အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) ဘာလဲ၊ ဘယ်လဲ - အပိုင်း (၈)

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ကို လေ့လာကြည့်မိရာမှ အဆင့်မြင့်တက္ကသိုလ်များအတွက် ဆောင်းပါးကို ဆက်လက်ရေးသားခြင်းဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင် တည်ရှိသော မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် နည်းပညာကောလိပ်များ၊ ကွန်ပျူတာတက္ကသိုလ်များ စုစုပေါင်း ၆၄ ခု ရှိသည့်အနက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် (ဗဟန်း နယ်မြေ)နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ် ဟူ၍ တက္ကသိုလ် ၆ ခုမှာ အဆင့်မြင့်တက္ကသိုလ် (Centre of Excellence-COE) အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ သို့သော် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင်မူ နည်းပညာတက္ကသိုလ် ၂ ခုနှင့် ကွန်ပျူတာတက္ကသိုလ် ၂ ခုကိုသာ အဆင့်မြင့်တက္ကသိုလ် (Centre of Excellence-COE) အဖြစ် ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အဆိုပါအဆင့်မြင့်တက္ကသိုလ် ၆ ခုအနက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် (ဗဟန်း နယ်မြေ)နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ် ၅ ခုမှာ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်တွင် တည်ရှိပြီး နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) မှာ စက်မှုနှင့် သက်မွေးပညာဦးစီးဌာန လက်အောက်တွင် တည်ရှိပါသည်။

            အဆိုပါ အဆင့်မြင့်တက္ကသိုလ်များတွင် သင်ကြား ပို့ချပေးအပ်မည့် ဘွဲ့ အမျိုးအစားများကို လေ့လာကြည့်ရာ

            ရန်ကုန်နည်းပညာတ္ကသိုလ် (Centre of Excellence-COE) တွင်

(၁) မြို့ပြအင်ဂျင်နီယာ (Civil Engineering)

(၂) စက်မှုအင်ဂျင်နီယာ (Mechanical Engineering)

(၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering)

(၄) အီလက်ထရောနစ်အင်ဂျင်နီယာ (Electronic Engineering)

(၅) သုတနည်းပညာ (Information Technology)

(၆) စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ (Mechatronic Engineering)

(၇) ဓာတုအင်ဂျင်နီယာ (Chemical Engineering)

(၈) ချည်မျှင်နှင့်အထည်အင်ဂျင်နီယာ (Textile Engineering)

(၉) သတ္တုထူးဖော်ရေးအင်ဂျင်နီယာ (Mining Engineering)

(၁၀) ရေနံအင်ဂျင်နီယာ (Petroleum Engineering)

(၁၁) သတ္တုဗေဒအင်ဂျင်နီယာ (Metallurgy Engineering)

(၁၂) ဗိသုကာ (Architecture)

ဘာသာရပ်များကိုလည်းကောင်း

            မန္တလေးနည်းပညာတက္ကသိုလ် (Centre of Excellence-COE) တွင်

(၁) မြို့ပြအင်ဂျင်နီယာ (Civil Engineering)

(၂) အီလက်ထရောနစ်အင်ဂျင်နီယာ (Electronic Engineering)

(၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering)

(၄) စက်မှုအင်ဂျင်နီယာ (Mechanical Engineering)

(၅) စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ (Mechatronic Engineering)

(၆) သုတနည်းပညာ (Information Technology)

(၇) ဓာတုအင်ဂျင်နီယာ (Chemical Engineering)

(၈) နျူကလီးယားနည်းပညာ (Nuclear Technology)

(၉) ဗိသုကာ (Architecture)

(၁၀) ဇီဝနည်းပညာ (Biotechnology)

ဘာသာရပ်များကိုလည်းကောင်း

            နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)တွင်

(၁) သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology)

(၂) အီလက်ထရောနစ်အင်ဂျင်နီယာ (Electronic Engineering)

(၃) အဆင့်မြင့်ဒြပ်ပစ္စည်းအင်ဂျင်နီယာ (Advanced Materials Engineering)

(၄) တိကျစက်ပစ္စည်းထုတ်လုပ်မှုအင်ဂျင်နီယာ (Precision Engineering)

ဘာသာရပ်များကို သင်ကြား ပို့ချမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်ကို တွေ့ရသည်။

            မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တွင်

(၁) Aerospace- Propulsion and Flight Vehicles

(၂) Aerospace- Avionics

(၃) Aerospace- Electrical Systems and Instrumentation

(၄) Aerospace- Fuel and Propellant

(၅) Aerospace- Space Systems

ဘာသာရပ်များကို သင်ကြား ပို့ချမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်ကို တွေ့ရသည်။     

            အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်များ [ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ) နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်]တွင်

(၁) B.C.Sc. (Software Engineering)

(၂) B.C.Sc. (Knowledge Engineering)

(၃) B.C.Sc. (Business Information Systems)

(၄) B.C.Sc. (High Performance Computing)

(၅) B.C.Tech. (Embedded Systems)

(၆) B.C.Tech. (Computer Communication and Network)

(၇) B.C.Tech. (Computer Systems)

ဘာသာရပ်များကို သင်ကြား ပို့ချမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်ကို တွေ့ရသည်။

Fotolia 4293532_XS ဤနေရာတွင် အဆင့်မြင့်တက္ကသိုလ် ၆ ခု ၏ သင်ကြား ပို့ချမှုများကို လေ့လာကြည့်ပါက နည်းပညာ တက္ကသိုလ်များသည် မိမိတို့ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် အထူးပြု ဘာသာရပ်များကို သီးခြား သင်ကြားကြခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ပြင် သင်ကြား ပေးအပ်မည့် ဘွဲ့အလိုက်လည်း ဘာသာရပ် အထူးပြုဌာနများ ဖွဲ့စည်း ထားရှိပြီး ဖြစ်သည်ကိုလည်း တွေ့ရှိရသည်။ ကွန်ပျူတာ တက္ကသိုလ်များမှာမူ အထူးပြုဘာသာရပ်များကို တက္ကသိုလ် နှစ်ခုလုံး အတူတူပင် သင်ကြားမည် ဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ပြင် သင်ကြား ပေးအပ်မည့် ဘွဲ့အလိုက် အထူးပြု ဘာသာရပ်ဌာနများ ဖွဲ့စည်းထားခြင်း မရှိသေးကြောင်းကို စုံစမ်းသိရှိရပေသည်။ ထို့ပြင် ထူးခြားသည်မှာ နည်းပညာ တက္ကသိုလ်များသည် ယခင်ဘွဲ့များသည်လည်း အထူးပြု ခွဲခြားထားသော ဘွဲ့များဖြစ်ပြီး ကွန်ပျူတာ တက္ကသိုလ်များမှာမူ ယခင်က ကွန်ပျူတာသိပ္ပံ (B.C.Cs.) နှင့် ကွန်ပျူတာနည်းပညာ(B.C.Tech.) သာပေးအပ်ရာမှ အဆင့်မြင့် တက္ကသိုလ်အဖြစ် ဆောင်ရွက်သည့်အခါမှ အထူးပြု ဘာသာရပ်များ ခွဲခြားပေးခြင်းဖြစ်သည်ကို သိရှိရသည်။ သို့ပါသော်လည်း ပေးအပ်မည့် ဘွဲ့အလိုက် သင်ကြားပေးမည့် အထူးပြု ဘာသာရပ်ဌာနများမှာမူ ယခု အချိန်အထိ ဖွဲ့စည်းထားခြင်း မရှိသေးသည်ကို သိရပါသည်။ သို့ဖြစ်ရာ ပြောင်းလဲသည့် အခြေအနေနှင့်အညီ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ရမည်ဖြစ်သည်။

သင်ကြားမည့် ဘာသာရပ်ကိစ္စရပ်များကို စုံစမ်းကြည့်သောအခါ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) တွင် သင်ကြားမည့် ၆ နှစ်အတွက် ပြည့်စုံသော အစီအစဉ် Plan မရှိသေးသည်ကို သိရှိရသည်။ အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များတွင်မူ မည်သည့်နှစ်တွင် ဘာသာရပ် ခွဲခြား သင်ကြားမည်ကို ယခုအချိန်ထိ ဆုံးဖြတ်ချက် မချမှတ် ရသေးသည်ကို တွေ့ရသည်။ မူလက ဒုတိယနှစ်တွင် ဘာသာရပ် ခွဲခြားရန် စီစဉ်ထားသော်လည်း ယခု ထိုသို့ ခွဲအုံးမည်မဟုတ်ဟု သိရသည်။ အဆင့်မြင့်နည်းပညာတက္ကသိုလ်များမှာမူ မူလဘွဲ့များသာ အများစုဖြစ်သဖြင့် သိသာ ထင်ရှားစွာ ပြုပြင် ပြောင်းလဲရန် မလိုသည်ကို တွေ့ရသည်။

ဤနေရာတွင် စာရေးသူအကြံပြုလိုသည်မှာ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) အနေဖြင့် သင်တန်းကာလ အပြည့် သင်ကြားရေးဆိုင်ရာ အစီအမံများကို အမြန်ဆုံး ဆုံးဖြတ်စေလိုပါသည်။ ထို့အတူ အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များ [ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ) နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်] အနေဖြင့်လည်း မိမိတို့ ပေးအပ်မည်ဟု ပြောထားသော အထူးပြု ဘာသာရပ်များကို အမှန်တကယ် ပေးအပ်နိုင်အောင် မည်ကဲ့သို့ ပြင်ဆင်ထားသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြသ သင့်ပါသည်။ အဆင့်မြင့် တက္ကသိုလ် အားလုံး အနေဖြင့် မိမိတို့ တက္ကသိုလ်အလိုက် အင်တာနက်စာမျက်နှာ Web Page များလွှင့်တင်ကာ သတင်း ထုတ်ပြန်ခြင်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်သင့်ပေသည်။ အခြား နိုင်ငံတကာ တက္ကသိုလ်များကဲ့သို့ မိမိတို့ ပေးအပ်ချီးမြှင့်မည့် ဘွဲ့များနှင့် သက်ဆိုင်သော သင်ကြားမည့် ဘာသာရပ်နှင့် သင်ကြားရေးအစီအစဉ်များ၊ ဘွဲ့အလိုက် ရရှိနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများကို အဆိုပါ အင်တာနက်စာမျက်နှာတွင် ဖော်ပြသင့်ပေသည်။

ထို့ပြင် တက္ကသိုလ်ဝင်ခွင့်ကိုလည်း ယခင် စာရေးသူ အကြံပြုသကဲ့သို့ပင် တက္ကသိုလ်ဝင်ခွင့် စိစစ်ရေးချယ်ရေး အဖွဲ့မှ ရွေးချယ်ပေးသည့် ပုံစံမှသည် တက္ကသိုလ်မှ ကိုယ်ပိုင် ဆုံးဖြတ် ရွေးချယ်မှုစနစ်ကို အမြန် ပြောင်းလဲသင့်ပေသည်။ ယခုနှစ်အတွက် အဆင့်မြင့်တက္ကသိုလ်များ ၀င်ခွင့်တွင် ပြောင်းလဲမှုတစ်ခုမှာ ယခင်နှစ်ကကဲ့သို့ မြန်မာပြည်အထက်ပိုင်း၊ အောက်ပိုင်း ခွဲခြားခြင်း မရှိဘဲ မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ် စာမေးပွဲ ဖြေဆိုခဲ့သည့် စာစစ်ဌာနအားလုံးမှ အောင်မြင်သူများ တက်ရောက်ခွင့် ပေးခြင်းဖြစ်သည်။ တိုးတက်ပြောင်းလဲမှု တစ်ခုအဖြစ် အသိအမှတ်ပြုပါသည်။

            စာရေးသူ အားမရဖြစ်ရသည်မှာ အဆင့်မြင့် တက္ကသိုလ်များအနေဖြင့် ကျောင်းသားကျောင်းသူများကို နေထိုင်ရေးအတွက် အဆောင် စီစဉ် မပေးနိုင်ခြင်းဖြစ်သည်။ တက္ကသိုလ် ကျောင်းသားကျောင်းသူများအတွက် လိုအပ်သော Facilities အပြည့်ဖြင့် နေထိုင်နိုင်မည့် အဆောင်များ စီစဉ်ပေးကာCampus Life ကို ရရှိအောင် စီစဉ် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သည်။

            ထို့အတူ ထပ်မံ ပြုပြင်ပြောင်းလဲရမည့် အချက်များမှာ တက္ကသိုလ်၏ စီမံခန့်ခွဲမှု ကိစ္စရပ်များဆိုင်ရာ ကိစ္စဖြစ်သည်။ တက္ကသိုလ်သည် ဦးစီးဌာန၊ ၀န်ကြီးဌာန လက်အောက်ခံဘ၀မှသည် ကိုယ်ပိုင် ရပ်တည်မှု ရှိစေရန် ဆောင်ရွက်ပေးရန် ပြုပြင် ပြောင်းလဲရမည်ဖြစ်သည်။ ဤအချက်ကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၊ ပညာရေးညီလာခံ ကျင်းပရေးကော်မတီမှ ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် အမျိုးသားပညာရေး မူဝါဒ (မူကြမ်း) တွင် အဆင့်မြင့်ပညာ ကဏ္ဍတွင် တက္ကသိုလ်နှင့် ကောလိပ်များသည် ၀န်ကြီးဌာန အသီးသီး၏ တိုက်ရိုက်အုပ်ချုပ်မှုမှ ကင်းလွတ်၍ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှ စီမံ ခန့်ခွဲခွင့်ရှိသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်နှင့် ကောလိပ်များဖြစ်ရေးကို ထည့်သွင်း အကြံပြုထားကြောင်း သိရသည်။ အမြန်ဆုံး အကောင်အထည် ပေါ်စေလိုပါသည်။

            ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ကြည့်မည်ဆိုပါကလည်း တက္ကသိုလ်များသည် ဦးစီးဌာနလက်အောက်တွင် ရှိနေသည်မှာ လွဲမှားနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါဥပေဒ ပုဒ်မ ၂၊ ပုဒ်မခွဲ ( ဂ ) တွင် “ဝန်ထမ်းအဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းကို ဆိုသည်။” ဟုလည်းကောင်း ပုဒ်မ ၂၊ ပုဒ်မခွဲ (ဃ) တွင် “ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး ဆိုသည်မှာ နိုင်ငံတော်သမ္မတက ဝန်ထမ်းအဖွဲ့အစည်း တစ်ခုခုတွင် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးအဖြစ် တာဝန်ပေး ခန့်အပ်ခြင်း ခံရသူကို ဆိုသည်။” ဟုလည်းကောင်း၊ ပုဒ်မ ၂၊ ပုဒ်မခွဲ ( င ) တွင် “ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်း ခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါကိစ္စ အလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မပါဝင်။” ဟု  ဖော်ပြထားရာ တက္ကသိုလ် ပါမောက္ခချုပ်သည် နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး ဖြစ်သကဲ့သို့ တက္ကသိုလ်ကို စီမံခန့်ခွဲသည့် ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်သည်လည်း နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးပင်ဖြစ်ရာ တက္ကသိုလ် သင်ကြားရေး၊ စီမံခန့်ခွဲရေး ၀န်ထမ်းများသည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး နှစ်ယောက်၏ လက်အောက်ခံ ၀န်ထမ်းဖြစ်နေသည်ကို တွေ့ရှိရပေမည်။ သို့ဖြစ်ရာ အဆိုပါဥပဒေအရ ကြည့်မည်ဆိုပါက ၀န်ထမ်းတစ်ဦးသည် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး နှစ်ယောက်၏ စီမံခန့်ခွဲမှုကို နာခံရမည့် အဖြစ်မှ ကင်းဝေးရန် ဦးစီးဌာန လက်အောက်ခံအစား ၀န်ကြီးဌာနကသာ တိုက်ရိုက်ကွပ်ကဲပါက လက်ရှိအတိုင်း ဆိုလျှင် ပိုမိုသင့်လျော်ပေမည်။ ထို့ပြင် ၀န်ထမ်းအဖွဲအစည်း အကြီးအမှူးတစ်ဦးဖြစ်သော ပါမောက္ခချုပ်၏ အထက်တွင် နောက်ထပ် ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူး ညွှန်ကြားရေးမှူးချုပ် ထပ်မံ ရှိနေခြင်းမှာလည်း စဉ်းစား သုံးသပ်ဖွယ်ဖြစ်သည်။

စာရေးသူအနေဖြင့် တက္ကသိုလ်များကို အမှန်တကယ် တက္ကသိုလ် ပီသလာစေရန် ရေးသား အကြံပြုနေခြင်း ဖြစ်သည်။ သင်ကြားရေး စီမံရေးကိစ္စရပ်များ အားလုံးကို Autonomy ဖြင့် ဆောင်ရွက်နိုင်ရပေမည်။ တက္ကသိုလ်ကို ပညာရပ်ဝန်း အဖြစ် အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက်သင့်ပေသည်။  ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ပညာရေး ကိစ္စရပ်များတွင် အမှန်ကို အမှန်အတိုင်း ရင်ဆိုင်ရန် လိုအပ်မည်ဖြစ်သည်။ အမှန်ကို အမှန်အတိုင်း ရင်ဆိုင်ခြင်း မရှိသောအခါ မိမိညံ့သည်ကို ညံ့မှန်း မသိတော့ဘဲ အဖြစ်မှန်များနှင့် ကင်းကွာ ရတော့မည်ဖြစ်သည်။ အမှန်တကယ် အရည်အချင်းကို စိစစ်ခြင်းမပြုဘဲ လူကြားကောင်းအောင် စာရင်းဇယားများဖြင့် တက္ကသိုလ် ကောလိပ်ပေါင်း မည်မျှရှိသည်၊ မွေးထုတ်ပြီး ဘွဲ့ရ အရေအတွက် မည်မျှရှိသည်တို့ကိုသာ ဖော်ပြနေရုံမျှဖြင့် အရည်အချင်း ပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ် လေ့ကျင့်ပေးနိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ အမှန်တကယ် အဆင့်မြင့် တက္ကသိုလ်ဖြစ်အောင် ဆောင်ရွက်သင့်ပေသည်။

            အမှန်ဆိုရလျှင် တက္ကသိုလ်သည် တက္ကသီလာမှ ဆင်းသက်ခြင်းဖြစ်၍ တက္က (ကြံစည်ခြင်း) နှင့် သီလ (အလေ့အကျင့်) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဆိုင်းဘုတ် တင်လိုက်ရုံမျှဖြင့်တော့ တက္ကသိုလ် ဖြစ်မလာပါဟူ၍ ဆိုချင်ပါသည်။ တက္ကသိုလ်၏ မူလ အဓိပ္ပါယ် ပြည့်စုံစေရန် အတွေးအခေါ်ကို ပေးနိုင်ရမည်ဖြစ်သည်။ ဘွဲ့လက်မှတ်ကို ပေးအပ်ရုံမျှဖြင့်တော့ တက္ကသိုလ်အမည် တပ်လျှင် သင့်တော်မည် မဟုတ်ပေ။

            စာရေးသူအနေဖြင့် အဆင့်မြင့် တက္ကသိုလ်ဆိုသည်မှာ မြန်မာနိုင်ငံပညာရေးအတွက် ရှေ့ပြေးစမ်းသပ်သည့် တက္ကသိုလ်များအဖြစ် နားလည်လက်ခံသည်ဖြစ်ရာ အောက်ပါအချက်များကို ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

(၁) တက္ကသိုလ်များကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ရှိ Autonomous Body အဖြစ် ရပ်တည်ခွင့် ပေးပါ။

(၂) တက္ကသိုလ်များ၏ သင်ကြားရေးကိစ္စအ၀၀ကို တက္ကသိုလ်ပညာရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်ပါစေ။

(၃) တက္ကသိုလ်၏ ၀န်ထမ်းရေးရာကိစ္စများကို (လွတ်လပ်သော) တက္ကသိုလ်ကောင်စီမှသာ ဆောင်ရွက်ပါစေ။

(၄) တက္ကသိုလ်တွင် လိုအပ်သော Facilities များကို ပြည့်ဝစေရန် စီမံဆောင်ရွက်ပေးပါ။

(၅) တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် Campus Life ကို ရရှိစေရန် ပြန်လည် ဆောင်ရွက်ပေးပါ။

(၆) တက္ကသိုလ်၏ နိုင်ငံခြား ဆက်သွယ်ရေးကိစ္စများ အားလုံးကို လွတ်လပ်စွာ စီမံဆောင်ရွက်ပိုင်ခွင့်ပေးပါ။

(၇) ယခု လက်ရှိအနေအထားအရ အဆိုပါ အဆင့်မြင့်တက္ကသိုလ်များကို လွတ်လပ်သော အရည်အချင်း စိစစ်ရေး အဖွဲ့တစ်ခုဖြင့် အဆင့်အတန်း သတ်မှတ်ပေးပါ။

(၈) တက္ကသိုလ် ကျောင်းသားကျောင်းသူများအတွက် အချိန်ပြည့် အသုံးပြုနိုင်မည့် Lab များဖန်တီးပေးပါ။ စာကြည့်တိုက်များကို အချိန်ပြည့် အသုံးပြုနိုင်စေရေး စီစဉ် ဆောင်ရွက်ပေးပါ။ (ယခုဆိုလျှင် စာရေးသူ သိသလောက် တက္ကသိုလ်များမှာ အင်တာနက် Server များ ကျောင်းချိန်ပြီးလျှင် ပိတ်ထားသည်သာ များနေပါသည်။ လျှပ်စစ်မီး စိတ်မချရသဖြင့်ဟု အကြောင်းပြပါသည်။ စာရေးသူ နားလည်သည်မှာ အင်တာနက် Server မှာ အချိန်ပြည့် ဖွင့်ထားရမည်ဟုသာ သိပါသည်။)

(၉) တက္ကသိုလ်အလိုက် ပေးအပ်ချီးမြှင့်မည့် ဘွဲ့များနှင့်သက်ဆိုင်သော သင်ကြားမည့် ဘာသာရပ်နှင့် သင်ကြားရေး အစီအစဉ်များ၊ ဘွဲ့အလိုက် ရရှိနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများကို အင်တာနက်စာမျက်နှာ လွှင့်တင်ပေးပါ။

            အထက်ပါအချက်များကို စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါက အဆိုပါ တက္ကသိုလ်သည် အမှန်တကယ် အဆင့်မြင့်သော အဆင့်မြင့်တက္ကသိုလ် ဖြစ်လာပြီဟု သတ်မှတ်နိုင်မည်ဖြစ်ပါသည်။

စံပယ်မ

အဆင့်မြင့် တက္ကသိုလ် Center of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၁)
အဆင့်မြင့် တက္ကသိုလ် Center of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၂)
အဆင့်မြင့် တက္ကသိုလ် Center of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၃)
အဆင့်မြင့် တက္ကသိုလ် Centre of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၄)
အဆင့်မြင့် တက္ကသိုလ် Centre of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၅) 
အဆင့်မြင့် တက္ကသိုလ် Centre of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၆) 
အဆင့်မြင့် တက္ကသိုလ် Centre of Excellence ဘာလဲ၊ ဘယ်လဲ - အပိုင်း (၇) 

Powered by Bullraider.com