

ရသဗေဒကို သင်ကြားရာတွင် မူလတန်း အောက်ဆင့် (ပထမတန်းမှ တတိယတန်း) အထိ ပန်းချီ နှင့် ဂီတ ကိုသာ အခြေခံထားပါသည်။ ပန်းချီ နှင့် ဂီတ မှာ လူတို့၏ ဗီဇပါ အနုပညာရပ်များ ဖြစ်ပါသည်။ အခြေခံ အကျဆုံး အနုပညာရပ်များ ဖြစ်ပါသည်။ ပန်းချီနှင့် ဂီတကိုလည်း ခွဲခြား မထားဘဲ အနုပညာဘာသာရပ် တစ်ခုအနေဖြင့်သာ ဆက်စပ် သင်ကြား သင့်ပါသည်။

ရသဗေဒသည် အခြားဘာသာရပ်များ သင်ကြားရာတွင် ပေါင်းစပ်ယှက်နွယ်၍ သင်ကြားရမည့် ဘာသာရပ်တစ်ခု ဖြစ်ပေသည်။ ဘာသာစကား၊ ဂဏန်းသင်္ချာ၊ သဘာဝ ပတ်ဝန်းကျင် စသည့် အခြားသော ဘာသာရပ်များ သင်ကြားရာတွင် အနုပညာ လှုပ်ရှားမှုများကို အသုံးပြု ၍ ကလေးတို့၏ သင်ခန်းစာအပေါ် အာရုံ ၀င်စားမှုကို ဆွဲယူနိုင်ပါသည်။

မူလတန်း အထက်ဆင့် (စတုတ္ထတန်း မှ ဆဋ္ဌမတန်း) နှင့် အထက်တန်း အဆင့် (သတ္တမတန်း မှ ဒဿမတန်း) တွင်မူ အမြင်ဆိုင်ရာ အနုပညာ (ပန်းချီ၊ ပန်းပု စသည့် ပန်းဆယ်မျိုး) ဂီတ ဘာသာ၊ သရုပ်ပြ တင်ဆက်မှု၊ မီဒီယာ အနုပညာ၊ ဂရပ်ဖစ် ဒီဇိုင်း ပညာ၊ အိမ်တွင်း လက်မှု အနုပညာ စသဖြင့် ခွဲခြား သင်ကြားသင့်ပါသည်။

 

၁။ အမြင်ဆိုင်ရာ အနုပညာ (Visual Art) ဘာသာရပ်အတွက် သင်ရိုးညွှန်းတမ်း

.) မူလတန်း အထက်ဆင့် ( နှစ်မှ ၁၁ နှစ်စတုတ္ထတန်း - ဆဋ္ဌမတန်း)

အမြင်ဆိုင်ရာ အနုပညာ ဘာသာ၏ အခြေခံဖြစ်သော ပန်းချီကို အတန်းငယ်များတွင် အဓိက ဦးစားပေး လေ့လာသင့်ပါသည်။ ဤအဆင့်တွင် ကလေးများသည် ပိုမိုအဆင့်မြင့်သော ကိရိယာပစ္စည်းများကို ကိုင်တွယ် အသုံးပြုတတ်လာပြီ ဖြစ်သည်။ ထို့ကြောင့် ပိုမိုအဆင့်မြင့်သော နည်းပညာများကို လေ့လာ ရေးဆွဲ လေ့ကျင့် ပေးရပါမည်။

ရည်ရွယ်ချက်

  • စာသင်ခန်း သည် စာသင် သားများ အတွက် ငြီးငွေ့ဖွယ် မဖြစ်စေဘဲ ပျော်ရွှင်နှစ်သက်ဖွယ် သင်ယူလိုစိတ်ကို ဖြစ်ပေါ်စေရန်။
  • ကျောင်းသား လူငယ်တို့၏ လွတ်လပ်စွာ ထုတ်ဖော် တင်ပြမှုများနှင့် တီထွင်ဖန်တီး ဆန်းသစ်မှု များကို အားပေးရန်။
  • ကလေးတို့ အား မိမိတို့ နှင့် အနီးစပ် ဆုံး၊ ဒေသဆိုင်ရာ ရိုးရာ အနုပညာရပ်များ (ဥပမာ - ပန်းဆယ်မျိုး အပါအ၀င် လက်မှုပညာရပ်များ) ကို ရင်းနှီး ကျွမ်းဝင် မှု ရရှိစေရန်။
  • ကျောင်းသား လူငယ်တို့အား ရေးဆွဲနည်း အခြေခံ နှင့် ဒီဇိုင်း သဘောများကို သိစေရန်။
  • ပန်းချီ ဆွဲရာတွင် အသုံးပြုသော ကိရိယာ တန်ဆာ ပလာများ၏ အသုံးပြုပုံနှင့် အမျိုးမျိုးသော နည်းလမ်းများကို အခြေခံအဆင့် အသုံးပြုတတ်စေရန်။
  • ကျောင်းသား လူငယ် များအား အနုပညာကို ခံစား တတ်စေရန် နှင့် အလှတရားကို နှစ်သက် မြတ်နိုး တန်ဘိုးထားတတ်စေရန် မိတ်ဆက် သင်ကြားပေးရန်။
  • လုပ်ငန်း သေးငယ်သည် ဖြစ်စေ ကြီးမားသည် ဖြစ်စေ လုပ်ငန်းဆောင်တာများကို အတူတကွ စုပေါင်း လုပ်တတ်စေရန်။
  • ကလေးတို့အား မတူကွဲပြားသော ယဉ်ကျေးမှု များကို နားလည် တန်ဘိုး ထားတတ်စေရန်၊ မိမိလူမျိုးတို့၏ အမျိုးမျိုးသော ရိုးရာအနုပညာရပ်များကို ဖော်ထုတ် ထိန်းသိမ်းပေးရန်နှင့် လက်ဆင့်ကမ်းပေးရန်။

သင်ကြားရမည့် အကြောင်းအရာ နည်းလမ်းနှင့် အသုံးပြုပစ္စည်းများ။

ပထမတန်း နှင့် ဒုတိယတန်းတွင် ကလေးတို့အား သိမ်မွေ့စွာ လမ်းညွှန် သင်ကြားပေးသင့်သည်။ အရောင်နှင့် ပုံသဏ္ဌာန် တို့ အကြောင်းကို သိရုံမျှသာ အနည်းငယ် သင်ကြားပေးပြီး ကလေးတို့၏ အနုပညာ ဘာသာရပ် သင်ကြားချိန် အများစုကို မိမိတို့နှစ်သက်ရာ ပစ္စည်းများဖြင့် မိမိတို့၏ ၀န်းကျင်တွင် လေ့လာ မြင်တွေ့ မိသည်တို့ကို စိတ်တိုင်းကျ ရေးဆွဲဖော်ပြခွင့် ပြုသင့်ပါသည်။

မူလတန်း အငယ်ဆင့်တွင် နည်းစနစ်၊ စည်းမျဉ်း စည်းကမ်း ရေးဆွဲနည်းများကို သင်ပြပေးရန် မလိုသေး ပဲ၊ နည်းလမ်းများသည် ကလေး တို့၏ ဖော်ထုတ် ပြသလိုမှုကို အဟန့်အတား မဖြစ်စေသင့်ပါ။ အနုပညာ ဘာသာရပ်ကို သင်ပြပေးသူ ဆရာအနေဖြင့် ကလေးတို့အား ပြောသင့်သည်မှာ မိမိတို့ မိသားစု၊ လက်တွေ့ ပတ်ဝန်းကျင်တွင် မြင်တွေ့နေရသော အကြောင်းအရာများနှင့် သဘာဝပတ်ဝန်းကျင် လောကကြီးကို စိတ်ဝင်စား ကြည့်မြင် လေ့လာတတ်စေရန်သာ ဖြစ်ပါသည်။

ထိုသိမြင်မှုများကို မိမိတို့ ကိုယ်ပိုင် စိတ်ကူး စိတ်သန်းများအရ အရောင်အသွေး၊ ဖွဲ့စည်းမှုတို့ဖြင့် မိမိတို့ နှစ်သက်ရာ အကြောင်းအရာကို နှစ်သက်သလို ဖော်ပြတတ်စေရန် အားပေး တိုက်တွန်းသင့်ပါသည်။

တတိယ တန်းမှာ အထက် အဆင့်တွင်မူ၊ ကျောင်းသား သူငယ် တို့အား သူတို့၏ နေ့စဉ် ဘ၀ နှင့် ဆက်စပ် နေသည့် ရိုးရှင်း လွယ်ကူ သော ခေါင်းစဉ် လေးများ ပေး၍ ရေးဆွဲ လေ့ကျင့် စေသင့် ပါသည်။ အရောင်၊ ဒီဇိုင်း၊ အကြမ်း အချော၊ လိုင်း၊ အနုအရင့်၊ အလင်း အမှောင်၊ အနီးအဝေး၊ ပုံသဏ္ဌာန်၊ စသည့် သဘောတရား များကို နားလည် သိရှိအောင် သင်ပြ ပေးသင့် ပါသည်။

ထို သဘောတရားများကိုပင် အတန်းကြီးများတွင် ပိုမို နည်းစနစ်တကျ အနုစိတ်အဆင့် သင်ကြားပေးသင့် ပါသည်။ ခဲတံ၊ ဖယောင်းတောင့်၊ မြေဖြူ၊ ပိုစတာဆေး၊ ရေဆေး ရောင်စုံ စသည် များဖြင့် စုတ်တံ၊ မင်တံ၊ မင် တို့ကို အသုံးပြု ရေးဆွဲနည်းများ၊ ဖြတ်ညှပ်ကပ် ဆက်နည်းများ၊ ကွန်ပျူတာ ပညာဖြင့် ဆွဲနည်းများ စသည် တို့ကို လေ့လာ သင်ကြား စေသင့်သည်။ ပုံရေးဆွဲရန် သင့်တော်သော စက္ကူ အရွယ်အစား၊ အမျိုးအစားတို့ကိုလည်း နားလည် အသုံးပြု စေသင့် သည်။

အုပ်စု ကြီးငယ် ဖွဲ့၍ စုပေါင်း လုပ်ဆောင်မှုမျိုးကိုလည်း လေ့ကျင့် ပေးသင့်သည်။ ကလေးတို့အား မိမိတို့ အလုပ် လုပ်သော နေရာ၊ ပစ္စည်း ကိရိယာများကို ထိန်းသိမ်းတတ်စေရန်၊ သန့်သန့် ရှင်းရှင်း စနစ်တကျ ထားသို တတ်စေရန် လမ်းညွှန်ပေးရမည်။

မူလတန်းအဆင့်တွင် အမြင်ဆိုင်ရာ အနုပညာ ဘာသာတွင် ပုံဆွဲခြင်း၊ ဆေးခြယ်ခြင်း၊ ဖြတ်စ ညှပ်စ များဖြင့် ပုံဖော်ခြင်း၊ ရွှံ့ တုံးဖြင့် ရုပ်တု ပြုလုပ်ခြင်း၊ ရုပ်သေးရုပ် ကလေးများ လုပ်ခြင်း၊ စသည်တို့ကို သင်ကြားပေးသင့်ပါသည်။

ထို အနုပညာရပ်တို့ နှင့် ပတ်သက်သော အခြေခံ ယူဆချက် သဘောတရားနှင့် နည်းနာများကို သိစေသင့် ပါသည်။ အခြေခံ သဘောတရားများကို ထပ်ဆင့် တီထွင်၍ ပေါ်ထွက်လာသော ကလေးတို့၏ လွတ်လပ်စွာ ဖန်တီးမှုများကို အားပေးသင့်ပါသည်။

ရှေးခေတ်က ပညာရှင်ကြီးများနှင့် ယနေ့ခေတ် ထင်ရှားသူ ပညာရှင်များ၏ လုပ်ဆောင်ချက်များ၊ အတ္ထုပတ္တိ များကို ကလေးများအား ဗဟုသုတပေးသင့်သည်။ နီးစပ်ရာ အနုပညာလုပ်ငန်းများ ရှိရာသို့ ခေါ်သွား ပြသ ပေးသင့် ပါသည်။ ဒေသတွင်း ရှိ ပြပွဲများ၊ ပြတိုက်များ၊ အထိမ်း အမှတ် ရုပ်တုများ၊ ပွဲတော်များ စသည် တို့ကိုလည်း သွားရောက် လေ့လာစေသင့်ပါသည်။

ထိုနေရာ ဒေသများမှ ကျောင်းသား လူငယ်များအား ဒေသဆိုင်ရာ သမိုင်းကြောင်းကိုဖြစ်စေ၊ ရိုးရာ ယဉ်ကျေးမှု အနုပညာများကို ဖြစ်စေ၊ မိမိတို့၏ လူမှုဘ၀ကို ဖြစ်စေ လေ့လာနိုင်သော အခွင့်အရေးများစွာ ရရှိ စေပါသည်။ ထိုလေ့လာရေးခရီးမှရသော အတွေ့အကြုံများကို ကျောင်းစာအုပ် အတွင်းရှိ သင်ခန်းစာ များနှင့် ဆက်စပ် တွေးခေါ်တတ်လာစေရန်လည်း ဆရာများမှ သင်ပြပေးရန် လိုပါသည်။

 

.) အထက်တန်းအဆင့် (၁၂ နှစ် - ၁၅ နှစ်သတ္တမတန်း - ဒဿမတန်း)

ဤအဆင့်တွင် ကျောင်းသားများသည် အမြင်ဆိုင်ရာ အနုပညာ ဘာသာရပ်များမှ မိမိတို့ နှစ်သက်ရာ အထူးပြု ဘာသာကို ဦးစားပေး လေ့လာသင့်ပါသည်။

ရည်ရွယ်ချက်

  • မူလတန်း အဆင့်တွင် သင်ခဲ့သည် များကို ထပ်မံ မွမ်းမံ သင်ကြားပေးရန်
  • ကျေးလက် ရိုးရာ လက်မှု အနုပညာများ၊ ဒေသ ဆိုင်ရာ ဓလေ့ ထုံးစံ ယဉ်ကျေးမှု များ၊ မတူ ကွဲပြား သော တိုင်းရင်းသား တို့၏ အနုပညာ များ၊ ထိန်းသိမ်း ဖွယ်ရာ ရှေးဟောင်း အမွေ အနှစ် အနုပညာရပ်များကို နားလည် မြတ်နိုး တန်ဘိုး ထားတတ်စေရန်
  • အနုပညာရပ် တို့ နှင့် ပတ်သက်သော နည်းလမ်းများ၊ သဘောတရားများ၊ အသုံးပြုသော ကိရိယာများ၊ စသည်တို့ကို ဆန်းသစ် တီထွင်၍ အတွေးအမြင် အသစ်၊ တင်ပြပုံ အသစ်များ ဖွံ့ဖြိုးလာစေရန်၊ ရှုထောင့် အမျိုးမျိုးမှ မြင်တတ် တွေးတတ်စေရန်

သင်ကြားမည့် အကြောင်းအရာ၊ နည်းလမ်းနှင့် အသုံးပြု ပစ္စည်းများ။

-      ရေးဆွဲခြင်း နှင့် ဆေးခြယ်ခြင်း

အဆင့် တွင် ကျောင်းသား တို့၏ ပန်းချီ ဆိုင်ရာ နီးဝေးမြင် အသိ၊ အချိုးအစား၊ အရွယ်၊ အတိမ် အနက်၊ အလင်းအမှောင်၊ အချိန် ရာသီ တို့နှင့် ဆိုင်သော သဘာဝများ၊ ခံစားချက် များကို နည်း စနစ်တကျ လေ့လာ သင်ကြားပြီး ရေးခြယ် တတ်စေရန် လေ့ကျင့် ပေးရန်မှာ အဓိကအချက် ဖြစ်ပါသည်။

လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် အချိုးအစား များ အကြောင်း၊ ဒေသ ဆိုင်ရာ နှင့် ရိုးရာ အလိုက် အနုပညာ ကိုယ်ပိုင်ဟန် များ အကြောင်း၊ ရှေးခေတ် လက်ရာများရှိ နီးဝေး မြင် သဘော တရား များ၊ စသည်တို့ကို ဗဟု သုတ သင်ကြား ပြသ ပေးသင့်ပါသည်။ ( အဋ္ဌမတန်း အဆင့် လောက် တွင် သင်ကြားသင့်ပါသည်။)

ကျောင်းသားတို့အား တီထွင် ဖန်တီးမှု ကို အားပေးသည့် လုပ်ငန်း ဆောင်ရွက်ချက် (ပရော့ဂျက်) များကို အတန်းတွင်း အုပ်စုလိုက် ဖြစ်စေ၊ ကျောင်းတွင်း အုပ်စု လိုက် ဖြစ်စေ လုပ်စေ သင့် သည်။ လေ့လာရေး ခရီးများ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရှိ အနုပညာရှင် များနှင့် ဆက်သွယ် တွေ့ဆုံမှုများ၊ စသည် တို့ကို ပြုလုပ် ပေးသင့်ပါသည်။

နိုင်ငံတော်၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ ခေတ်အလိုက် အနုပညာ ထွန်းကား ပြန့်ပွားမှုများ၊ စသည်တို့ အပြင် လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းကြောင်း၊ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ၊ နိုင်ငံသားတို့ ခံယူရမည့် သဘောထား၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် အခြား ဘာသာရပ်များနှင့် ဆက်စပ်နေသော အကြောင်းအရာများကိုလည်း ခေါင်းစဉ်ပေး၍ ရေးဆွဲခြင်း၊ ပရော့ဂျက် လုပ်ငန်းများ လုပ်စေသင့်သည်။

အထက်တန်း အောက်ဆင့်တွင် ခဲပန်းချီ၊ ရေဆေး၊ မင်၊ ဆီဆေး၊ အစရှိသည့် ရေးဆွဲ နည်းများမှ အနည်းဆုံး သုံးမျိုးခန့် ကို ရေးဆွဲ တတ်အောင် သင်ကြား လေ့ကျင့် ပေးသင့်ပါသည်။

-      ရုပ်တု ပြုလုပ်ခြင်း

ပလာစတာ ရုပ်ကလေးများ၊ ရွှံ့ရုပ် ပုံစံဖော်ခြင်းများ၊ စက္ကူ ပျော့ဖတ်ဖြင့် (စက္ကူခေါင်းပွ) အရုပ် လုပ်ခြင်း များ၊ မြေထည်များ ပြုလုပ်ခြင်း စသော လက်မှုပညာများကို သင်ကြားပေး သင့်ပါသည်။ ကျောင်းသား တို့အား ကျောင်း စသည်တို့တွင် အသုံးဝင်မည့် လူ့ အသုံးအဆောင် ပစ္စည်းများ ပြုလုပ်ခြင်းကို အားပေးသင့် ပါသည်။

စာတွေ့သဘောတရား

အထက်တန်း အဆင့်တွင် လက်တွေ့လုပ်ငန်းများနှင့် အတူ အနုပညာဆိုင်ရာ သဘော တရား များကို လည်း ပူးတွဲ သင်ကြား ပေးသင့်ပါသည်။ ခေတ်ပြိုင် ပန်းချီ ပန်းပု အနုပညာ တို့၏ သဘောတရားများကို သိသင့်သလို ခေတ် အဆက်ဆက် တိုးတက် တီထွင် ခဲ့ကြသော ပိသုကာ လက်ရာ များကိုလည်း လေ့လာ စေသင့် သည်။ အနုပညာ လက်ရာ များ ဖြတ်သန်းခဲ့ရာ သမိုင်း ကြောင်း အကျဉ်းကို လည်း သိစေသင့်ပါ သည်။

အနုပညာရှင်များ၏ အတ္တုပတ္တိ တို့ကိုလည်း လက်လှမ်းမီသရွေ့ ကျောင်းသားတို့ စိတ်ဝင်စားသော သူများ အကြောင်းကို အလေးပေး၍ လေ့လာစေသင့်ပါသည်။ ခေတ်အလိုက် အချိန်ကာလ ရွေ့လျားမှု၊ နေရာ ဒေသ ရွေ့လျားမှုအရ အနုပညာများ ယှက်နွယ် ပြောင်းလဲ လာသော ပုံစံများ နှင့် မိမိတို့ တီထွင် ဖန်တီးမှု များကို နှိုင်းယှဉ် သုံးသပ်တတ်အောင် သင်ပြပေးသင့် ပါသည်။ အနုပညာ ပြခန်းများ၊ ပြတိုက်များ၊ အလုပ်ရုံ များသို့ သွားရောက် လည်ပတ် လေ့လာမှုများ လည်း ရှိစေသင့်ပါသည်။

.) အထက်တန်းအထက်ဆင့်

အသက် (၁၆ -၁၇) ဧက ဒဿမတန်း နှင့် ဒွာဒဿမတန်း အဆင့်တွင် ရသဗေဒ ကို မသင်မနေရ အဖြစ် မဟုတ်ဘဲ၊ စိတ်ကြိုက် ရွေးချယ် ခွင့်ရှိသော ဘာသာရပ် တစ်ခု အနေဖြင့် ပြဌာန်း သင့်ပါသည်။ ဤ အဆင့်တွင် ကျောင်း အလိုက်၊ မိမိတို့ ဒေသ အလိုက် ရနိုင်ချေ ရှိသော ဆရာ၊ ပစ္စည်း ကိရိယာ ပေါ် မူတည်ကာ ပန်းချီ ပန်းပု စသော ပန်းဆယ်မျိုး ပညာရပ်များ နှင့် အိမ်တွင်း လက်မှု၊ ကွန်ပျူတာ ဂရပ်ဖစ် စသော သင့်တော်သော အတတ် ပညာများကို အသက်မွေးဝမ်းကြောင်းနိုင်သည့် အဆင့်အထိ သင်ကြား ပေးသင့်ပါသည်။

စာတွေ့ ၃၀ % ခန့်နှင့် လက်တွေ့ ၇၀% ခန့် အချိုးအစားချ သင်ကြားသင့်သည်။ စာတွေ့တွင် မိမိတို့ သင်ယူသော ပညာ၏ သမိုင်းကြောင်းနှင့် ထိုပညာရပ် များကို တန်ဖိုးထား လေးစား မြတ်နိုး တတ်စေရန် များ သင်ရိုးတွင် ပါဝင်သင့်ပါ သည်။

ရည်ရွယ်ချက်

၁၁ တန်း ၁၂ တန်း အဆင့်တွင် ပညာရေး၏ ရည်ရွယ်ချက်မှာ အသက်မွေး ၀မ်းကြောင်းနိုင်သော ပညာရပ်များ ပေးနိုင်ရန် ဖြစ်သည်။ ရသ ဗေဒ သင်ကြားရာတွင် လည်း ငယ်စဉ်ကကဲ့သို့ တီထွင် ဖန်တီးလိုမှု၊ တင်ဆက် လိုစိတ် ဖွံ့ ဖြိုးစေရေး တို့ကို ကျော်လွန်၍ ပညာရပ်နှင့် ဆိုင်သော စည်းကမ်း နည်းလမ်းများကို လေ့လာ သင်ယူရန် ဖြစ်သည်။

  • မူလရှိ ပြီးသား ကျွမ်းကျင်မှုကို ပိုမို ထူးချွန် ပြောင်မြောက်လာစေရန်။
  • အသက် မွေးဝမ်း ကြောင်းနိုင် လောက်သော ပညာရှင် အဆင့် အထိ လေ့ကျင့်ပေးရန်။
  • ဒီဇိုင်း ပညာနှင့် ပတ်သက်သော အမြင်များ ပိုမို ဖွံ့ဖြိုးလာစေရန်
  • ကျောင်းသားတို့ ၏ မိမိ အားသန်ရာ အနုပညာ ဖန်တီးမှု၊ ကိုယ်ပိုင်ဟန် ပေါ်ထွက် လာစေရန် ကူညီပေးရန်။
  • မြန်မာနှင့် ကမ္ဘာ ရှိ အနုပညာ လက်ရာများကို လေ့လာ နိုင်စေရန်
  • မိမိ ၀ါသနာ ပါရာကို သင်ကြား လေ့ကျင့် နေရခြင်းဖြင့် ပျော်ရွှင်ဖွယ် စာသင်ခန်းများ ဖြစ်စေရန်

သင်ကြားရမည့် အကြောင်းအရာ၊ နည်းလမ်းနှင့် အသုံးပြု ပစ္စည်းများ။

ကျောင်းသားတို့ ကိုယ်ပိုင် အားထုတ်မှုကို ပိုမို ဦးစားပေး ရမည်။ ကျောင်းသားတို့ နှစ်သက်ရာ စုဆောင်း ထားသော လက်ရာများ၊ လေ့လာမှု များ မှ ထွက်ပေါ် လာသော ကိုယ်ပိုင် အတွေး စိတ်ကူး လက်ရာများကို ပြပွဲများ၊ ပြုလုပ်ပေးကာ ပရိသတ်နှင့် မိတ်ဆက် ပေးရပါမည်။ နည်းလမ်း အသစ်များ၊ ပစ္စည်း ကိရိယာ အသစ်များ၊ ကမ္ဘာ တလွှား ခေတ်စား နေသော အနုပညာ လက်ရာ သစ် များ ကို လေ့လာ စေ၍ မိမိ တို့၏ ရိုးရာ ရေးဆွဲ နည်းများ ကိုလည်း ပြည့်စုံစွာ နားလည် စေ၍ အသစ် တီထွင် ဖန်တီးမှုများ ဖြစ်ပေါ် စေရပါမည်။

 

၂။ ဂီတ (Music) သင်ရိုး ညွှန်းတမ်း

.) မူလတန်း အထက်ဆင့် ( နှစ်မှ ၁၁ နှစ်) (စတုတ္ထတန်း - ဆဋ္ဌမတန်း)

ရည်ရွယ်ချက်

  • ပျော်ရွှင်ဖွယ် စာသင်ခန်းများ ဖြစ်လာစေရန်။
  • ကလေးတို့သည် သံစဉ်များ၏ စည်းချက်ညီမှုကို မိမိတို့ ရင်ခုန်သံ အသက်ရှုသံ တို့ကို လေ့လာနိုင်သည့် အပြင် ပြင်ပမှ စည်းချက်ညီ သံစဉ်များကို လည်း လေ့လာ သတိပြု မိ စေရန်။
  • အမျိုးမျိုးသော သံစဉ် စာသားတို့၏ သိမှတ်ဖွယ်ရာ ဗဟုသုတများနှင့် နှစ်သက် ခံစားတတ်သော စိတ် ဖွံ့ဖြိုးတိုးတက်လာစေရန်။
  • အသံ အနေအထား အမျိုးမျိုးနှင့် ဂီတ တူရိယာ အမျိုးမျိုးတို့၏ ပုံသဏ္ဌာန်၊ ဟန် အမျိုးမျိုး ကို ခွဲခြမ်း စိတ်ဖြာ ကျွမ်းဝင် တတ်စေရန်။
  • ကျောင်းသား လူငယ် များသည် ရိုးရာ ဂီတ တို့၏ တန်ဖိုး ကိုလည်း အသိအမှတ် ပြု၍ မတူညီသော သဘောကို လည်း ခွဲခြား နားလည် တတ်စေရန်။

သင်ကြား ရမည့် အကြောင်းအရာ နှင့် သင်နည်း

ကလေးတို့အား ကမ္ဘာသုံး ဂီတ သင်္ကေတ ကို ဖတ်တတ် စေရန် သင်ကြား ပေးသင့်သည်။ ဒို ရေ မီ ဖာ သံစဉ်များ ကို ခွဲခြား တတ်၊ နားထောင်တတ်၊ သီဆိုတတ် စေရန် သင်ကြားပေး ရမည်။ အခြေခံ စည်းဝါးကို နားလည်အောင် သင်ကြားပေးသင့်ပါသည်။

ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် စသည့် တူရိယာ အမျိုး အစား များကို ခွဲခြား နားလည် ခံစား နိုင်စေရန် လေ့ကျင့် ပေး ရမည်။ မြန်မာ တူရိယာ ၀ိုင်းများတွင် ပါဝင်သော အခြေခံပစ္စည်းများကို သိစေရန်၊ အသံကို ခွဲခြား နားထောင် တတ်စေရန်၊ တီးမှုတ် တတ်စေရန် သင်ကြားပေးရပါမည်။

ကျောင်းသားတို့ကို နိုင်ငံတော် သီချင်း၊ မိမိတို့ ရိုးရာ ဒေသဆိုင်ရာ တေးသီချင်းများ၊ လွယ်ကူသော ဂီတ သံစဉ်များကို သင်ကြားပေးသင့်ပါသည်။ သံပြိုင်သီဆိုရသော တေးစာသားများကို လှုပ်ရှားမှုများဖြင့် သီဆို ရလျှင် စာသင်သားတို့သည် ပျော်ရွှင်မှု၊ လန်းဆန်းမှု စိတ် ခွန်အား တက်ကြွမှု တို့ကို ဖြစ်စေပါသည်။

မတူညီသော သံစဉ်တို့ကို လက်တွေ့ လေ့လာမှုအဖြစ် ကိရိယာ မပါဘဲ၊ မိမိတို့ ကိုယ်တိုင် ပြုလုပ်သော လက်ခုပ်သံ၊ လေချွန်သံ၊ ခြေထောက်ဖြင့် စည်းချက် ၀ါးချက် နင်းသံ၊ စသည် တို့ကို လေ့ကျင့် ပေးနိုင် ပါသည်။ ပတ်ဝန်းကျင် တွင် အလွယ်တကူ ရနိုင်သော ကြိုး၊ သစ်ရွက်၊ စည်၊ စသည် တို့ဖြင့် လည်း အသံ တို့၏ ကွဲပြား ခြားနား မှုကို လေ့လာနိုင်ရန် အားပေး လုပ်ဆောင်သင့်ပါ သည်။

စတုတ္ထတန်း နှင့် ပဉ္စမတန်း အဆင့်တွင် အသံပေါက်၊ အသံ အနိမ့် အမြင့်၊ အသံ အတိုး အကျယ်၊ အသံ ဂုဏ်၊ အသံ အ၀င် အထွက် အဆွဲ အငင် စသည် တို့ကို သင်ကြား ပေးသင့်ပါသည်။ တိုင်းရင်းသား တို့၏ တေးများ၊ ကျေးလက် တေးများ၊ ၁၂ လ ရာသီ ပွဲတော် တေးများ၊ စသည် တို့ကို ရှာဖွေ သင်ကြား ပေးသင့် ပါသည်။

အဆင့်တွင် ဆရာများ အနေဖြင့် ကလေး တို့အား မိမိတို့ သဘာဝ ပတ်ဝန်းကျင် အကြောင်း၊ နီးစပ်ရာ လူမှု ဘ၀များ အကြောင်း နေ့စဉ် မြင်တွေ့ ရသော အကြောင်း အရာ များကို အခြေခံ သည့် လွယ်ကူသော တေး သီချင်း သံစဉ်များကို လေ့ကျင့် ရေးစပ် စေသင့်ပါသည်။ မိမိ တို့ ရိုးရာ ဘာသာ စကားဖြင့် ဖြစ်စေ အခြား ဘာသာ စကားဖြင့် ဖြစ်စေ နှစ်သက်ရာ စပ်ဆို သီကုံးမှု ကို အားပေး သင့်ပါသည်။ လှုပ်ရှားမှု အနေဖြင့် ကျောင်းတွင်း ဒိုးပတ်ဝိုင်းအိုးစည်ဝိုင်းများ အတန်းလိုက် ဖျော်ဖြေ တင်ဆက်မှု များ ပြုလုပ် ပေးသင့်ပါသည်။

 

.) အထက်တန်း အောက်ဆင့် (၁၂ နှစ်-၁၅ နှစ်) (သတ္တမတန်း - ဒဿမတန်း)

ရည်ရွယ်ချက်

  • ကမ္ဘာ့ ဂီတ၊ မြန်မာ့ ဂီတ၊ ဒေသ အလိုက် ရိုးရာ ဂီတ၊ စသည့် ဂီတ အမျိုး အစား များအပေါ် ခွဲခြား နားလည်၊ အမြင် ကျယ်ကျယ် ဖြင့် ခံစားတတ်စေရန်။
  • ဂီတ နှင့် နေ့စဉ် လူမှု ဘ၀ ဆက်နွယ် ပတ်သက် နေခြင်းကို အလေး အနက် ထား လက်ခံ တတ်စေရန်။
  • တီထွင် ဖန်တီးနိုင်မှု စွမ်းရည်နှင့် စဉ်းစား တွေးခေါ်မှု စွမ်းရည် ဖွံ့ဖြိုး လာစေရန်။
  • ဂီတ ချစ်စိတ် အခြေခံကာ တစ်ဦးချင်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ တင်ဆက် ပြသမှု ဖွံ့ဖြိုး လာစေရန်။

သင်ကြားရမည့် အကြောင်းအရာနှင့် သင်နည်း။

အခြေခံ ပိုင်နိုင်စေရန် လေ့ကျင့်၍ အဆင့်မြင့်လာသော ကိုယ်ပိုင် ဖန်တီးမှုများ၊ လုပ်တတ် လာစေရန် လေ့ကျင့် သင်ကြား ပေး ရမည်။ ဂီတ သဘော တရား သီအိုရီများကို သင်ကြား ပေးသင့် ပါသည်။ ဂီတ ပညာရှင် များ၏ အတ္ထုပ္ပတ္တိများ၊ ကမ္ဘာ့ ဂီတ သမိုင်းကြောင်းများ၊ ရိုးရာ ဂီတ သမိုင်းကြောင်း များ၊ စသည် တို့ကို လေ့လာမှု များ ပြုသင့်သည်။ ဂီတ တူရိယာများ ပြုလုပ် ထားသော ပစ္စည်း ကိရိယာ များကို လေ့လာ စေသင့် သည်။ ဂီတ အဖွဲ့ များ ဖွဲ့၍ လေ့ကျင့် မှုများ ပြုလုပ် ပေးသင့်ပါသည်။ မိမိတို့ ကိုယ်ပိုင် ကျောင်း သီချင်းများ အတန်း သီချင်းများ စသည်ဖြင့် ရေးဖွဲ့ စပ်ဆို လေ့ကျင့်မှု များလည်း ပြုလုပ် ပေးသင့်ပါသည်။

 

.) အထက်တန်းအထက်ဆင့် (၁၆ နှစ် - ၁၇ နှစ်) (ဧက ဒဿမတန်း - ဒွာဒဿမတန်း)

ဤ အဆင့်တွင် မသင်မနေရ မဟုတ်ဘဲ အထူးပြု စိတ်ကြိုက် ဘာသာ အဖြစ် ထားသင့်သည်။ နှစ်သက်ရာ တူရိယာကို ပညာရှင်အဆင့် တီးခတ် နိုင်သည်အထိ သင်ကြားပေးသင့်ပါသည်။

 

၃။ သရုပ်ပြ တင်ဆက်မှု အနုပညာဘာသာရပ် (Performance Art) အတွက် သင်ရိုး ညွှန်းတမ်း (အက၊ ပြဇာတ်၊ ရုပ်သေး၊ ရုပ်ငြိမ် ပြသမှု)

ပန်းချီဂီတ စသည့် အနုပညာများ ကဲ့သို့ပင် အခြေခံမှ စ၍ အတန်း အဆင့်အလိုက် ကျွမ်းကျင်သူ ပညာရှင်များနှင့် တိုင်ပင်၍ သင်ရိုး ညွှန်းတမ်း ရေးဆွဲသင့်ပါသည်။ အခါအားလျော်စွာ ဖျော်ဖြေ တင်ဆက် ပြသမှုများ ပြုလုပ် စေသင့်ပါသည်။

ရည်ရွယ်ချက်

  • ကလေး တို့သည် မိမိတို့ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံ၊ လှုပ်ရှားပုံ၊ ကိုယ်အင်္ဂါ အစိတ် အပိုင်း များ၏ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်မှု တို့ကို နားလည် လာနိုင် စေရန်။
  • ဆက်စပ် ယှက်နွယ်နေသော ပုံစံ အမျိုးမျိုးသော အနုပညာရပ်များကို နားလည် ခံစားတတ် လာစေရန်။
  • ကမ္ဘာ့ အက၊ မြန်မာ့ အက၊ ဒေသ အလိုက် ရိုးရာ အက၊ စသည် တို့ကို ခွဲခြား နားလည်၊ လက်ခံ မြတ်နိုး တတ်စေရန်။
  • အနုပညာနှင့် နေ့စဉ် လူမှု ဘ၀ ဆက်နွယ် ပတ်သက်နေခြင်းကို၊ အလေး အနက်ထား စဉ်းစား နိုင်စေရန်။
  • တီထွင် ဖန်တီးနိုင်မှု စွမ်းရည် နှင့် စဉ်းစား တွေးခေါ်မှု စွမ်းရည် ဖွံ့ဖြိုး လာစေရန်။
  • တစ်ဦးချင်း ဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ တင်ဆက် ပြသမှုကို အားပေးရန်။
  • ပူးပေါင်း ဆောင်ရွက်တတ်သော စိတ်ကို လေ့ကျင့်ပေးရန်။

သင်ကြားရမည့် အကြောင်းအရာနှင့် သင်နည်း။

ကလေးတို့ အား ခေါင်း ခါး ခြေ လက် အက အခြေခံများကို လေ့ကျင့်ပေးရမည်။ မြန်မာ့ ရိုးရာ အကများ ဖြစ်သော သူငယ်တော် အက၊ အိုးစည် အက၊ ဒိုးပတ် အက၊ ဦးရွှေရိုး အက၊ စသည့် အကများကို ဖြစ်ပေါ်လာပုံ အသုံးပြုသည့် နေရာ၊ အခမ်းအနား စသည်ဖြင့် စာတွေ့ လက်တွေ့ သင်ကြား ပေးသင့် ပါသည်။

ရိုးရ ပွဲလမ်းများတွင် ကသော သင်္ကြန် အက၊ ကောက်သစ်စား အက၊ ထောင်ကာ အက၊ ဒုံး အက စသည့် တိုင်းရင်းသား အကများကိုလည်း ၀တ်စား ဆင်ယင်ပုံများနှင့် တကွ ကလေးတို့ သိနားလည် စေရန်၊ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်း တတ်စေရန် သင်ပြ ပေးသင့် ပါသည်။ မြန်မာ့ ရုပ်သေးအက၊ နိုင်ငံ တကာရှိ ရုပ်သေး အကများကိုလည်း ဗဟုသုတ ဖြစ်ဖွယ် သိမြင် တန်ဘိုးထားတတ် လာစေရပါမည်။

ပုံပြင် ဇာတ်လမ်းများတွင် ပါဝင်တင်ဆက်မှုများ ပြုလုပ်ခြင်းဖြင့် သရုပ်ဆောင် အတတ်ပညာ၊ အသံနေ အသံထား၊ ကိုယ်နေဟန်ထား စသည်တို့ကို လေ့ကျင့် ကျွမ်းဝင်စေပါသည်။ စုပေါင်း လုပ်ဆောင်ရသော ပြဇာတ် တင်ဆက်မှုများ၊ ယိမ်းအက များဖြင့် စုပေါင်း ဆောင်ရွက် တတ်သော အလေ့အကျင့် ကောင်းများ ကို ဖြစ်စေ ပါသည်။

 

၎။ လူထု ဆက်သွယ်ရေး ဆိုင်ရာ အနုပညာ (Media Art) ဘာသာအတွက် သင်ရိုးညွှန်းတမ်း (ရေဒီယို၊ ရုပ်မြင် သံကြား၊ ရုပ်ရှင်၊ ဓါတ်ပုံ၊ သတင်းစာ စသည်)

ရည်ရွယ်ချက်

  • လူထု ဆက်သွယ်ရေး ပညာ အရေးကြီးပုံ ကို သိနားလည်စေရန်
  • အနုပညာ မြောက်စွာ အသိပညာ ဖြန့်ဖြူး နိုင်မှု တိုးတက်စေရန်

သင်ကြားရမည့် အကြောင်းအရာ နှင့် သင်နည်း။

ကျောင်းသား သူငယ်တို့ အား ရေဒီယို အစီအစဉ်များ၊ ကျောင်းတွင်း သတင်းစာ ထုတ်ဝေမှုများ၊ အတန်းတွင်း ရုပ်မြင်သံကြား ထုတ်လွှင့် သရုပ်ဆောင်မှုများ၊ စသည့်ဖြင့် ပျော်ရွှင်ဖွယ်ရာ နှိုးကြား တက်ကြွ သော စာသင်ခန်းများ အသွင် ဖော်ဆောင်နိုင် ပါသည်။ ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်အောင် လေ့ကျင့် ပျိုးထောင် ပေးနိုင်ပါသည်။

ရုပ်ရှင် ကားများကို သာမာန် ကြည့်ရှု တတ်ရုံ မျိုး သာ မက အနုပညာမြောက် ခံစားကြည့် ရှု တတ်စေရန် လေ့ကျင့် ပေးသင့် သည်။ စုပေါင်း ရုပ်ရှင် ကြည့်ခြင်း အသိ အမြင် ဝေဘန်ချက် များကို ဖလှယ်ခြင်း စသည့် နည်းလမ်း များဖြင့် ဆောင်ရွက် နိုင်ပါ သည်။ ဓါတ်ပုံ ပြပွဲများ ပြုလုပ် ပေးသင့်သည်။

ပြင်ပလေ့လာရေးခရီးထွက်ကာ အသိအမြင် အတွေ့အကြုံများ၊ သတင်းများကို ပြန်လည် ဟောပြော စေခြင်း၊ ရေးသား ထုတ်ဝေခြင်း၊ စသည့် လူထု ဆက်သွယ်ရေး နည်းလမ်းများကို လေ့ကျင့် သင်ကြားပေး နိုင်ပါသည်။

 

အနုရသ ဘာသာရပ် (ရသဗေဒ) အတွက် အသုံးပြုသင့်သော အချိန် အတိုင်းအတာ။

မူလတန်းကြို အဆင့်

မူလတန်း အကြို အဆင့်နှင့် မူလတန်း အောက်ဆင့် များတွင် အနုရသ ဘာသာရပ်သည် သင်ရိုး အားလုံးကို မောင်းနှင်သွားသော ကြားခံဘာသာ ဖြစ်သင့်ပါသည်။ သင်နည်းအားလုံးမှာ အနုရသ ဘာသာရပ်ကို အခြေခံထား၍ သင်ကြား ပေးသင့်ပြီး ရသဗေဒ ဘာသာရပ် သီးသန့် အနေဖြင့် လက်တွေ့လုပ်ငန်းများ လုပ်ရန် တစ်ရက်လျှင် တစ်နာရီခန့် အသုံးပြုသင့်ပါသည်။

မူလတန်း အောက်ဆင့်နှင့် အထက်အဆင့် (ပထမတန်း မှ ဆဋ္ဌမတန်း)

  • အမြင် ဆိုင်ရာ အနုပညာ ဘာသာ (ပန်းချီ၊ ပန်းပု၊ ဒီဇိုင်း စသည် ) အတွက် တစ်ပတ်လျှင် () ချိန်။
  • ဂီတ ဘာသာရပ် အတွက် တစ်ပတ်လျှင် () ချိန်။
  • သရုပ်ပြ တင်ဆက်မှု အနုပညာ ဘာသာရပ် (အက၊ ပြဇာတ် စသည်) အတွက် တစ်ပတ် လျှင် () ချိန်။
  • လူထု ဆက်သွယ်ရေး ဆိုင်ရာ အနုပညာ ဘာသာရပ် အတွက် တစ်ပတ်လျှင် () ချိန်။

ရသ ဗေဒ ဘာသာရပ်သည် စာသင်ချိန် ငါးပုံ တပုံ (သို့မဟုတ်) လေးပုံတပုံ ရှိသင့်ပါသည်။

 

အထက်တန်း အောက်ဆင့် (သတ္တမတန်းမှ ဒဿမတန်း)

အနုပညာ ဘာသာရပ် တွင် နှစ်သက်ရာ ဘာသာရပ်တမျိုးကို အတန်း အလိုက် အထူးပြု သင်ကြားရန် ဖြစ်သည်။

တစ်ပတ်လျှင် သဘော တရား အတွက် ()ချိန် နှင့် လက်တွေ့ အတွက် () ချိန် စုစုပေါင်း ချိန် အနည်းဆုံး ရှိသင့်ပါသည်။

ရသဗေဒ ဘာသာရပ်သည် အခြား ဘာသာရပ်များနှင့် တူညီသော အချိန်ပေးသင့်ပါသည်။

အထက်တန်း အထက်အဆင့် (၁၁ တန်း ၁၂ တန်း)

အနုရသ ဘာသာရပ်သည် အသက်မွေးပညာ ဘာသာရပ်အဆင့် ဖြစ်သဖြင့် ရသဗေဒဘာသာ သည် စာသင်ချိန် အားလုံး၏ တ၀က် ဖြစ်သင့်ပါသည်။

တပတ်လျှင် သဘောတရား အတွက် () ချိန် နှင့် လက်တွေ့ အတွက် () ချိန်ခန့် ဖြစ်သင့်ပါသည်။

ဤ အဆင့်တွင် အလုပ်ရုံ ဆွေးနွေးပွဲများ၊ လက်တွေ့ စီမံဂျက် (ပရော့ဂျက်) လုပ်ငန်းများ အတွက် လည်း အချိန် ပေးသင့် ပါသည်။

 

အနုရသ ဘာသာရပ် (ရသ ဗေဒ) အတွက် အကဲဖြတ် စစ်ဆေးခြင်း။

အနုပညာ ဘာသာရပ်နှင့် ပတ်သက်၍ အကဲဖြတ် စစ်ဆေးရာတွင် ကလေး တစ်ဦးစီ၏ လုပ်ဆောင် ချက် တိုးတက်လာမှု ပေါ်တွင် အချိန်ယူ အကဲဖြတ် သင့်ပါသည်။ ကျောင်းသား အချင်းချင်း အကြား ယှဉ်ပြိုင်မှုများ၊ နှိုင်းယှဉ် အကဲဖြတ်မှုများ မလုပ်သင့်ပါ။ စစ်ဆေး တိုင်းတာသော စံတန်ဘိုး များမှာလည်း အတန်းအဆင့်ကို လိုက်၍ ပိုမို ကျယ်ပြန့်လာရမည်။

 

မူလတန်းကြို အဆင့်

အဆင့်တွင် ကလေးတို့ အပေါ် အကဲဖြတ် တင်ပြ ချက်သည် အနုပညာ ဘာသာ သီးသန့် အနေဖြင့် မဟုတ်ဘဲ၊ ကလေး၏ လုပ်ဆောင်ချက်၊ အပြုအမူ၊ တိုးတက်မှု အားလုံး ကို ခြုံငုံ သုံးသပ် တင်ပြ သင့်ပါ သည်။ မူကြို အဆင့် ပညာရေးမှာ ကလေးတို့၏ ဘာသာ စကား တိုးတက်မှု၊ နံပတ်စဉ် အရေအတွက် တတ်မြောက်မှု၊ မိမိတို့၏ အနီးစပ်ဆုံး ဘ၀ပတ်ဝန်းကျင်အပေါ် ရိုးရှင်းသော အမြင်အတွေး ရရှိစေမှု စသည် တို့ကို အခြေခံထားပါသည်။

ပန်းချီ ဂီတ ပုံပြင် ရုပ်ရှင် စသော အနုပညာ နည်းလမ်း တို့မှ တဆင့် ကလေးတို့အား ပေး လိုသော ပညာရေးကို ရရှိ စေပါသည်။ ထို့ကြောင့် ဆရာ ဆရာမတို့ အနေဖြင့် ကလေးတိုင်းအား မိမိစွမ်းရည်ကို လွတ်လပ်စွာ ဖော်ထုတ် ပြသလိုစိတ်ကို အားပေး သင့်ပါသည်။ ကလေးအချင်းချင်း ယှဉ်ပြိုင်နှိုင်းယှဉ်၍ အကဲဖြတ်ခြင်းသည် ကလေး တစ်ဦးချင်းစီ၏ ကိုယ်ပိုင်စွမ်းရည် များကို မရှင်သန် မဖွံ့ဖြိုး စေနိုင် တော့ပါ။ ကလေးတို့၏ လွတ်လပ်စွာ တင်ပြလို စိတ်ကိုလည်း ချိုးနှိမ်ပစ် စေပါသည်။

မူလတန်း ကြို အဆင့် အကဲဖြတ် စစ်ဆေးချက်

  • စာမေးပွဲ စနစ် မရှိခြင်း
  • လုပ်ငန်းစဉ် စစ်ဆေးခြင်း
  • စံနှုန်းများ အခြေခံခြင်း
  • ယှဉ်ပြိုင်မှု မဖြစ်စေခြင်း
  • စဉ်ဆက်မပြတ် တိုးတက်မှုကို အားပေးခြင်း

မူလတန်းအဆင့်

အကဲဖြတ်ခြင်းလုပ်ငန်းစဉ်သည် တနှစ်ပတ်လုံး၏ လုပ်ရပ်များကို ကြည့်၍ အကဲဖြတ်သင့်ပါသည်။ အမှတ်ပေးခြင်းထက် အဆင့် သတ်မှတ် ခွဲခြား ခြင်း ဖြစ်သင့် ပါသည်။ (အေ၊ ဘီ၊ စီ စသဖြင့် အဆင့် သုံးဆင့်ခန့် ဖြစ်သင့်ပါသည်။)

အောက်ပါ အချက်များကို အခြေခံ၍ အကဲဖြတ် အဆင့် သတ်မှတ်သင့်ပါသည်။

  • စူးစမ်း လေ့လာ အားကောင်းမှု
  • သဘာဝ ကျကျ လွတ်လပ်စွာ တင်ပြနိုင်မှု
  • အမျိုးမျိုး သော လုပ်ငန်းများ တွင် စိတ်ပါ ၀င်စားစွာ ပါဝင်ဆောင်ရွက်မှု
  • ကလေး တစ်ဦးချင်း စီ၏ အုပ်စုလိုက် ပူးပေါင်း ဆောင်ရွက်နိုင်မှု

အလယ်တန်းအဆင့် (မူလတန်း အထက်ဆင့်)

ဤ အဆင့်တွင်လည်း တစ်နှစ် ပတ်လုံး အကဲဖြတ် အရည်အချင်း မှတ်တမ်းဖြင့် မှတ်တမ်း ထားသင့် ပါသည်။ အဆင့် သတ်မှတ် ရာတွင် အေ၊ ဘီ၊ စီ ဒီ၊ အီး စသဖြင့် အဆင့် လေးဆင့် (သို့ မဟုတ်) ငါးဆင့် ခန့် သတ်မှတ် သင့်ပါသည်။

  • ကျောင်းသား၏ ပါဝင်ဆောင်ရွက်မှု
  • လူမှု ဆက်ဆံရေးတွင် အပေးအယူ မျှတမှု
  • မိမိ သင်ကြား နေသော အနုပညာ ဘာသာရပ် အခြေခံ စည်းမျဉ်းများ သဘော တရားများ နည်းလမ်းများကို နားလည် အသုံးပြု နိုင်မှု
  • မိမိ အသုံးပြု သော ပစ္စည်းများကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချတတ်မှု
  • နည်းလမ်း အမျိုးမျိုး ပစ္စည်းကိရိယာ အမျိုးမျိုး ကို အသုံးချတတ်မှု

 

အထက်တန်း အဆင့်

တစ်နှစ်ပတ်လုံး အကဲဖြတ်၍ အရည်အချင်း မှတ်တမ်းဖြင့် မှတ်တမ်း ထားသင့် ပါသည်။ သို့သော် အဆင့်တွင် စာမေးပွဲ ပြုလုပ် စစ်ဆေးခြင်း မျိုးလည်း လိုအပ်ပါသည်။

  • အထက်တန်း အဆင့် () နှစ်အတွင်း လုပ်ငန်းစဉ် () ခု ပြီးမြောက်မှု
  • ဘုတ် အဖွဲ့ စစ်ဆေးခြင်း မတိုင်ခင် () တန်း (၁၀) တန်း နှစ် အတွင်း လုပ်ဆောင် ခဲ့သည် များကို ကျောင်းတွင်း စစ်ဆေး အကဲဖြတ်ခြင်း။ (၅၀ မှတ်)
  • ဘုတ်အဖွဲ့ စစ်ဆေးခြင်း (၅၀ မှတ်) ပြီးမြောက် ခဲ့သော အလုပ်များကို တင်ပြခြင်း။
  • စာရွက်ဖြင့် စာမေးပွဲ ဖြေဆိုခြင်း။

အထက်တန်း အထက်ဆင့်

အဆင့် () ဆင့် (အေ၊ ဘီ၊ စီ၊ ဒီ၊ အီး စသဖြင့်) သတ်မှတ်ခြင်း အပြင် လိုအပ်ပါက အမှတ်ပေး စစ်ဆေးခြင်းလည်း ပြုလုပ်မည်။

  • မှတ်တမ်းတင် ဖိုင်တွဲ စနစ် (ပေါ့ဖိုလီယို) တင်ပြခြင်း
  • လုပ်ငန်းစဉ် မိတ်ဆက် တင်ပြခြင်း
  • နည်းလမ်းများ အသုံးပြု ကိရိယာများကို ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ် အသုံးပြုနိုင်ခြင်း
  • စူးစမ်း လေ့လာမှု တိကျ မှန်ကန်ခြင်း
  • ကျောင်းသား တစ်ဦးခြင်းစီ၏ ကိုယ်ပိုင် ဖန်တီး အားထုတ်မှု တင်ပြခြင်း
  • ပြည့်စုံစွာ သရုပ်ဖော်ပြသမှု
  • တိကျစွာ ပုံရေးဆွဲမှု / အရာဝတ္ထု များကို ပုံစံ ရေးခြစ်ခြင်း

 

အနုရသ ဘာသာရပ် (ရသဗေဒ) အတွက် ဆရာ အတတ်ပညာရေး

မူကြို နှင့် မူလတန်း အရွယ် ကလေးတို့ သည် သူတို့၏ လက်ဦး ဆရာ / တို့အပေါ် အလွန် ကိုးစား ကြလေ သည်။ အထူး သဖြင့် အသက် သုံးနှစ်မှအထက် မူလတန်း ကလေးတို့အပေါ် ဆရာ/ တို့၏ လွှမ်းမိုးမှုမှာ မိဘ ထက်ပင် ပို တတ် ကြပါသည်။ မူလတန်း အရွယ်တွင် သင်ကြားခွင့်ရခဲ့သော ဆရာ / တို့ ၏ အရည် အချင်းမှာ ကလေး ၏ ဘ၀ တစ်လျှောက်လုံး ကိုပင် အကျိုး သက်ရောက်မှု ဖြစ်စေပါသည်။

မူလတန်း အလယ်တန်း အဆင့်တွင် သင်ရိုးညွှန်းတမ်း နှင့် ဆရာ/ တို့၏ အရည် အချင်းမှာ တန်းတူ စွာပင် အရေးကြီး ပါပေသည်။ ထို့ကြောင့် ကျောင်း ပညာရေးတွင် ဆရာ/ တို့၏ အရည်အချင်း မြင့်မားရေး အခန်းကဏ္ဍမှာ အရေးပါ အရာရောက်လှပါသည်။

ဆရာ ဆရာမ ဟူသည် သင်ရိုး ညွှန်းတမ်း ယဉ်ရထားကြီးပေါ်တွင် ကလေးတို့ကို တင်ဆောင်၍ လိုရာ ရောက်အောင် မောင်းနှင်ပေးရသော ယဉ်မောင်းသမားများပင် ဖြစ်ပါသည်။ သို့ ဖြစ်၍ ရသဗေဒ သင်ရိုး ညွှန်းတမ်း ရေးဆွဲရာတွင် ဆရာအတတ်ပညာ သင်ကြားလေ့ကျင့်ပေးခြင်းကိုပါ ထည့်သွင်း ရေးဆွဲ သင့်ပါသည်။ ဆရာအတတ်သင်တန်း ဆိုရာတွင် လုပ်ငန်းခွင် အကြိုသင်တန်းနှင့် လုပ်ငန်းခွင်ဝင် သင်တန်းများ ဟူ၍ နှစ်မျိုးနှစ်စား ရှိနိုင်ပါသည်။

အထူးသဖြင့် မှာမူ ဆရာ ဆရာမတို့ ကိုယ်တိုင်ပင် ပင်ကိုယ် အရည်အသွေး ပြည့်ဝရန် နှင့် အနုပညာ ခံစားမှု စွမ်းရည်မြင့် ဖို့ လိုပါသည်။ မူလတန်း အကြို နှင့် မူလတန်း အဆင့်တွင် ကျောင်း အများစု အတန်း တစ်တန်းတွင် ဆရာတစ်ယောက် နှုန်းဖြင့် ဘာသာ အားလုံးကို သင်လေ့ ရှိပါသည်။

ထို့ကြောင့် မူလတန်း ကြိုနှင့် မူလတန်းပြ ဆရာများ အားလုံးတွင် အနုပညာ ဘာသာရပ် နှင့် ပတ်သက်၍ သင်ကြားပေး တတ်ရန် လိုသလို ဆရာတို့ ကိုယ်တိုင်ပင် အနုပညာ လုပ်ငန်းများအပေါ် စိတ်ဝင်တစား လေ့လာ အားကောင်းစေရန် လိုပါသည်။ အခြား ဘာသာရပ်များကို သင်ကြားရာတွင် ကလေးများ စိတ်ပါ ၀င်စား လာစေရန် ပန်းချီ ဂီတ အက စသော နည်း လမ်း များကို အသုံးပြု သင်ကြားရန် ဆရာ ကိုယ်တိုင် စိတ်ကူးဥာဏ် ကွန့်မြူးတတ်ရန် လိုပါသည်။

အလယ်တန်း နှင့် အထက်တန်း အဆင့် များတွင် ရသ ဗေဒ သင်ကြား ပေးမည့် ဆရာ များသည် ဘာသာရပ် ပိုင်နိုင်မှု ရှိစေရန် ပိုမို လိုအပ် လာပြီ ဖြစ်သည်။ ထို အတန်းပြ ဆရာ များသည် သက်ဆိုင် ရာ အနုပညာ ဘာသာရပ် အထူး ပြု သင်တန်းများ တက်ရောက် ပြီးသူ၊ ကျွမ်းကျင်သူ များ ဖြစ်သင့် ပါသည်။

ရသဗေဒ ဘာသာပြဆရာသည် ဆရာအတတ်ပညာနှင့် ပတ်သက်၍ သင်တန်းပြီး သူ အနုပညာသမား ဖြစ်သင့်ပါသည်။ ဆရာ အတတ်သင် ကျောင်းများတွင် ပန်းချီ ဂီတ စသည့် အနုပညာ ဘာသာရပ် တို့ကို ထည့်သွင်း သင်ကြားပေးခြင်းမျိုးသာ မကဘဲ၊ အတန်းကြီးများတွင် သင်ကြားရန်အတွက် ပန်းချီကျောင်း၊ ဂီတကျောင်း စသော အနုပညာ ကျောင်းများတွင် ဘာသာရပ် ဆိုင်ရာ သင်ကြား ပို့ချ နည်း များကို သီးသန့် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်း သင်ကြားပေးသင့်ပါသည်။

 

ရသ ဗေဒ ဘာသာရပ်ပြ ဆရာ ဖြစ် သင်တန်းများ နှင့် ပတ်သက်၍ အကြံပြုချက် များ။

  • အတန်း အဆင့် အလိုက် ဆရာ အတတ်သင် ပညာရေးတွင် ရသဗေဒ သင်ကြားရေး အတတ် ပိုမို အားကောင်းလာစေရန်။
  • လုပ်ငန်းခွင် ဆရာ အတတ် သင်တန်းများတွင် ရသဗေဒ ဘာသာရပ် သင်ကြားရေး နည်းလမ်း များကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်စေရန်။
  • ရသ ဗေဒ ဘာသာရပ် ဆိုင်ရာ ဆရာဖြစ် သင်တန်းများ (အနည်းဆုံး နှစ်) ကို မိမိတို့၏ သက်ဆိုင်ရာ ဘွဲ့သင်တန်းများ ပြီးဆုံးသည့်အခါ ဆက်လက် တက်ရောက်စေရန်။

 

အတန်းစဉ်အလိုက် ရသ ဗေဒ ဘာသာ သင်ကြားသော ဆရာများအတွက် အကြံပြုချက်များ။

  • မူလတန်း အဆင့် တွင် ဘာသာရပ် အားလုံး နီးပါးသည် အနုပညာ ဘာသာ မှ တဆင့် သင်ကြား ပြသ သင့်သည် ဖြစ်၍ မူလတန်း သင်ပြမည့် ဆရာ ဆရာမ များ သည်လည်း အနုပညာ ကို ခံစားတတ်သော အသိအမြင် ရှိရန် လိုပါသည်။

 

  • ကလေးတို့အား ပုံဆွဲခြင်း၊ ဆေးခြယ်ခြင်း၊ စက္ကူ ဖြတ်ခြင်း၊ ညှပ်ခြင်း၊ ကပ်ခြင်း၊ မျက်နှာဖုံး ပြုလုပ်ခြင်း၊ ပြဇာတ် သရုပ်ဆောင် တင်ဆက်ခြင်း၊ ကဗျာ စာ ရွတ်ဆိုခြင်း၊ တေးသီချင်း သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ကခုန်ခြင်း၊ မျက်နှာအမူအယာ သရုပ်ဆောင်ခြင်း၊ စသော အနုပညာဆိုင်ရာ လှုပ်ရှားမှုများကို ကိုယ်ပိုင် တီထွင်မှု၊ လေ့လာမှုများဖြင့် ကလေးတို့ စိတ်ဝင်စားလာအောင် သင်ကြား ပြသနိုင်ရမည် ဖြစ်သဖြင့် ကိုယ်ပိုင် ဖန်တီးတီထွင်တတ်သော၊ လက်မှုလုပ်ငန်းများ အနုပညာလုပ်ငန်းများအပေါ် စိတ်ပါဝင်စားမှု ရှိသော ဆရာများ ဖြစ်သင့်ပါသည်။
  • အလယ်တန်း အဆင့် သင်ကြားမည့် ဆရာ၊ ဆရာမ များသည် အနုပညာ ကို အလေးထား မြတ်နိုးသူ၊ အနု သုခုမ ရသ ကို ထိုးထွင်း သိမြင် ခံစားတတ်သူ၊ ပညာရပ်ဆိုင်ရာ နားလည် တတ်ကျွမ်းသူ အဆင့် ဖြစ်သင့်ပါသည်။
  • အထက်တန်း အဆင့်တွင် အနုပညာ ဘာသာရပ်တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိသူ ဆရာ ဆရာမများ ဖြစ်စေရမည်။ ပညာရှင်အဆင့် အသက်မွေးနိုင်သော ဆရာ ဆရာမ များ ဖြစ်ရပါမည်။

 

ဆောင်ရွက်ရမည့် နည်းလမ်းများ

အထောက်အပံ့ ပစ္စည်းများ

-      ကျောင်းအားလုံးတွင် အနုရသ ဘာသာရပ် သင်ကြားရန် အတွက် လုံလောက်သော သင်ထောက်ကူ ပစ္စည်းများ၊ နေရာ၊ သင်တန်းဆင်းဆရာ တို့ ရှိရပါမည်။

စာသင်ခန်းဖွဲ့စည်းမ

-      ကျောင်းသားတို့ အနုပညာရပ်များ ဖန်တီးရန် သက်တောင့် သက်သာ ဖြစ်သော နေရာ၊ စားပွဲ၊ ထိုင်ခုံ စသည်တို့ ရှိရမည်။

-      သီးခြား အုပ်စုဖွဲ့ ပြုလုပ်နိုင်သော အနေ အထား ဖြစ်စေ၊ သီးသန့် တစ်ဦးတည်း လွတ်လပ်စွာ ဖန်တီးနိုင်သော အနေအထား ဖြစ်စေရှိရမည်။

-      ဆရာနှင့် အလွယ်တကူ အဆက်အသွယ် ပြုနိုင်သော အနေအထား ရှိရမည်။

-      စာသင်ခန်းတွင်းရှိ ကျောင်းသား ဦးရေမှာလည်း ဆရာမှ နိုင်နိုင် နင်းနင်း ပြသ ပေးနိုင် သော အခြေ အနေ ဖြစ်သင့်ပါသည်။ ဆရာမှ ကျောင်းသား တစ်ဦးချင်းစီ အပေါ်တွင် အလေးထား ဂရုစိုက် နိုင်ရန် လိုအပ်ပါသည်။

-      စာသင်ခန်း အပြင်အဆင်မှာလည်း ကလေးတို့ လက်ရာ လေးများဖြင့် အလှဆင် ထားသင့် ပါသည်။

အချို့ ကျောင်းများ တွင် အနုပညာဌာနများ သီးသန့် ထားရှိနိုင်ကြပါသည်။ သီးသန့် အဆောက်အဦများ လည်း ရှိကြပါသည်။ ထိုသို့ ထားနိုင်လျှင် အနုပညာဌာန အခန်းများ ခွဲခြားထားသင့် သည်။

ပြပွဲများ ပြသရန် ခန်းမ၊ နံရံကပ် ဘုတ်ပြား များ၊ ဇာတ်ခုံ စင်မြင့်၊ ကျောင်းသားများ အနုပညာ ဖန်တီးရန် နေရာ၊ အနုပညာ ပစ္စည်းများ ထိန်းသိမ်း ထားရှိရာ အကိုးအကား စာအုပ်များ၊ ရုပ်မြင်သံကြားများ၊ ရုပ်ရှင် ပြစက် (ပရိုဂျက်တာ) ပြခန်းများ၊ ဂီတ သင်ခန်းစာအတွက် အသံလုံခန်း၊ စသဖြင့် အနုပညာ ဘာသာရပ် အမျိုးအစားအလိုက် သီးသန့် အခန်းများဖြင့် သင်ကြား ပေးသင့်ပါသည်။ သို့သော် ထို အဆောက်အဦ များမှာ ကျောင်းဝန်းအတွင်းတွင်သာ ရှိသင့်ပါသည်။

 

စာသင်ခန်းတွင်း ဆက်ဆံရေး

-      ဆရာ၊ ဆရာမ တို့ အနေနှင့် ကလေး တစ်ဦးချင်းစီ တိုင်း၏ စိတ်ပါ ၀င်စားမှု၊ စိတ် ခံစားမှု တို့ကို အလေးထား နားလည် ပေးသင့် ပါသည်။

-      ကလေးတို့၏ လုပ်ရပ်များအား ရှုံ့ချ ဝေဘန် ခြင်းမျိုး မလုပ်ဘဲ အားပေး လက်ခံသင့်သည်။ ကလေး တို့၏ လိုအပ်ချက် အပေါ် အကြံပြု ဆွေးနွေးခြင်းမျိုး လုပ်သင့် ပါသည်။

-      ကလေးများ အားလုံး အပေါ်တွင် မျှတသော ဆက်ဆံရေး ရှိရမည်။ ကလေးတို့ လုပ်ငန်းများ အပေါ် သမာသမတ် ကျသော အရည်အချင်း အဆင့် ခွဲခြား သတ်မှတ် ပေးမှု ပြုတတ်ရမည်။

-      ကလေး အချင်းချင်းလည်း တစ်ဦး ဖန်တီးမှုကို တစ်ဦးက လေးစား လက်ခံ တတ်အောင် သင်ကြား လေ့ကျင့် ပေးရပါမည်။

-      အုပ်စုလိုက် ဆောင်ရွက်မှုများ၊ ပူးပေါင်း လုပ်ဆောင်မှု လုပ်ငန်းများကို များများလုပ်စေ၍ ကလေး တို့၏ လူအများ နှင့် ပူးပေါင်း ဆောင်ရွက်မှုကို လေ့ကျင့်ပေးသလို တစ်ဦးချင်းစီ၏ အရည်အချင်းများကိုလည်း သိမြင် ဖော်ထုတ် ပေးနိုင်ရပါမည်။

ဒေသတွင်းရှိ ပညာရှင်များနှင့် အနုပညာရပ်များ၏ အရေးပါမှု

နေရာဒေသ အသီးသီး၏ မတူကွာခြားသော အနုပညာရပ်များ၊ ယဉ်ကျေးမှု များကို တန်ဘိုးထား ထိန်းသိမ်း စောင့်ရှောက်ရန် လိုပါသည်။ မိမိ ဒေသတွင်း ရှိ အနုပညာရပ်များ၊ ပညာရှင်များကိုလည်း တန်ဘိုးထား လေးစားကာ အနုပညာ ဘာသာရပ်၏ သင်ရိုး ညွှန်းတမ်းကို ထိုပညာရှင်များနှင့် တိုင်ပင်၍ အကူအညီ ရယူကာ ကျောင်းအလိုက် ဒေသအလိုက် သင့်တော်သလို ပြင်ဆင် ရေးဆွဲသင့်ပါသည်။ ထို ပညာရှင်များ၏ ပုံမှန် သင်ကြား ပြသမှုများ (သို့မဟုတ်) အလုပ်ရုံ ဆွေးနွေးပွဲ ပုံစံ သင်ကြား ပြသမှုများ၊ ဟောပြော ပို့ချချက်များ၊ ပြုလုပ်သင့်ပါသည်။

 

နိဂုံးချုပ် အကြံပြုချက်များ

ယနေ့ခေတ် ပညာရေးတွင် ကလေး ဗဟိုပြု သင်ကြားနည်းစနစ်ကို ခေတ်ကာလနှင့် ကိုက်ညီသော သင်ကြားနည်းတစ်ရပ်အနေဖြင့် အလေးထား အသုံးပြုလာကြပါသည်။ ကလေးဗဟိုပြု သင်ကြားနည်း စနစ်တွင် ကလေး တို့၏ ဝေဖန်ပိုင်းခြားမှု ဥာဏ်ရည်နှင့် တီထွင် ဖန်တီးမှု စွမ်းရည်များ တိုးတက်လာစေရန် အဓိက ဦးစားပေးပါသည်။

ကလေးတို့၏ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့် တစ်ဦး အမြင် သဘောထားကို တစ်ဦးက နားလည် လက်ခံ တတ်သော စိတ်၊ လွတ်လပ်စွာ သဘောကွဲလွဲခွင့် စသော ဒီမိုကရေစီ နည်းလမ်းများကိုလည်း လေ့ကျင့် ပေးပါသည်။ အနုရသ ဘာသာ သင်ပြရာတွင်လည်း ကလေး ဗဟိုပြု နည်းစနစ်သည်သာ အသုံးပြု သင့်သော သင်ကြားနည်းတစ်ရပ် ဖြစ်ပါသည်။

ထို ဘာသာသင်ကြားရာတွင် ကလေးတို့၏ တီထွင်ဖန်တီးလိုစိတ်ကို ဦးစားပေး လေ့ကျင့်ရန် များစွာသော ပညာရှင်များက ဆိုပါသည်။ သို့ သော် စာတမ်းရှင် တင်ပြလိုသောအချက်မှာ ကလေးတိုင်း တွင် စွမ်းရည် ဥာဏ်ရည်များ မတူကြပါ။ တီထွင် ဖန်တီး နိုင်စွမ်းများလည်း မတူကြပါ။ တီထွင် ဆန်းသစ်နိုင်မှုကို ဦးစားပေး လွန်းလျှင် ကလေးတို့အား ခွဲခြား ဆက်ဆံရာ ရောက်နိုင်သလို ကလေးတို့၏ ရိုးသားမှု အခြေခံစိတ်ကို ဖျက်ဆီးရာ ရောက်နိုင်ပါသည်။

ထို့ကြောင့် ရသဗေဒ ဘာသာတွင် ကလေးတို့၏ ရသ ခံစားတတ်မှုကို ဦးစားပေး သင်ကြားပြီး ကိုယ်ချင်းစာ တရား ထားတတ်စေရန် ပျိုးထောင် ပေးသင့်ပါသည်။ မိမိ အမြင် အတွေး၊ မိမိ ကိုယ်ပိုင် ဖန်တီး လုပ်ဆောင်ချက်များကို လွတ်လပ် ရဲဝံ့စွာ တင်ပြတတ်စေရန် လေ့ကျင့်ပေးပြီး ရိုးသားမှု အမူအကျင့် ကောင်းများကိုသာ ဦးစားပေး လေ့ကျင့် ပေးသင့်ပါသည်ဟု တင်ပြလိုပါသည်။

ထိုမှ နောက်တဆင့်တွင်သာ တီထွင်နိုင်မှု စွမ်းရည်ကို အလေးထားသင့်ပါသည်။ ကလေးတို့၏ ဟန်ဆောင်မှု ကင်းသော တီထွင် ကြံဆမှု ဖန်တီးချက်များကိုသာ အားပေး အားမြှောက် ပြုသင့်ပါသည်။

အချုပ်အားဖြင့် ဆိုရလျှင်၊ ပန်းချီ၊ ဂီတ၊ အက စသော အနုပညာ ရပ်များ၊ အိမ်တွင်းမှု အတတ် ပညာရပ်များ စသည်တို့ကို ကျောင်း စာသင်ရိုးများတွင် ထည့်သွင်း သင်ကြားစေခြင်း အားဖြင့် အနာဂတ် နိုင်ငံတော်၏ နယ်ပယ်ကဏ္ဍ အသီးသီးတွင် ပိုမိုအကျိုးပြု နိုင်သော လူသား အရင်းအမြစ်များ ပေါ်ထွန်းလာစေ နိုင်မည် ဖြစ်ပါသည်။

ထို့ ကြောင့် ကျောင်း သင်ရိုး ညွှန်းတမ်းတွင် အတန်းအလိုက် သင့်တော်သော အဆင့်ဖြင့်၊ ပန်းချီ၊ ဒီဇိုင်း၊ ဂီတ၊ အက၊ လက်မှု ပညာ စသည့် သင်ရိုးများ ထည့်သွင်း သင်ကြား ပေးသင့်ပါသည်။ နိုင်ငံတကာ တိုင်းပြည်များတွင် အသုံးပြုနေသော နည်းလမ်းများကို လေ့လာ၍ လည်းကောင်း၊ မိမိတိုင်းပြည်တွင်းရှိ နားလည် တတ်ကျွမ်းသူ ပညာရှင်များနှင့် တိုင်ပင်၍လည်းကောင်း သင်ရိုးများ ရေးဆွဲသင့်ပါသည်။

နည်းလမ်းတကျ သင်ကြား ပေးနိုင်မည့် ဆရာ၊ ဆရာ များ မွေးထုတ် လေ့ကျင့် ပေးသင့်ပါသည်။ လိုအပ်သော သင်ထောက်ကူ ပစ္စည်းမျာ ကိုလည်း နိုင်ငံတော်မှ လုံလောက်စွာ ထောက်ပံ့ ပေးသင့်ကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။

 အကိုးအကား

  1. 1)ပန်းချီရေးရာ နှင့် ပုံဆွဲ အခြေခံများ - အောင်မြတ်ဌေး (၂၀၀၃ ခု သြဂုတ်လ)
  2. 2)ကျောင်းသား သူငယ် သင်ယူဖွယ်၊ အလေးထားစရာ အနုပညာ ဘာသာ (သင်ရိုးဝင် ပန်းချီ ဒီဇိုင်း ဘာသာရပ်) - ခင်လေးကြည်ကြည် (ကျောင်းပညာရေး သုတေသနာ ဂျာနယ် အမှတ် ၅၊ ၂၀၀၇ ခု ဒီဇင်ဘာလ)
  3. 3)Learning Standards for The Art – The University of New York (April 1996)
  4. 4)Art ans Design – The National Curriculum for England (1999)
  5. 5)Curriculum and Standards Framework: The Arts – Board of Studies, Victorian School Education (1995)
  6. 6)Visual Arts (Lower Secondary Syllabus) – Curriculum Planning and Development Division, Ministry of Education, Singapore (2001)
  7. 7)Music Syllabus (Primary & Secondary) - Curriculum Planning and Development Division, Ministry of Education, Singapore (2001)
  8. 8)Art Education : Teachers' Handbook for Class VI – National Council of Educational Research and Training, New Delhi (2003)
  9. 9)Position Paper, National Focus Group on Arts, Music, Dance and Theatre (National Curriculum Framework 2005) – National Council of Educational Research and Training, New Delhi (2006)

10) Art for Child Development: Studio Xang Chiang Mai (AMCP)

Powered by Bullraider.com