ဒီမိုကရေစီ သင်ခန်းစာ (၁)

နိဒါန်း

ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးနေပြီ ဖြစ်သည့်အတွက် ဒီမိုကရေစီ နိုင်ငံသားများ အနေဖြင့် ဒီမိုကရေစီ စနစ် အကြောင်းကို မဖြစ်မနေ သိရှိ ထားရမည်မှာ နိုင်ငံသား အားလုံးရဲ့ သမိုင်းပေး တာဝန်ဖြစ်ပါသည်။ ဒါကြောင့် နိုင်ငံသားတွေ အနေနဲ့ အလွယ်တကူ လေ့လာနိုင်ရန် အပိုင်းလိုက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဤအစီအစဉ်သည် ဒီမိုကရေစီအကြောင်းကို နားမလည်သေးသော သာမန်ပြည်သူများ အလွယ်တကူ နားလည်နိုင်အောင် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ စာရေးသူထက် ကျွမ်းကျင်သော မည်သူမဆို အစီစဉ်တွင် ထောက်ပြဝေဖန် အကြံပေးဖို့ရန်လည်း ကြိုဆိုပါတယ်။

Roland O. Watson ဆောင်းပါးမှ အကျဉ်းခြုံး ဘာသာပြန်၍ ကျွန်တော်တို့ နိုင်ငံ၏ ပြည်သူအများနှင့် သင့်တော်ရန် ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။ ဖော်ပြသွားမည့် အစီအစဉ်တွေကို အပိုင်း (၂၀) ခွဲ၍ ထားပါသည်။

ဒီမိုကရေစီ၏ အခြေခံမူများ

အပိုင်း (၁) ဒီမိုကရေစီ ဆိုတာဘာလဲ
အပိုင်း (၂) တန်းတူညီမျှမှုနှင့် လွတ်လပ်ခြင်း
အပိုင်း (၃) မိမိလုပ်သမျှမိမိမှာသာ တာဝန်ရှိခြင်း
အပိုင်း (၄) မသေချာ မရေရာမှုနှင့် တန်ဖိုး
အပိုင်း (၅) ကျင့်ဝတ်များ
အပိုင်း (၆) အာဏာ
အပိုင်း (၇) ရပိုင်ခွင့်၊ 

တာဝန်နှင့် တာဝန်ယူမှု

အပိုင်း (၈) ဒီမိုကရေစီနှင့် ပြည်သူ
အပိုင်း (၉) သဘောမတူခြင်း၊ သဘောထားကွဲလွဲခြင်းနှင့် ဆန့်ကျင် ပုန်ကန်ခြင်း
အပိုင်း (၁၀) ခေါင်းဆောင်များ
ဒီမိုကရေစီ ကျင့်သုံးသော အသင်း၊ အဖွဲ့၊ ဌာနနှင့် အစည်းအရုံးများ
အပိုင်း (၁၁) လုပ်ပိုင်ခွင့် အာဏာများကို ကန့်သက်ထိန်းညှိခြင်း
အပိုင်း (၁၂) တရားဥပဒေ စိုးမိုးရေး
အပိုင်း (၁၃) နိုင်ငံဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေ
အပိုင်း (၁၄) ဖတ်ဒရယ်စနစ်
အပိုင်း (၁၅) ရွေးကောက်ပွဲ
အပိုင်း (၁၆) နိုင်ငံရေးပါတီများ

ဒီမိုကရေစီအပေါ် စိန်ခေါ်မှုများ

အပိုင်း (၁၇) ဒီမိုကရေစီ ဒွိဟများ
အပိုင်း (၁၈) စစ်ဘက်ကဏ္ဍ
အပိုင်း (၁၉) လူထုလုံခြုံရေးအတွက် ကူညီစောင့်ရှောက်ရန် တာဝန်ရှိသောရဲ
အပိုင်း (၂၀) ပုဂ္ဂလိကပိုင် စီးပွားရေးနှင့်စီးပွားရေး ကော်ပိုရေးရှင်းကြီးများ

မူရင်း ဆောင်းပါးကိုဖတ်ရှုလိုပါက http://www.lessonsindemocracy.org/LessonsinDemocracyEnglish.pdf ၀ဘ်ဆိုက်တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

အပိုင်း (၁) ဒီမိုကရေစီဆိုတာ ဘာလဲ

 ကျွန်တော်တို့ နိုင်ငံမှာ လူအများ သိထားကြတာကတော့ “ဒီမိုကရေစီဆိုတာ ပြည်သူတွေက မိမိတို့ကို အုပ်ချူပ်စေမယ့် အစိုးရ အဖွဲ့ကို မိမိတို့ စိတ်တိုင်းကျ ရွေးချယ် တင်မြှောက်တယ်။ အစိုးရကလည်း ပြည်သူတွေအတွက် အုပ်ချူပ်ပေးတယ်” လို့ အားလုံး သိထားကြမယ်လို ယူဆပါတယ်။

ဒီမိုကရေစီကို ခွဲခြမ်းကြည့်လျှင် ပုံစံ(၂) မျိုးရှိပါတယ်။

(၁) ကိုယ်စားပြု ဒီမိုကရေစီစနစ် (Representative Democracy)

(၂) တိုက်ရိုက် ဒီမိုကရေစီစနစ် (Direct Democracy)

(၁) ကိုယ်စားပြု ဒီမိုကရေစီစနစ်

ကိုယ်စားပြု ဒီမိုကရေစီစနစ်ကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အသုံးပြုနေကြပါတယ်။ ပြည်သူတွေဟာ နိုင်ငံတော်က ချမှတ် ထားတဲ့ ဥပဒေ (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ) နဲ့အညီ ရွေးကောက်ပွဲ အဆင့်ဆင့်နဲ့ ကိုယ်တိုင်ဝင်ရောက် အရွေးခံနိုင် ပါတယ်။ မိမိတို့ကိုယ်တိုင် အရွေး မခံဘူးဆိုလျှင်လည်း ရွေးကောက် ခံလိုတဲ့လူတွေကို မဲပေးလို့ရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိ သူတွေကို လွှတ်တော် (ပါလီမန်) များ အလိုက် သက်ဆိုင်ရာ ဒေသ၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ယူ ရပါတယ်။

၎င်းကိုယ်စားလှယ်အများ အနေဖြင့် မိမိကို ရွေးချယ်တင်မြှောက်ပေးထားသော ဒေသများအလိုက် မိမိတို့ ဒေသတွင်း နေထိုင် သည့် ပြည်သူပြည်သားများအတွက် မိမိရောက်ရှိနေတဲ့ လွှတ်တော်တစ်ရပ်မှာ တင်ပြ ဆွေးနွေးတင်ပြနိုင်ပါတယ်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဥပဒေပြု ပါလီမန် (လွှတ်တော်) အမတ်တွေက အရည်အချင်း နှင့် ကိုက်ညီသောသူများကို ပြည်ထောင်စုအစိုးရကို ဖွဲ့စည်း တာဝန်ပေးရခြင်း ဖြစ်ပါတယ်။

(၂) တိုက်ရိုက် ဒီမိုကရေစီစနစ်

တိုက်ရိုက် ဒီမိုကရေစီစနစ်ဆိုသည်မှာ ကိုယ်စားပြု ဒီမိုကရေစီစနစ်ကဲ့သို့ ပြည်သူများ ရွေးချယ်ထားသော လွှတ်တော် ကိုယ်စား လှယ်များကို အစိုးရအဖြစ် ခန့်အပ်၍ အုပ်ချုပ် ခိုင်းစေတာမျိုး မဟုတ်ဘဲ အစိုးရက ပေးလာတဲ့ ရွေးချယ်စရာတွေကိုပဲ ပြည်သူတွေ အနေနဲ့ ရွေးချယ်ခွင့်ရှိပါတယ်။ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ကိစ္စများကို အစိုးရကပဲ ဆုံးဖြတ်သွားတာ ဖြစ်ပါတယ်။

တိုက်ရိုက် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးမယ်ဆိုရင် အခက်အခဲများစွာ ရှိနေပါတယ်။ ယနေ့ကမ္ဘာမှာ နိုင်ငံအများစု ကျင့်သုံးနေ တဲ့ ကိုယ်စားပြု ဒီမိုကရေစီမှ တိုက်ရိုက် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် လိုက်လံကျင့်သုံးကြမယ့် ပြည်သူတွေ နားလည် အောင် စည်းရုံး ပညာပေးရေး တွေမှာတင် အခက်အခဲများစွာ ရှိနေပါတယ်။ ၄င်း အခက်အခဲများကြောင့်လည်း ကမ္ဘာနိုင်ငံတွေမှာ တိုက်ရိုက် ဒီမိုကရေစီစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမချ နိုင်ကြသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း တိုက်ရိုက် ဒီမိုကရေစီစနစ်ကို ထည့်စဉ်းစားစရာ မလိုဘူးလို့ ထင်ပါတယ်။

ပြည်သူနဲ့ အစိုးရတို့ တာဝန်ယူရမယ့်အပိုင်း

ဒီမိုကရေစီစနစ်ဆိုတာ လူသားအချင်းချင်း တန်းတူညီမျှနဲ့ ကိုယ်ပိုင် လွတ်လပ်မှုတွေကို အဓိကထား ကျင့်သုံးတဲ့စနစ် တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ဟာ ရှုပ်ထွေးတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီစနစ်မှာ ဆောင်ရန် - ရှောင်ရန်မူတွေ၊ တာဝန်ခံ ယူရတာတွေ၊ အရေးပါတဲ့ သတင်းအဖွဲ့ဌာနတွေ စုံနေအောင် ထားရှိရလို့ပါပဲ။ ပြည်သူလူထုအနေနဲ့ မဲပေးရန် တာဝန်ရှိတာ မဟုတ်ပါဘူး။ အစိုးရနဲ့ ပြည်သူတွေ အကြားမှာ Checks and Balances လို့ ခေါ်တဲ့ အပြန်အလှန် ထိန်းညှိပေးရတဲ့ တာဝန် တွေ ပါရှိနေပါတယ်။ ဥပမာ ပြောရလျှင် မီဒီယာများမှ အစိုးရ တစ်ရပ်အနေနဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်များ အပေါ်တွင် ဝေဖန် ထောက်ပြတာ၊ အကြံပေးတာ စသည်တို့ကဲ့သို ထိန်းညှိပေးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ မတူ ကွဲပြားနေတာတွေကို အစိုးရနဲ့ ပြည်သူပူးပေါင်းပြီး တစ်စည်းတစ်လုံးထဲ ဖြစ်အောင် ၀ိုင်းဝန်း လုပ်ဆောင်ရပါတယ်။ အစိုးရ အနေနဲ့လည်း Rule and Law လို့ ခေါ်တဲ့ တရားဥပဒေ စိုးမိုးရေးကို အဓိကထား လုပ်ဆောင်ရပါတယ်။ နောက်တစ်ခုကတော့ ဒီမိုကရေစီစနစ်မှာ “ကွဲပြားခြားနားချက်တွေ အားလုံးဟာ အတူ တည်ရှိနေရမယ်” ဆိုတဲ့အကြောင်းကို ပြည်သူလူထု တစ်ယောက်စီတိုင်း အပေါ်မှာ သိရှိ နားလည်အောင် လုပ်ပေးရမယ့် တာဝန်တွေလည်း ရှိပါတယ်။ ဒါတွေကို ကိုယ်စီနားမလည်ဘဲ  ဒီမိုကရေစီစနစ်ကို ကျင့်သုံးလို့ မရနိုင်ပါဘူး။

ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူတွေကို ပြင်လို့ မရပါဘူး

ဒီမိုကရေစီစနစ်မှာ အခြေခံမူတွေ ရှိပြီးသားပါ။ ၄င်းအခြေခံမူတွေကို မည်သည့်အကြောင်းနဲ့မှ ဖြည့်စွက်ခြင်း၊ ဖယ်ထုတ်ခြင်း မျိုးတွေ လုပ်လို့ မရပါဘူး။ အကယ်၍ ပြုလုပ်လိုက်မယ်ဆိုပါက အာဏာရှင်စနစ်နဲ့ ထူးမခြားနား ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ မိမိတို့၏ ပြည်သူလူထုနဲ့ ၄င်းစနစ်တို့ အံဝင်ခွင်ကျ မဖြစ်လို့ အခြေခံမူတွေကို ပြင်ချင်တယ် ဆိုရင်တော့ ပြည်သူ လူထု တစ်ရပ်လုံးကို အသိပေးပြီး မဲခွဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

မဲသာသော ဆုံးဖြတ်ချက်ကိုသာ လက်မခံသည် ဖြစ်စေ လိုက်လံ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တစ်ပါတီ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး နောက်ပိုင်း ၂၀၁၀ ခုနှစ် အထိ စစ်အာဏာရှင်များကသာ အုပ်ချုပ် ခဲ့သည့်အတွက် ဒီအချက်ဟာ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အထူး သတိထားရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ဥပမာ ပြောရလျှင် အစ္စလမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံအများစုမှာ ၄င်းတို့ရဲ့ ဘာသာရေး မူဝါဒများကြောင့် သူတို့ရဲ့နိုင်ငံတွေမှာ ဒီမိုကရေစီစနစ် ကျင့်သုံးတယ်လို့ ဆိုပေမယ့် သူတို့ အမှန်တကယ် ကျင့်သုံးနေတာ Democracy မဟုတ်ပါဘူး Theocracy (သီရိုကရေစီ) လို့ ခေါ်တဲ့ အာဏာရှင် ဘာသာရေးစနစ်ကို ကျင့်သုံးနေကြတာပါ။

ထိုဥပမာကို ကြည့်ခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေတဲ့ အချိန်မှာ အခက်အခဲ များစွာ ရှိလာနိုင်ပါသည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်း ကာလမှာ နိုင်ငံတော်တော် များများရဲ့ အာဏာရှင် အစိုးရအနေနဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည့် နိုင်ငံသားတွေရဲ့ အခြေအနေပေါ် မူတည်ပြီး မိမိတို့ လိုသလို ပြောင်းလဲ ပြုပြင်ပြီး အသုံးပြုမိနေတဲ့အတွက် အကျိုးဆက်တွေ မကောင်းပဲ ရှိနေတာကို တွေ့ရပါတယ်။ မူတွေကိုမပြင်ဘဲ  လူတွေကို ပြင်ပေးရမည်သာ ဖြစ်သည်။

ကမ္ဘာ့လူသားတွေအနေနဲ့ ဒီမိုကရေစီစနစ်ကို မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းတွေနဲ့ အသင့်တော်ဆုံးစနစ်လို့ ယူဆထားသော ကြောင့် တစ်စုံတရာ ပြောင်းလဲ ပြုပြင်တာမျိုး ပြုလုပ်ချင်းဖြင့်  အမှားအယွင်းများစွာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ယခု ဖတ်ရှုနေတဲ့ ဒီမိုကရေစီ သင်ခန်းစာတွေဟာ ဒီမိုကရေစီကို လေ့လာနေသူတွေအတွက် ပိုမို သဘောပေါက်အောင် ရှင်းလင်းပေး သွားမယ်လို့ မျှော်လင့်မိသောကြောင့် နောက်ထပ်လာမည့် အပိုင်းများကိုလည်း ဆက်လက် ဖတ်ရှုနိုင်ကြပါစေလို့  ဆုတောင်း ပေးလိုက်ပါတယ်။

အပိုင်း (၂) ကို ဆက်လက် ရှုစားရန် -

Demo Lin @ ဒီမိုလင်း

Ref:  Roland O. Watson

Powered by Bullraider.com