ဖက်ဒရယ်ပညာရေး အပိုင်း (၁ - ၂)

မတူကွဲပြားသော နိုင်ငံတော်

မတူကွဲပြားခြားနားမှုမှာ ဒီမိုကရေစီ၏ အားဖြစ်သည်ဟူ၍ ဆိုကြပါသည်။ မတူကွဲပြားခြင်းမှာ တကယ်တော့လည်း သဘာဝနိယာမ တရားတစ်ခုမျှသာ။ ပိုမိုယဉ်ကျေးသော မျက်မှောက်ခေတ်လူ့ဘောင်ကို ရှင်သန်စည်ပင်စေခြင်း၊ သဟဇာတ ဖြစ်စေခြင်းနှင့် ဦးဆောင် ထိန်းကျောင်း ပဲ့ကိုင်ခြင်းမှာ မတူကွဲပြားခြားနားမှုကို စီမံခန့်ခွဲခြင်းပင် ဖြစ်သည်ဟူ၍ ဒီမိုကရေစီ နိုင်ငံရေး သုခမိန်တို့က ဆိုကြသည်။ ပညာရေးတွင် ဤမတူ ကွဲပြားခြားနားမှုတို့ကို ထည့်သွင်း စဉ်းစားမှသာလျှင် ပိုမို၍ သဟဇာတ ဖြစ်သော လူ့အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့် ဖွံ့ဖြိုးရေးတို့ကို ရှေးရှုသော အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါမည်။ ကလေးငယ်တို့သည် မွေးရာပါ ဗီဇနှင့် စွမ်းရည် မတူကြ။ ၀ါသနာများလည်း ကွဲပြားကြသည်။ ဥာဏ်ရည်အမျိုးမျိုးနှင့် သင်ယူနေကြသည်။ လူမျိုးနှင့် မိခင်ဘာသာစကားများလည်း ခြားနားနေ တတ်သည်။ ရှင်သန်ကြီးပြင်းရာ ဒေသန္တရ ပတ်ဝန်းကျင်မှာလည်း ကွဲပြားနိုင်သေးသည်။ ဘ၀နောက်ခံများမှာလည်း အခြေအနေ အမျိုးမျိုး။ လူမှုစီးပွား အဆင့်အတန်းချင်းလည်း ကွာဟကြပါသည်။ ပညာရေးစိတ်ပညာမှ ထောက်ပြထားသည်မှာ နိုင်ငံတော်၏ ဒေသအသီးသီးရှိ ကလေးငယ်တို့သည် မတူ ကွဲပြားမှုများစွာဖြင့် ကျောင်းနှင့် စာသင်ခန်းများတွင် တက်ရောက်လျက်ရှိနေကြသည်။ အထင်ကရဖြစ်သော မတူကွဲပြားသည့် အုပ်စုများကို မျိုးတူ စုစည်းလေ့လာနိုင်သည်။ မတူကွဲပြားမှုကို တစ်ဦးချင်းသဘောဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ ပညာရေးစနစ်၊ သင်ရိုးညွှန်းတမ်းနှင့် စာသင်ကျောင်းမူဝါဒတို့တွင် မလွဲမသွေ ထည့်သွင်း စဉ်းစားသင့်ပါသည်။ ဤသို့ဖြင့် တစ်သီးပုဂ္ဂလ ဖွံ့ဖြိုးမှုကို ထိထိရောက်ရောက် အကူအညီ ပေးနိုင်ခြင်းအပြင် လူမှုအသိုင်းအ၀ိုင်း တစ်ခုလုံးအတွက်လည်း ပိုမို လက်တွေ့ကျသော၊ အကျိုးဖြစ်ထွန်းသော စာသင်ကျောင်းများ ဖြစ်လာနိုင်ပါမည်။

Federal-Edu-1

မတူကွဲပြားသော လူမျိုးစုများ၊ လူမျိုးနွယ်များနှင့် ယုံကြည်ကိုးကွယ်ရာ ဘာသာတရားများအပြင် ခေတ်ကာလ ယဉ်ကျေးမှုပုံစံ အမျိုးမျိုး၊ အတွေးအခေါ် အယူအဆ အမျိုးမျိုးတို့ဖြင့် ရှိနေသည့် မြန်မာနိုင်ငံတွင် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့် အငြင်းပွား ဖွယ်ရာဖြစ်သော ၂၀၁၄ အမျိုးသား ပညာရေးဥပဒေတို့တွင် မတူ ကွဲပြား ခြားနားမှုများကို ထည့်သွင်း စဉ်းစားကြပါ၏လော။ ပညာရေးနှင့် စာသင်ကျောင်းမှာ မျက်မှောက်ခေတ်မျှသာ မကဘဲ အနာဂတ်နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွက် လားရာလမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်ပါသည်။ လိုလား တောင့်တနေကြသည့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ကို ဖော်ဆောင်ပေးနိုင်မည့် အမျိုးသားပညာရေး ဥပဒေဟု မည်သူ အာမခံပါမည်နည်း။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရန် ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဤ ၂၀၁၄ ဗားရှင်း အမျိုးသား ပညာရေးဥပဒေတို့က ဖက်ဒရယ်လမ်းကြောင်းကို တည့်မှန်စွာ ဖော်ဆောင်ပေးနိုင်ပါမည်လော။

အတိတ်ကာလ ၁၉၄၇ ဖက်ဒရယ်အိပ်မက်နှင့် ၂၀၁၄ ပညာရေး ကနဦးခြေလှမ်းများ

၁၉၄၇ ခုနှစ် လွတ်လပ်ရေးကာလမတိုင်မီ တိုင်ပြုပြည်ပြုလွှတ်တော် အစည်းအဝေးများတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များက မတူကွဲပြားခြားနားမှုကို တန်ဖိုးထားပြီး ယဉ်ကျေးမှုတို့ ပိုမို သဟဇာတဖြစ်စေမည့် ဖက်ဒရယ်စနစ် (တနည်းအားဖြင့်) “အသွေးအရောင်စုံ ယဉ်ကျေးမှုစနစ်” ကို တည်ဆောက်ရန် မျှော်မှန်းခဲ့ကြသည်။ ပညာရေးတွင်လည်း “အသွေးအရောင်စုံ ပညာရေးစနစ် multicultural education” ကို ကျင့်သုံးကြရန် တိုင်ပင်ခဲ့ကြဖူးသည်။ ဤသည်မှာလည်း ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အကောင်းဆုံးသော မောင်းနှင်အားအနေဖြင့် ပညာရေးက ဖြည့်ဆည်းပေးရန် ရည်ရွယ်ရင်း ရှိခဲ့ပုံရပါသည်။

မျက်မှောက်ခေတ် ၂၁ ရာစု၏ ကမ္ဘာ့ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ရှင်သန်စည်ပင်စေရန်အတွက် မတူကွဲပြားမှုကို ထည့်သွင်းစဉ်းစားသည့် အသွေးအရောင်စုံ ပညာရေးစနစ်ကို အောင်အောင်မြင်မြင် ကျင့်သုံးလျက်ရှိကြသည်ကို လေ့လာတွေ့ရှိရသည်။ တိုင်းပြည်၏ ပကတိ လူမှုအရှိတရားများကို အခြေခံလျက် ပညာရေးလှုမှုဗေဒဆိုင်ရာ သုတေသနလေ့လာမှုများ၊ တိုင်းရင်းသား ညီညွတ်ရေး အမြင်သဘောထားများ၊ ဖက်ဒရယ်ယဉ်ကျေးမှု အခြေခံများအပေါ် စေ့ငုံစွာ သုံးသပ်ပြီး ပညာရေးစနစ်ကို တည်ဆောက်ခြင်းဟူ၍လည်း ဆိုနိုင်ပါသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲမှုအချို့ ရှိခဲ့သည်။ အထူးသဖြင့် အစိုးရအပြောင်းအလဲဖြစ်တိုင်း၊ သို့မဟုတ် နိုင်ငံတော်အာဏာ သိမ်းယူပြီးတိုင်း ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားမှုအချို့ ရှိခဲ့သည်။ ပညာရေးစနစ် အပြောင်းအလဲ ကာလတိုင်းတွင် အငြင်းပွားဖွယ်ရာ များစွာ ပါရှိနေခဲ့သည်။ အာဏာရှင်တို့စိတ်ကြိုက် တင်းကျပ် လွန်းသော ပညာရေးပြုပြင်ပြောင်းလဲမှုတို့ဖြစ်သဖြင့် တိုင်းရင်းသား ပြည်သူတို့၏ ပညာအခွင့်အရေးများနှင့် အရည်အသွေးအတွက် ရတက်မအေးဖြစ်ခဲ့ကြရသည်။ အထူးသဖြင့် ၁၉၆၂ ခုနှစ်တွင် “ပညာရေးဆုတ်ကပ်” မှာ ၀မ်းနည်းဖွယ်ရာ စတင်ခဲ့တော့သည်။ ပွင့်လင်း လွတ်လပ်သော ဒီမိုကရေစီခေတ်မှာ လွတ်လပ်ရေးသက်တမ်း ငယ်နုစဉ်မှာပင် ကွယ်ပျောက်ခဲ့တော့သည်။ ၂၀၁၂ ခုနှစ် မတိုင်မီအထိ နှစ် ၅၀ မျှ မီဒီယာများတွင် ပညာရေးဆိုင်ရာ ငြင်းခုံ ဆွေးနွေးမှုများ၊ ဝေဖန်တင်ပြမှုများ၊ ဆန့်ကျင်ဖက်အမြင်များကို လက်ခံ ဆွေးနွေးမှုများ ဖော်ပြခွင့် မရရှိခဲ့ပါ။ ယခု ၂၀၁၄ ခုနှစ်၊ မီဒီယာခေတ်ဦး၊ အသွင်ကူးပြောင်းရေးကာလ၊ ပညာရေး ပြုပြင်ပြောင်းလဲမှုများ နိဒါန်းပိုင်းသို့ စတင်သော ကာလ… စသည်ဖြင့် ခေတ်ပုံရိပ်ကို ဖော်ကျူးနိုင်ပါသည်။ ပါလီမန် ဒီမိုကရေစီနိုင်ငံရေး အပြောင်းအလဲသို့ ဦးတည်နေသည်ဟု ယူဆဖွယ်ရာရှိသည့် အခြေအနေတွင် ပညာရေးဆိုင်ရာ ငြင်းခုံခြင်းများ၊ ဝေဖန်တင်ပြဆွေးနွေးမှုများနှင့် ဆန့်ကျင်ဖက် အမြင်များကို တရားဝင် ဆွေးနွေးခွင့်များ ပိုမို ရရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ပင်တားဆီးခဲ့သော တိုင်းရင်းသား ဘာသာစကားများ သင်ကြားရေးကိုလည်း ပြန်လည် အသက်သွင်းရန် တရားဝင် ကြိုးပမ်း အားထုတ်မှုများအထိ ရှိလာခဲ့သည်။

သို့ရာတွင် ပညာရေး ပြုပြင်ပြောင်းလဲလိုသူများနှင့် အစိုးရ၏ ပညာရေးအာဂျင်ဒါတို့တွင်ဖြစ်စေ၊ ပညာရေး ပရော့ဂျက်များတွင်ဖြစ်စေ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အတွက် လမ်းကြောင်း ဖော်ဆောင်နိုင်မှုများမှာ အားနည်းလျက်ပင် ရှိနေသေးကြောင်း တင်ပြလိုပါသည်။ နိုင်ငံရေးပါတီအချို့နှင့် ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ အချို့တို့က ဦးဆောင်သော ပညာရေး ဆွေးနွေးပွဲများနှင့် တိုင်းရင်းသား နယ်မြေဒေသများရှိ ပညာရေးလုပ်ငန်းများ၊ စီမီနာများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် အဦးအစ ခြေလှမ်းများ အနေဖြင့် မှတ်ယူနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စု ပညာရေးဆိုင်ရာကိစ္စများကို ထည့်သွင်းလျက် ဆွေးနွေးခြင်းများ စတင် နေသည်ကို သတိပြုမိပါသည်။ တိုင်းရင်းသား ပြည်သူလူထု၏ လူမှု ပကတိအရှိတရားများ၊ လိုအပ်ချက် ဆန္ဒများအပေါ် အခြေခံလျက် တနိုင်တပိုင် ပညာရေး ပြုပြင်ပြောင်းလဲမှုများ၊ စာသင်ခန်းအတွင်းထိ သက်ရောက်မှု ရှိစေသော သင်ရိုးညွှန်းတမ်း စံနှုန်းများ၊ သင်ကြားနည်းများ၊ အကြောင်းအရာများကိုလည်း ပြုပြင်ပြောင်းလဲလာခြင်းများမှာ ကိုယ့်ဝန်ကိုယ်ထမ်းလျက် ဖက်ဒရယ်ပညာရေးစနစ်ကို ဒေသန္တရအဆင့် တည်ဆောက်ရန် ကြိုးပမ်းမှုများအနေဖြင့် သုံးသပ်ရပါသည်။

ပညာရေးပြောင်းလဲမှုများနှင့် အငြင်းအခုံ

အာဏာရယူထားသော ဦးသိန်းစိန်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနကလည်း ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ချက်များ မီဒီယာများတွင် မကြာမကြာ ဖတ်ရှုရသည်။ အထူးသဖြင့် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမနှင့် နေပြည်တော်တို့တွင် “အမျိုးသား ပညာရေးဥပဒေ (မူကြမ်း)” ကို အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲများဖြင့် ကျင်းပကြကြောင်း သတင်းများပင်။ အခြားတဖက်တွင်လည်း အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများနှင့် အခြားပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ NGO များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ဆရာသမဂ္ဂများ စုဖွဲ့ထားသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER တို့က ၂၀၁၄ အမျိုးသား ပညာရေးဥပဒေကို အပြင်းအထန် ဆန့်ကျင် ကန့်ကွက် လျက်ရှိနေသည်။

အထူးသဖြင့် တိုင်းရင်းသား ပြည်သူလူထု၏ ပညာရေးဆန္ဒအပေါ်တွင် အခြေမခံခြင်း၊ ကျောင်းသားထု၊ ကျောင်းဆရာ ဆရာမများကိုယ်တိုင် ပါဝင်ရေးဆွဲခွင့် မရရှိခဲ့ခြင်း၊ လူထုအကြံပြုချက်များအပေါ် ထည့်သွင်း စဉ်းစားမှု မရှိခြင်းများ၊ ပညာရေးလွတ်လပ်ခွင့် အလွန်အမင်း အားနည်းနေသေးခြင်း၊ ဗဟိုဦးစီးချုပ်ကိုင်မှု တင်းကျပ်နေဆဲဖြစ်သည့် အပြင် တိုင်းရင်းသားများ၏ ပညာရေးအခွင့်အရေးအပေါ် အခြေမခံထားခြင်း၊ မသန်စွမ်းကလေးငယ်များအတွက် ခွဲခြားထားသော ဥပဒေဖြစ်ခြင်း၊ ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်ခွင့်တို့ကို အာမခံချက် မပေးနိုင်ခြင်း စသည့် အချက်အလက်များအပေါ်တွင် ကန့်ကွက်ဆန့်ကျင်ကြကြောင်း လေ့လာ တွေ့ရှိရပါသည်။

ကျောင်းဆရာဆရာမများ၏ အလုပ်တန်ဖိုးနှင့် ဂုဏ်သိက္ခာတို့ကိုလည်း အမျိုးသား ပညာရေးဥပဒေက ကာကွယ်ပေးခြင်း၊ တိုးမြှင့် ဆောင်ရွက်ခြင်းတို့ အားနည်းကြောင်း ထောက်ပြထားသည်။ သင်ရိုးညွှန်းတမ်း ဆိုင်ရာ ကဏ္ဍတွင်လည်း မတူကွဲပြားသော တိုင်းရင်းသား မျိုးနွယ်စုများအတွက် လွတ်လပ်ခွင့် ပိုမို ရရှိသင့်ကြောင်း အကြံပြုထားကြသည်။ ပညာရေး အဆင့်အတန်း ကွာခြားချက် မရှိစေရန်အတွက် အနိမ့်ဆုံးစံသတ်မှတ်ချက် လိုအပ်နေဆဲ။

ပညာရေးအရည်အသွေး တိုးတက် ကောင်းမွန်စေရေးအတွက် သင်ကြားမှု-သင်ယူမှု နည်းလမ်းများ၊ ပညာရည်တိုးတက်မှုကို စစ်ဆေး အကဲဖြတ်သည့် စနစ်များနှင့် ပညာရေးအသုံးစရိတ် ဘတ်ဂျတ်ဆိုင်ရာ ပြဌာန်းချက်များတွင်လည်း အမြင်သဘောထား မတူကြပါ။

ဥပဒေပြဌာန်းခဲ့လေပြီ…

သမ္မတဦးသိန်းစိန်ကလည်း အမျိုးသားပညာရေး  ဥပဒေကြမ်းတွင် ပါဝင်သည့် စနစ်တစ်ခုလုံးသည် နောင် ၁၃ နှစ် ကြာမှာသာ အားလုံး အကောင်အထည်ဖေါ်နိုင်မည်ဟု မှတ်ချက်ပြုကြောင်းလည်း ဖတ်ရှုရသည်။ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုထားသော အမျိုးသား ပညာရေးဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက သဘောတူ လက်ခံခြင်း မရှိဘဲ ပြန်လည်ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ထားသည့် သဘောထား မှတ်ချက် ၂၅ ချက်တွင် ဤအချက်မှာ တစ်ချက်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်မှ အတည်ပြုထားသည့် ပြင်ဆင်ချက် ၇၁ ချက်အပေါ် မူတည်ဆွေးနွေးပြီး အမျိုးသားပညာရေးဥပဒေကြမ်းတစ်ခုလုံးကို အတည်ပြုခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က ယင်းဥပဒေကြမ်းကို အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီးပါက ဥပဒေအဖြစ် ထုတ်ပြန် ပြဌာန်းနိုင်မည်ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေကို ပြုစုရေးဆွဲသူများ၊ သဘောတူ ထောက်ခံသူများ၊ အတည်ပြု ပြဌာန်းသော အစိုးရနှင့် လွှတ်တော်.. စသည်တို့နှင့် အပြင်းအထန် ကန့်ကွက်ဆန့်ကျင်သူများအကြား ပညာရေး အတွေးအခေါ်၊ အယူအဆ၊ အကျင့်အကြံနှင့် ပညာရေးမူဝါဒတို့၏ အကွာအဝေးမှာကား အချိုးရာကြီးကြီးဖြင့် ပိုမို ဝေးကွာ၊ ကျယ်ပြန့် နက်ရှိုင်းခဲ့ရပြီ။ ဤသည်မှာလည်း အပြောင်းအလဲအတွက် မရှိမဖြစ် တရားဝင် အကွာအဝေးတစ်ခုဟူ၍ ဆိုချင်ပါသည်။

ဖက်ဒရယ်ပညာရေးအကြောင်း ပြောကြပါစို့

ပညာရေးဆိုင်ရာ ပြောင်းလဲမှုခေါင်းစဉ်များတွင် စိုးစဉ်းငယ်မျှ မကြားရ၊ မမြင်ရ၊ မဖတ်ရှုရသေးသည်မှာကား ဖက်ဒရယ်ပညာရေး အကြောင်းပင်ဖြစ်ပါ၏။ ခေတ်အဆက်ဆက် မျက်ကွယ်ပြုထားခဲ့ကြသည်၊ တလွဲ ပုံဖျက်ထားကြသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရန် လိုအပ်ချက်ကိုတော့ဖြင့် ၂၀၁၄-၂၀၁၅ မြန်မာ့နိုင်ငံရေးသမားများ ပိုမို စိတ်ဝင်စားမှု ရှိလာသည်ကို တွေ့ရပါသည်။ တိုင်းရင်းသားများ၏ ဘ၀များ၊ ဆန္ဒများ၊ ရှင်သန်မှုများနှင့် ထပ်တူကျနေသည်မှာ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟူ၍ ကျွန်တော် သုံးသပ်မိပါသည်။ သို့ဖြစ်လေရာ ဖက်ဒရယ် ပြည်ထောင်စုစနစ်အတွက် ပိုမို အာမခံချက်ပေးမည့် ဖက်ဒရယ်နိုင်ငံရေး စနစ်အကြောင်း၊ ဖက်ဒရယ် ပညာရေး စနစ်အကြောင်း၊ အသွေးအရောင်စုံယဉ်ကျေးမှုပညာရေးအကြောင်းနှင့် ၂၁ ရာစု၏ ငြိမ်းချမ်းရေးနှင့် သဟဇာတ သင်ရိုးညွှန်းတမ်းအကြောင်းတို့ကို အကျယ်တ၀င့် ဖွင့်ထုတ် ဆွေးနွေးသင့်ပြီဟုလည်း အကြံပြုလိုပါသည်။ ဒီမိုကရေစီ စံနှုန်းများအပေါ် အခြေခံထားသည့် ဖက်ဒရယ်ပညာရေးစနစ်မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခရာကျကြောင်းကိုလည်း ဆွေးနွေး ပြောဆိုသင့်ပါသည်။ တိုင်းရင်းသားဒေသများအလိုက် ဖက်ဒရယ်ပညာရေးစနစ်ကို စတင်ကျင့်သုံးရန်လည်း တိုက်တွန်းလို ပါသည်။ ဖက်ဒရယ်ပြည်ထောင်စုအတွက် နိုင်ငံရေးအရ အဖြေရှာကြသည့်အချိန်နှင့် တပြိုင်နက်တည်းမှာ တိုင်းရင်းသားများကလည်း မိမိတို့ကိုယ်တိုင်ပင် ဖက်ဒရယ်ပညာရေးကို မူဒါဝဒများချမှတ်၍ ကျင့်သုံးသင့်ပါသည်။ ပြည်နယ်အတွင်းရှိ အာဏာပိုင်များနှင့် နိုင်ငံရေး သမားများ ပိုမို၍ နား၊ မျက်စိပွင့်လာစေရေးအတွက် ဖက်ဒရယ်ပညာရေး စာမျက်နှာများ ပေါ်ထွက်လာပြီး ဖက်ဒရယ်ပညာရေး ဆွေးနွေးသံများ စူးရှ ကျယ်လောင်ရပါလိမ့်မည်။

ယခုလမှစတင်၍ ဖက်ဒရယ်ပညာရေးအကြောင်းကို တင်ပြဆွေးနွေးသွားပါမည်။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၊ တိုင်းရင်းသား လူမျိုးစုများ အရေး၊ မျက်မှောက်ခေတ် ဒီမိုကရေစီနှင့် တန်းတူရေး လှုပ်ရှားမှုများအပေါ်တွင် ဖက်ဒရယ် ပညာရေးဆိုင်ရာ အားဖြည့် ဆောင်ရွက်နိုင်မှု များကို သုံးသပ်သွားမည်ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အောင်မြင်စွာ ကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများ၏ ဖက်ဒရယ် ပညာရေး စနစ်အကြောင်းတို့ကိုလည်း ယှဉ်တွဲလေ့လာနိုင်စေရန် ဆက်လက်ဆွေးနွေးသွားပါမည်။

ဖက်ဒရယ်စနစ် Federalism

ဖက်ဒရယ်ပညာရေးအကြောင်းကို အသေးစိတ် မဆွေးနွေးမီ ဆရာဆရာမများနှင့် မြန်မာကျောင်းသားလူငယ်များအတွက် နောက်ခံ ဗဟုသုတအနေဖြင့် သိရှိထားသင့်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်အကြောင်းကို နိဒါန်းမျှ ဦးစွာ မိတ်ဆက်တင်ပြ လိုပါသည်။ ထို့နောက် ဒီမိုကရေစီ၊ တန်းတူရေး၊ ဖက်ဒရယ်စနစ်တို့နှင့် ပညာရေးမူဝါဒများ အဆက်အစပ်ကို ဆက်လက်တင်ပြပါမည်။ စာသင်ခန်းတွင်းဒီိမိုကရေစီ၊ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့် ကျောင်း ပညာရေးစနစ်၊ တိုင်းရင်းသားယဉ်ကျေးမှုများနှင့် သင်ရိုးညွှန်းတမ်းတို့ကိုလည်း အကျယ်တ၀င့် ဆွေးနွေးသွား ပါမည်။ မတူကွဲပြားသော တိုင်းရင်းသား မျိုးနွယ်စုများအတွက် ဖက်ဒရယ်ပညာရေးစနစ်အကြောင်းကို အဓိကအားဖြင့် မဏ္ဍိုင်ပြုလျက် ဤဆောင်းပါးစုကို ပြုစုရေးသားပါသည်။

ဖက်ဒရယ်စနစ်မှာ ကမ္ဘာ့နိုင်ငံရေးသမိုင်းစာမျက်နှာပေါ်တွင် ကျင့်သုံးလာခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်မျှသာ ရှိပါသေးသည်။ ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိပြီး ထိုနိုင်ငံများတွင် အုပ်ချုပ်မှုပုံသဏာန်အမျိုးမျိုးနှင့် နောက်ခံ သမိုင်းများလည်း မတူ၊ ကွဲပြားကြပါသည်။ ဤနိုင်ငံများအနက် ဖက်ဒရယ် (သို့မဟုတ်) ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေးစနစ်အား ကျင့်သုံးသော နိုင်ငံပေါင်းမှာ ၂၈ နိုင်ငံရှိသည်။ အချုပ်အားဖြင့် ဖက်ဒရယ် Federal စနစ်ဆိုသည်မှာ အစိုးရ နှစ်ရပ်ဖြစ်သော ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ)နှင့် (ပြည်နယ်အစိုးရ)၊ ဒေသန္တရအစိုးရအကြား အာဏာခွဲဝေ အုပ်ချုပ်သော စနစ်ဟူ၍ ဆိုနိုင်ပါသည်။

ဤသို့ဖြင့် အစိုးရ ၂ ရပ်အကြား အာဏာခွဲဝေမှုအား အခြေခံဥပဒေမှ သတ်မှတ်ပေးထားရသည်။ ဖြစ်လေ့ဖြစ်ထရှိသော အစိုးရ ၂ ရပ်အကြား အငြင်းပွားမှုနှင့် ပဋိပက္ခများ ရှိလာပါက သီးခြားလွတ်လပ်သော ခုံရုံး (သို့မဟုတ်) တရားရုံးများက အဆုံးအဖြတ် ပေးကြရ သည်။ အထူးသဖြင့် တာဝန်ခံမှုနှင့် တာဝန်ယူမှုဆိုင်ရာ ရှင်းလင်းမှု မရှိသည့်အတွက် ပြဿနာ တတ်လေ့ရှိသည်။ နိုင်ငံတော် အာဏာ၏ မဏ္ဍိုင် သုံးရပ်ကို ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရ ဟန်ချက်ညီ ခွဲဝေခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပါရှိသည်။ ဖက်ဒရယ် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အာဏာချိန်ခွင်လျှာ ညီမျှစေရန် ပြည်သူလူထုက ဆုံးဖြတ်ပိုင်းခြားပေးသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အားသာချက်များ

ဖက်ဒရယ်စနစ်၏ အားသာချက်များမှာ (၁) တိုင်းရင်းသားပြည်သူလူထုနှင့် ပိုမို နီးစပ်မှုရရှိခြင်း၊ (၂) ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ (၃) လူနည်းစု၏ အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ် စောင့်ရှောက်ပေးနိုင်ခြင်း၊ (၄) စစ်မှန်သော ဖက်ဒရယ်မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ဖြစ်ပေါ်စေခြင်း၊ (၅) (ဖက်ဒရယ်- ဗဟိုအစိုးရ) အနေဖြင့် တစ်နိုင်ငံလုံး၏ တိုးတက်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးတို့ကိုအပေါ်တွင် ထဲထဲဝင်ဝင် အာရုံစိုက်လုပ်ဆောင်နိုင်ခြင်း၊ (၆) အုပ်ချုပ်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများအား လက်တွေ့ အားဖြင့် စမ်းသပ် အကောင်အထည်ဖေါ်နိုင်ခြင်း၊ (၇) အာဏာရှင်များ မပေါ်ထွက်လာစေရန် ကာကွယ်တားဆီးနိုင်ခြင်းတို့ဖြစ်သည်။

ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်းအားဖြင့် အစိုးရအဆင့်ဆင့် (ဖက်ဒရယ်၊ ပြည်နယ်၊ ဒေသန္တရ) သည် တိုင်းရင်းသား ပြည်သူလူထုနှင့် ပိုမို နီးစပ် ထိတွေ့မှုများ ရှိသောကြောင့် လူထု၏ နိစ္စဓူဝ လိုအပ်ချက်များကို အလွယ်တကူ ခံစား သိမြင်နိုင်ကြသည်။ ပြည်သူများကလည်း ဆန္ဒသဘောထားတို့ကို အချိန်နှင့် တပြေးညီ လွယ်လင့်တကူ တင်ပြ ဆွေးနွေးနိုင်ကြသည်။

ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်းအားဖြင့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်ရာတွင် ဒေသခံများ၏ လိုအပ်ချက်များ၊ ဆန္ဒများနှင့်အညီ (သို့မဟုတ်) ဒေသခံများ သဘောတူ လက်ခံနိုင်စေရန် လုပ်ဆောင်နိုင်သည့်အပြင် စီမံကိန်းများ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လေ့ရှိသော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာများ မဖြစ်ပေါ်စေရန် ပြည်သူနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သော အခွင့်အရေးများကို ရရှိနိုင်ခြင်းပင်ဖြစ်သည်။

ဖက်ဒရယ်စနစ်တွင် ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ)နှင့် ပြည်နယ်အစိုးရတို့ကို အာဏာတန်းတူ ခွဲဝေထားခြင်းကြောင့် ပြည်နယ် အစိုးရများအား ဖက်ဒရယ်ပြည်ထောင်စု အစိုးရက ချုပ်ကိုင်ချယ်လှယ်နိုင်ခွင့် မရှိပါ။ သို့သော်လည်း ဖက်ဒရယ်ပြည်ထောင်စု အစိုးရမှ ချမှတ်သော ဥပဒေများအား ပြည်နယ်အစိုးရများက လိုက်နာ ဆောင်ရွက်ကြရသည်။

ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတွင် မျှတသော အခွန်တော်မှာ လွန်စွာ အရေးကြီးပါသည်။ ပြည်နယ်များအလိုက် အခွန် ကောက်ခံပြီးလျှင် ဖက်ဒရယ်အစိုးရထံ အချိုးကျ ခွဲပေးရသည်။ ပြည်နယ်တစ်ခုနှင့် တစ်ခု မတူညီနိုင်ပါ။ နိုင်ငံတကာ ကုန်သွယ်ရေးအား ဖက်ဒရယ်အစိုးရ ကိုင်တွယ်သော်ငြားလည်း ပြည်တွင်းကုန်သွယ်မှုကို ပြည်နယ်အစိုးရများ ဦးဆောင် တာဝန်ယူဆောင်ရွက်ကြသည်။ နယ်စပ်ကုန်သွယ်မှုများအတွက် ဖက်ဒရယ်မူဝါဒအတိုင်း ပြည်နယ်အစိုးရများ ဒေသအလိုက် ပြုပြင် ကျင့်သုံးခွင့် ရှိသည်။ နိုင်ငံတကာ ဆက်ဆံရေးကို ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ) က ချုပ်ကိုင်သည်။

ဤသည်မှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုင်ရာ ပညာရေးသမားများ၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ လေ့လာ သိထားသင့်သော နောက်ခံအချက်အလက်များ အကျဉ်းချုပ်ဖြစ်သည်။

ဖက်ဒရယ်ပညာရေးစနစ်နိဒါန်း

ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်တွင် (ဗဟို) အစိုးရ၏ ပညာရေးဆိုင်ရာ တာဝန်နှင့် ၀တ္တရားတို့ကို ပိုင်းဖြတ်ပေး ထားပါသည်။ အထူးသဖြင့် ဖက်ဒရယ်အစိုးရသည် အမျိုးသားပညာရေးမူဝါဒများနှင့် တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံစေမည့် ပညာရေး အစီအစဉ်များကို ချမှတ် ရေးဆွဲသည်။ ပညာရေးတန်းတူ ညီမျှခြင်း ကိစ္စရပ်များ၊ ကလေးတိုင်း ပညာ သင်ကြားခွင့် ရရှိရေး ကိစ္စများ၊ အရည်အသွေး မြင့်မားရေး ကိစ္စများနှင့် အဆင့်မြင့်နှင့် နိုင်ငံတကာပညာရေး၊ ပညာရှင်အဆင့် သုတေသန လုပ်ငန်းရပ်များကို တာဝန်ယူပါသည်။ ဖက်ဒရယ် ပညာရေးဝန်ကြီး ထားရှိပြီး ပါလီမန်တွင်လည်း ပညာရေး အတွင်းဝန်များ ထားရှိသည်။ ပြည်နယ်အလိုက် ပညာရေးဝန်ကြီးဌာနကို ထားရှိကြသည်။

ပညာရေး အသုံးစရိတ်အား ဖက်ဒရယ်အစိုးရ (ဗဟိုအစိုးရ) ၏ ပြဌာန်းချက်များအပေါ် အခြေခံ၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရများက လွတ်လပ်စွာ တာဝန်ယူ ဆောင်ရွက်ရသည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးတို့က တိုက်ရိုက် ၀င်ရောက်စွက်ဖက်မှု မရှိဘဲ ကိုယ်ပိုင်ကျောင်းများ၊ အမျိုးသားကျောင်းများတွင်မှာလည်း ကိုယ်ပိုင် မူဝါဒများ ချမှတ် ကျင့်သုံးနိုင်ခွင့် ရှိသည်။ တစ်ပြည်နယ်လုံးရှိ ကျောင်းနေအရွယ် ကလေးငယ်တိုင်း စာသင်ခန်းအတွင်းရှိနေပြီး အရည်အသွေးမြင့် အခမဲ့ပညာရေး ရရှိစေရေးမှာ ပြည်နယ်အစိုးရများတွင် အဓိက တာဝန်ရှိသည်။ အနွမ်းပါးဆုံးမိသားစုမှ ကလေးငယ်များ အရည်အသွေးပြည့်မီသော အခြေခံပညာရေးကို ဆုံးခန်းတိုင်အောင် တက်ရောက်ခွင့် ရရှိရေးမှာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတွင်းရှိ ပြည်နယ်အစိုးရများ၏ ပင်မတာဝန်ဖြစ်သည်။ ပြည်နယ်အစိုးရ၏ အောင်မြင်မှုကို စစ်ဆေး တိုင်းတာနိုင်သော စံသတ်မှတ်ချက်တစ်ခုဟုလည်း ဆိုကြသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်နယ်ပညာရေးဌာနက မိမိတို့ သက်ဆိုင်ရာပြည်နယ်များအတွင်းရှိ ပြည်သူလူထု၏ ပညာရေးကို မူကြိုအဆင့်မှသည် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာရေးကို လုံးဝ တာဝန်ယူ ဆောင်ရွက်သည်။ ပုဂ္ဂလိက လွတ်လပ်ခွင့် ရှိသဖြင့် သီးသန့်ကျောင်းများကိုလည်း ဖွင့်လှစ်ခွင့် ပေးထားပါသည်။ သက်မွေးဝမ်းကျောင်း ပညာရေးကို ပြည်နယ်အစိုးရများက တစ်စိတ်တစ်ဒေသ တာဝန်ယူပါသည်။

သက်မွေးဝမ်းကျောင်းပညာရေးနှင့် အဆင့်မြင့်တက္ကသိုလ်ပညာရေးမှာ မည်သည့် အစိုးရလက်အောက်တွင်မှ မရှိပါ။ ဖက်ဒရယ် အစိုးရဖြစ်ဖြစ်၊ ပြည်နယ်အစိုးရများကဖြစ်စေ တက္ကသိုလ်ပညာရေးကို တိုက်ရိုက် ပါဝင်ဆောင်ရွက်ခွင့် မရှိပါ။ ဆရာအတတ်သင် ပညာရေးကို အစိုးရလက်အောက်ခံ မဟုတ်သော ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရသော တက္ကသိုလ်များနှင့် ပြည်နယ်အစိုးရ ပညာရေးဌာနတို့က ပူးပေါင်း ဆောင်ရွက်သည်။

တက္ကသိုလ်များက ဆရာအတတ်ပညာသင်ကြားရေး၊ ဘွဲ့ချီးမြှင့် ပေးအပ်ခြင်းကိစ္စများ ဆောင်ရွက်ပြီး ပြည်နယ် အစိုးရများက အသိအမှတ်ပြု ဆရာအတတ်ပညာလိုင်စင်ကို ထုတ်ဝေးခြင်းဖြစ်သည်။ ပြည်နယ်အစိုးရများက အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုက ပညာရေးဘွဲ့ ရရှိထားသူများ၏ ရိုးသားဖြောင့်မတ်မှု၊ ကလေးသူငယ်များနှင့် သင်ကြားရေးအလုပ် လုပ်ကိုင်နိုင်စွမ်း၊ သင်တော့်မှု ရှိ-မရှိ၊ အကျင့်စာရိတ္တနှင့် အခြား အချက်အလက်များကို စစ်ဆေးပြီးမှ သာလျှင် “သင်ကြားရေးလိုင်စင်” ထုတ်ပေးသည်။ ပညာရေးတက္ကသိုလ်မှ ဘွဲ့ဒီဂရီနှင့် ပြည်နယ်အစိုးရ အသိအမှတ်ပြု ဆရာအတတ်ပညာ လိုင်စင်ရရှိထားသူမှသာလျှင် စာသင်ခန်းအတွင်း ၀င်ရောက်ပြီး ကျောင်းဆရာလုပ်ခွင့်၊ သင်ကြားခွင့် ရှိသည်။ ဆရာအတတ်ပညာ လိုင်စင် မရရှိပါက မဟာဘွဲ့များ၊ ပါရဂူဘွဲများ ရရှိထားသူများပင် ဖြစ်စေကာမူ ကျောင်း စာသင်ခန်းအတွင်း ၀င်ရောက်၍ စာသင်ကြားခွင့် မရှိပါ။ ဤသည်မှာ ဥပဒေပြုပြဌာန်းထားသည့် ဖက်ဒရယ် ပညာရေး ဆိုင်ရာ ဆရာအတတ်ပညာရေးကဏ္ဍ တစ်စိတ်တစ်ဒေသဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်။

သိန်းနိုင် 

သံလွင်တိုင်းမ် ဂျာနယ်၊ အောက်တိုဘာလ ၃ ရက်၊၂၀၁၄၊ မော်လမြိုင်မြို့။

ဖက်ဒရယ်ပညာရေး - အပိုင်း (၃) သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်

ဖက်ဒရယ်ပညာရေး - အပိုင်း (၄) အဲဒါကို ဘာဖြစ်လို့ သင်ရမှာလဲ

ဖက်ဒရယ်ပညာရေး - အပိုင်း (၅) လူမှုတရားမျှတမှုအတွက် ပညာရေး

(ဆက်လက်ဆွေးနွေးပါမည်။)

Powered by Bullraider.com