ဖက်ဒရယ်ပညာရေး (အပိုင်း ၃) - သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်

ပညာအဖွင့်

ပညာရေးကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပါသည်။ ခေတ်စနစ်၏ လိုအပ်ချက်အရ၊ ရှင်သန်မှု လိုအပ်ချက်အရ ဖွင့်ဆိုကြခြင်းဖြစ်ရာ ဒေသအလိုက်၊ ခေတ်အလိုက် ကွဲပြားနိုင်ပါသည်။ ဘုံစံနှုန်းများ တူညီသည့်တိုင်အောင် ပညာရေး ဦးတည်ချက်မှာ ကွဲလွဲနိုင်ပါသည်။ ယေဘုယျ အဓိပ္ပါယ် ဖွင့်ဆိုချက်များထဲတွင် “လူသားတို့၏ ဘ၀ လိုအပ်ချက်များနှင့်အညီ လူ့အဖွဲ့အစည်းအတွင်း လိုက်လျောညီထွေ ငြိမ်းချမ်းစွာ ရှင်သန် နေထိုင်နိုင်ရေး အတွက် ကြံစည်၊ စိတ်ကူး တီထွင်  လုပ်ဆောင်နိုင်သည့် စွမ်းရည်များ ရရှိအောင် ပြုစုပျိုးထောင် လေ့ကျင့် သင်ကြားပေးခြင်း” ဟူ၍ ဖြစ်သည်။ မြန်မာ့ပညာရေးကို ဆရာစဉ်ဆက် ဖွင့်ဆိုခဲ့သည့် အမြင်တစ်ခုလည်း ဖြစ်၏။ ဖက်ဒရယ်ပြည်ထောင်စု၏ ပညာရေး မျှော်မှန်းချက်အနေဖြင့်လည်း ယေဘုယျ လက်ခံနိုင်စရာဟု ရှုမြင်ပါသည်။

သို့ရာတွင် မေးခွန်းများစွာ ပေါ်ထွက်လာပါသည်။ တိုင်းရင်းသားတို့၏ ဘ၀လိုအပ်ချက်မှာ အဘယ်နည်း၊ သူတို့၏ ရှင်သန်မှုအတွက် လိုအပ်သော စွမ်းရည်များကို မည်သို့ သတ်မှတ်ထားပါသနည်း၊ မည်သူတို့က ပြဌာန်း သတ်မှတ်ထားသော အရာများနည်း။ မည်သည့်စနစ်နှင့် လိုက်လျောညီထွေ ငြိမ်းချမ်းအောင် နေထိုင်ရပါမည်နည်း။ သေချာသည်မှာ ဖက်ဒရယ်ပြည်ထောင်စု လူမှုအဆောက်အအုံနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လွမ်းမော မျှော်ရည်တမ်းတ နေကြရဆဲ မြန်မာတိုင်းရင်းသားတို့ အဖို့ နှစ် ၅၀ မြန်မာ့ပညာရေးမှ ပြည့်ပြည့်၀၀၊ များများစားစား မရခဲ့ကြသေးခြင်းပင်။ ဤတွင် ပညာရေးစနစ်ထဲမှ သင်ရိုးညွှန်းတမ်းအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာတော့သည်။

Federal-2

ဖက်ဒရယ် သင်ရိုးညွှန်းတမ်း

သင်ရိုးညွှန်းတမ်းဟူ၍ ဆိုသည်နှင့် ဖတ်စာအုပ်များကိုသာ ပြေးမြင်ကြသည်မှာလည်း မြန်မာ့ပညာရေး၏ လွန်စွာ ကျဉ်းမြောင်းလှသော ဆိုးမွေတစ်ခုပင်။ ယေဘုယျဆိုရလျှင် သင်ရိုးညွှန်းတမ်းသည် ဘာသာရပ်များ၊ လက်တွေ့ လုပ်ဆောင်ချက်များနှင့် ကျောင်းသားများ၏ သင်ယူလေ့လာမှု အတွေ့အကြုံများကို စီစဉ်ထားရှိမှုပင်ဖြစ်သည်။ တန်ဖိုးတစ်စုံတစ်ရာရှိသော်ငြားလည်း ပြဌာန်းဖတ်စာအုပ်များကိုသာလျှင် ဆိုလိုခြင်း (လုံးဝ) မဟုတ်ပါ။ ထို့အတူ ဘာသာရပ် အသိပညာများ၊ ပုံစံချ သင်ကြားမှုများထက်လည်း ပိုမို လေးနက် ကျယ်ဝန်းပါသည်။ ပိုမိုစိုးရိမ်ဖွယ်ရာမှာ သင်ရိုးညွှန်းတမ်းစံနှုန်းများ မရှိသေးခြင်းပင်ဖြစ်သည်။ အတန်းနှင့် အသက်အရွယ်လိုက် တက်မြောက်ရမည့် စွမ်းရည်များအတွက် စံနှုန်း သတ်မှတ်ချက်များ လိုအပ်ပါသည်။ ဖက်ဒရယ်သင်ရိုး စံနှုန်းအပေါ်တွင် ထပ်ဆင့်၍ မတူကွဲပြားသော တိုင်းရင်းသား ကလေးများအတွက် ဒေသအလိုက် ဆက်လက်ပြီး သင်ရိုးညွှန်းတမ်း စံနှုန်းများကိုလည်း ပြဌာန်းပိုင်ခွင့် ထားရှိခြင်းဖြင့် ဖက်ဒရယ် ပညာရေး ရုပ်လုံးကြွ အသက်ဝင်လာပါမည်။

တိုင်းရင်းသားကလေးငယ်များ၏ မိသားစုအိမ်တွင်း၊ ရပ်ရွာအတွင်း၊ စာသင်ခန်းအတွင်း၊ ကျောင်းအတွင်း၊ ဓါတ်ခွဲ စမ်းသပ်ခန်းအတွင်း၊ စာကြည့်တိုက်အတွင်း၊ တောတောင်များအတွင်း၊ ကစားကွင်း အတွင်းနှင့် နိစ္စဒူဝ တွေ့ကြုံမှု အစုအဝေး တစ်ရပ်လုံးကို သင်ရိုးညွှန်းတမ်းဟူ၍ ၂၁ ရာစု ပညာရေးက အဓိပ္ပါယ်ဖွင့်ဆိုထားရှိသည်။ ဤအချက်ကို ဖက်ဒရယ် ပညာရေးစနစ်၏ သင်ရိုးညွှန်းတမ်း ကဏ္ဍတွင် မလွဲမသွေ ထည့်သွင်း စဉ်းစားရပါလိမ့်မည်။

ပညာရှင်အများစု၏ ယူဆချက်ကို ထင်ဟပ်စေသည့် သင်ရိုးညွှန်းတမ်း ဖွင့်ဆိုချက်အရ တိုင်းရင်းသား ကျောင်း ဆရာတို့သည် ရှေ့ဆောင်လမ်းပြသူဖြစ်သည် ဆိုပါက (ဤသည်မှာလည်း ရပ်ထဲရွာထဲ ပြောဆိုနေကျ မြန်မာစကား တစ်ရပ်ပင်...) သင်ရိုးညွှန်းတမ်းသည် အသိတရား အဖုံဖုံကို ရည်ညွှန်းသည့် လမ်းပြမီးရှုးတိုင်ပင်ဖြစ်သည်။ တိုင်းရင်းသားများကိုယ်တိုင် ဖန်တီး ထုဆစ်ထားသည့် သင်ရိုးညွှန်းတမ်း မီးရှုးတိုင်တော့လည်း ဖြစ်သင့်သည် မဟုတ်ပါလား။

ဖက်ဒရယ်စနစ်အတွင်း ကျောင်းသင်ရိုးညွှန်းတမ်းသည် တိုင်းရင်းသားတို့၏ ဦးတည်ရာ ပန်းတိုင်ကို တည့်မတ်စွာ ထားရှိသင့်ပြီး ကလေးများကို ရည်ရွယ်ချက်မဲ့၊ ဦးတည်ရာမဲ့ ဘ၀များဖြင့် ရှင်သန်နေ ကြရခြင်း အပါအ၀င် ပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်မှုအတွက် ကံကြမ္မာနှင့် သူတပါး ဖန်တီးသည့် အခွင့်အရေး အပေါ်တွင် လုံးလုံးလျားလျား အမှီသဟဲပြုနေရခြင်း၊ မကြာခဏ ဘုရားတ နေရခြင်း ဘေးဒုက္ခများမှ ကင်းဝေးစေရန် ကာကွယ်ထား ရှိလေသည်။

ဖက်ဒရယ်ပညာရေးအတွက် စိန်ခေါ်မှုနှင့် နိုင်ငံရေး အ၀ိဇ္ဇာဘေး

ဖက်ဒရယ် ဒီမိုကရေစီစနစ်တွင် အသိဥာဏ်ပညာဆိုင်ရာ စိန်ခေါ်မှုတစ်ခုရှိနေပါသည်။ အထူးသဖြင့် ပညာရေး ဆိုင်ရာ စိန်ခေါ်မှုဟု ဆိုကြသည်။ နိုင်ငံရေးတွင် သက်ရောက်မှုများစွာ ရှိသော စိန်ခေါ်မှုဟူ၍လည်း ဆိုကြပါသည်။ ဒီမိုကရေစီ၏ ဆိုးပြစ်ဟူ၍ပင် တင်စား ထားကြသေးသည်။ သို့သော် ဖန်တီး၊ ဖြည့်ဆည်း ယူနိုင်ပါသည်။

ဖက်ဒရယ်မူအရ ဖက်ဒရယ်၊ ပြည်နယ်နှင့် ဒေသန္တရ အဆင့်ဆင့်သော အုပ်ချုပ်သူအစိုးရများကို ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့် ရှိသည့်အတွက် ပြည်သူပြည်သားများ၊ ပြည်နယ်သူပြည်နယ်သားများနှင့် ကျေးလက်လူထုတို့၏ နိုင်ငံရေးအသိဉာဏ် ပြည့်ဝမှု ရှိခြင်းမှာ စိန်ခေါ်ချက်ပင်ဖြစ်သည်။ သို့ဖြစ်လေရာ ရွေးကောက်ပွဲတွင်ဖြစ်စေ၊ အများနှင့် ဆိုင်ရာ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်ဖြစ်စေ လူထု၏ အသိဥာဏ်ပညာ အားနည်းနေခြင်းက ချွတ်ချော်မှု၊ စံလွဲမှုနှင့် ဆုံးဖြတ်ချက်အမှားတို့ကို ဖြစ်စေနိုင်ပါသည်။ လှည့်စားတတ်သူများ၏ ကစားကွက်ထဲသို့ တိမ်းစောင်း ရောက်ရှိစေနိုင်လေသည်။ ဤသည်မှာ ပညာရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေး၏ တိုက်ရိုက် အချိုးကျမှုဟုလည်း ရှုမြင်နိုင်ပါသည်။

၁၉၅၀ ၀န်းကျင်က ထုတ်ဝေခဲ့သော ကျောင်းအုပ်ကြီးမှသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးသန့်၏ “ပြည်ရေးပြည်ရာ သင်ကြားနည်း” စာအုပ်မှာ လွတ်လပ်စ မြန်မာ့ပညာရေးနှင့် ကျောင်းသင်ရိုးညွှန်းတမ်းကို ခေတ်မီ စေခဲ့မည့်အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပညာရေးအတွက် နိဒါန်ပျိုး မိတ်ဆက်ပေးနိုင်သည်ဟု ဆိုရပါမည်။ စာအုပ်ထဲတွင် ပြည်သူပြည်သားကောင်း တစ်ဦးအနေဖြင့် လေ့ကျင့် ပျိုးထောင်ပေးရမည့် အသိဥာဏ်များ၊ စွမ်းရည်များနှင့် အတွေးအမြင်များကို တင်ပြထားခဲ့သည်။ စာသင်ကျောင်းများတွင် ဒီမိုကရေစီ နိုင်ငံရေးနှင့် ပြည်ရေးပြည်ရာတို့ကို အတိအလင်း ထည့်သွင်း သင်ကြားသင့်ကြောင်း ဦးသန့်က တင်ပြထားခဲ့သည်။ သို့မှသာလျှင် အရွယ်ရောက်ချိန်၊ ဆန္ဒမဲ ပေးချိန်တို့တွင် နိုင်ငံရေး အသိတရား ရှိရှိ ပါဝင်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ မိမိနိုင်ငံနှင့် မိမိ ပြည်နယ်၊ မိမိ ရပ်ကျေးတို့ကို အုပ်ချုပ်မည့်သူများ ရွေးချယ်ရာတွင်ဖြစ်စေ၊ ဥပဒေပြု ပြဌာန်းရာတွင်ဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ အကျင့်အကြံနှင့် စံနှုန်းတို့ကို ပြည်နယ်အတွင်းရှိ ပြည်သူတို့က ထိန်းသိမ်းထားနိုင်မည်။ ဤသင်ရိုးညွှန်းတမ်းမှာ ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေးရှုခင်းမှ လုံးဝ ကွယ်ပျောက်ခဲ့ရလေသည်။

ဖက်ဒရယ်ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်သည့် ပြည်သူ့နီတီနှင့် နိုင်ငံသားပညာရေးဘာသာ သင်ရိုးညွှန်းတမ်းကို ပြန်လည် အသက်သွင်းရန် တိုက်တွန်းလိုပါသည်။ နိုင်ငံရေးနှင့်လူမှုရေးအရ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိသူများအနေဖြင့် ပျိုးထောင်ပေးမည့် ဘာသာရပ်ဖြစ်လေရာ လူနည်းစု တိုင်းရင်းသားကလေးငယ်များအတွက် ပိုမို အရေးကြီးလှသည်။

ပညာရေး သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာသိန်းလွင်က သူ၏ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ပညာရေး စာတမ်းထဲတွင် ဒီမိုကရေစီပညာရေး၏ သင်ရိုးညွန်းတမ်း စံနှုန်းသတ်မှတ်ချက်မှာ အရေးကြီးကြောင်း တင်ပြထားသည်။ သင်ရိုးညွှန်းတမ်း စံကို သတ်မှတ်သည့် နေရာတွင် ပြည်ထောင်စုအစိုးရ (သို့မဟုတ်) နိုင်ငံအစိုးရ၏ ပညာရေးဆိုင်ရာ တာဝန်ရှိသူများက တနိုင်ငံလုံး လိုက်နာသင့်သော အနိမ့်ဆုံးစံ သတ်မှတ်ခြင်းဖြင့် စတင်ခြင်းဖြစ်သည်။ အနိမ့်ဆုံးစံဆိုသည်မှာလည်း ပြည်နယ်အားလုံးနှင့် ကိုက်ညီနိုင်မည့်၊ လိုက်လျောညီထွေ ရှိနိုင်မည့်၊ နိုင်ငံတကာ စံနှုန်းများနှင့် လူသားဆိုင်ရာ တန်ဖိုး သတ်မှတ်ချက်များပင်ဖြစ်သည်။ တိုင်းရင်းသား ပြည်နယ်များအလိုက် တာဝန်ရှိသူများနှင့် တိုင်းရင်းသား ပညာရှင်များက ဤအနိမ့်ဆုံးစံ သတ်မှတ်ချက်များကို အခြေခံပြီး သက်ဆိုင်ရာ ပြည်နယ်အလိုက် ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့ထုံးစံ၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရှုခင်းနှင့် ရှင်သန်မှု လိုအပ်ချက်များနှင့် ကိုက်ညီမည့် တိုင်းရင်းသား ပြည်နယ်သင်ရိုးညွှန်းတမ်း စံနှုန်းဘောင်ကို ထပ်ဆင့် တည်ဆောက်နိုင်ခွင့် ရှိသင့်ပါသည်။ ဤသည်မှာ ဖက်ဒရယ်ပညာရေး၏ သင်ရိုးညွှန်းတမ်း အခွင့်အာဏာကို မျှဝေခြင်းဟူ၍လည်း ရှုမြင်နိုင်သည်။

လူမျိုးအပေါ် အခြေခံ မခံဘဲ တည်ဆောက်ထားသည့် ဖက်ဒရယ်စနစ်များဖြစ်သည့် သြစတြေးလျား၊ အမေရိကန်၊ ကနေဒါတို့တွင်လည်း ပြည်နယ်အဆင့်၊ ခရိုင်အဆင့် သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်ကို ပြဌာန်းထားရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီဟု ခေါ်ဝေါ်သည့် အိန္ဒိယနိုင်ငံ၏ ပညာရေး စနစ်တွင်လည်း ဗဟိုအစိုးရ၏ ပညာရေးအခွင့်အာဏာနှင့် ပြည်နယ်အစိုးရတို့၏ အခွင့်အာဏာကို သင်ရိုးညွှန်းတမ်း ဖန်တီး တည်ဆောက်ပိုင်ခွင့်နှင့် ပညာရေး လွတ်လပ်ခွင့်အပေါ်တွင် အခြေခံထားပါသည်။ သင်ရိုးညွှန်းတမ်းမှာ အနာဂတ်လမ်းကြောင်းကို ဖေါ်ဆောင်ရန် တာဝန်ယူထားခြင်းပင် မဟုတ်ပါလား။ တိုင်းရင်းသား ပါရာဒိုင်အရွေ့များ (paradigm shifts) - စနစ်များ၏ အခြေခံကျကျ ပြောင်းလဲခြင်း - အတွက် ကျောင်းသင်ရိုးညွှန်းတမ်းမှာ အခရာ ကျပါသည်။ ဖက်ဒရယ် သင်ရိုးညွှန်းတမ်းစံနှုန်းကို တည်ဆောက်ရန်အတွက် အကြံပြုလိုပါသည်။

နိုင်ငံရေး အ၀ိဇ္ဇာဘေးဒုက္ခ၊ ဘ၀၏ ဆင်းရဲမှုဒုက္ခနှင့် လူမှုအနိဌာရုံ ဒုက္ခအစုစုတို့က ကင်းလွတ်စေလျက် ဖွံဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ချမ်းသာသုခတရားကို ဆောင်ကျဉ်းပေးနိုင်စေရန် ဖက်ဒရယ်ပညာရေး စံသတ်မှတ်ချက်နှင့် သင်ရိုးညွှန်းတမ်း အခွင့်အာဏာ ခွဲဝေမှုကို မြန်မာတိုင်းရင်းသား ပညာရေးစာမျက်နှာများက အပူတပြင်း တောင်းဆိုလျက်ရှိ နေလေသည်။ ဤပညာရေး စာမျက်နှာများ မပါရှိပါက ဖက်ဒရယ်စာချုပ်များ၊ ဥပဒေများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ တိုင်းရင်းသား ကလေးငယ်တို့၏ အနာဂတ်ဘ၀များကို လျစ်လျူရှုရာ ရောက်နေပါလိမ့်မည်။

ကိုယ့်သင်ရိုးညွှန်းတမ်း ကိုယ်ဖန်တီးခွင့်

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ပညာရေးဥပဒေတို့တွင် မသင်မနေရ ပညာရေးကဏ္ဍကိုတော့ ထည့်သွင်း ထားခဲ့ကြပါသည်။ ၁၉၄၇ မှသည် ၁၉၇၄နှင့် ၂၀၀၈၊ ထို့နောက် အငြင်းပွားဖွယ်ရာ ၂၀၁၄ အမျိုးသား ပညာရေး ဥပဒေအထိ။ ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၊ အခြေခံပညာရေးဥပဒေအတိုင်း နှစ်ပေါင်း ၄၁ နှစ်အထိ ပညာရေးစနစ်နှင့် အခြေခံမူများကို မပြု၊ မပြင်၊ မပြောင်းမလဲဘဲ ကျင့်သုံးခံသည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံရေး စနစ်မှာလည်း အလားတူ အပြောင်းအလဲ မရှိခဲ့ကြောင်း ထင်ရှားပါသည်။ သင်ရိုးညွှန်းတမ်းများမှာ အဖိုး လက်ထက်ကတည်း ဖတ်စာအုပ်များအတိုင်းပင်။ များစွာ မပြောင်းလဲခဲ့ပါ။

၂၀၁၂ ခုနှစ် ပြုပြင် ပြောင်းလဲရေး နိဒါန်းကာလ မတိုင်မီအထိ တင်းကျပ်လွန်းလှသည့် ဗဟိုဦးစီးချုပ်ကိုင်မှု ပညာရေးစနစ်တွင် လွန်စွာ တင်းကျပ်လွန်းလှသည်။ တိုင်းရင်းသားများနှင့် ပြည်နယ်အသီးသီး၏ ပညာရေး လုပ်ပိုင်ခွင့်များ လုံးဝ ဥဿုံ ပျောက်ဆုံးနေခဲ့သည်။ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့နှင့် ဘာသာစာပေ၊ ယဉ်ကျေးမှုတို့ကို အာဏာရ အစိုးရများက ခွင့်မပြုခဲ့သည့်အပြင် တိုင်းရင်းသားတို့၏ ကိုယ်ထူကိုယ်ထ ကြိုးပမ်း လုပ်ဆောင်မှုများမှာလည်း အနှောက်အယှက်မျိုးစုံဖြင့် ရင်ဆိုင်ခဲ့ကြရကြောင်း သတင်းမှတ်တမ်းများက ဆိုပါသည်။  မွန်စာပေသင်ကြားမှုများမှာ ပုံစံမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများအထိ ဆယ်စုနှစ်များစွာ ခံစားခဲ့ကြရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ်အစိုးရများတွင် ပညာရေးတာဝန်အချို့ကို လုပ်ဆောင်ခွင့် ပြုခဲ့သော်ငြားလည်း ပြည်ထောင်စုအစိုးရ၏ တင်းကျပ်လွန်း လှသော ချုပ်ကိုင်မှုအောက်တွင် ထားရှိဆဲဖြစ်သည်။ ပြည်နယ်အဆင့် ပညာရေးဝန်ကြီးဌာနများကို သတ်သတ်မှတ်မှတ် မထားရှိသေးပါ။ ၀န်ကြီးဌာနအဆင့် ထားရှိရန် ပြည်နယ်များစွာတွင် လိုအပ်နေဆဲ။ ပြည်နယ်အဆင့် ပညာရေးဝန်ကြီးဌာနများမှာ ယခုထက် ပိုမို လွတ်လပ်သော ပညာရေးစီမံခန့်ပိုင်ခွင့်နှင့် သင်ရိုးညွှန်းတမ်း သြဇာ လိုအပ်ပါသည်။ ဖက်ဒရယ်ပညာရေးစနစ် သရုပ်သကန် ပေါ်လွင်လာစေရန် တိုင်းရင်းသား ပြည်နယ်များအနေဖြင့် ပိုမို အားထုတ်ရပါဦးမည်။

အမျိုးသားပညာရေးဥပဒေ၏ အခန်း (၂) အပိုဒ် ၃ တွင် အခြေခံပညာရေး ရည်မှန်းချက်များကို ဖေါ်ပြ ထားရှိသော်ငြားလည်း ယင်းရည်မှန်းချက်များကို ပြည်နယ် အစိုးရများ အနေနှင့် အဓိက တာဝန်ယူ အကောင်အထည်ဖေါ် ဆောင်ခွင့်ထက် ပြည်ထောင်စုအစိုးရ၏ တိုက်ရိုက်ကြီးကြပ် ကွပ်ကွဲမှုအောက်တွင်သာ လုပ်ဆောင်မည် ဟူ၍ ဆိုလိုရင်း ရှိပုံရသည်။ ထို့အတူ အခန်း (၃) အခြေခံပညာရေးဆိုင်ရာ မူများ ကဏ္ဍတွင်လည်း တိုင်းရင်းသား ပြည်နယ်များအနေဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို လမ်းညွှန်ထားရှိခြင်း မတွေ့ရပါ။

သို့ဖြစ်လေရာ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများ ပညာရေးကွန်ယက် MINE က အမျိုးသားပညာရေး ဥပဒေကြမ်းထဲတွင် တိုင်းရင်းသားတို့ လိုချင်သော ပညာရေးစနစ်မျိုး မဟုတ်သေးကြောင်းနှင့် မိခင်ဘာသာစကားများ သင်ကြားခွင့်မှာလည်း စံလွဲနေကြောင်းကို ထောက်ပြထားခြင်းဖြစ်သည်။ ပညာရေးဥပဒေ ပြုစုရေးဆွဲမည့်သူများသည် မတူကွဲပြားသော တိုင်းရင်းသားများ အကြောင်းကို အကျေအလည် လေ့လာထားရှိသင့်ကြောင်းနှင့် တိုင်းရင်းသားတို့ကိုယ်တိုင် မိမိတို့ ပညာရေး စနစ်ကို လွတ်လပ်စွာ ဖန်တီးတည်ဆောက်ခွင့် လိုအပ်နေကြောင်း ထပ်ဆင့်တင်ပြထားလေသည်။

တိုင်းရင်းသား ပညာရေးနှီးနှောဖလှယ်တစ်ခုတွင် ကချင်သမိုင်းဆရာတစ်ဦးက သူငယ်တန်းမှ ဒသမတန်းအထိ ပြည်တွင်းဖတ်စာအုပ်များတွင် ကချင်နှင့် ပတ်သက်ပြီး စကားလုံး ၂၆ လုံးမျှသာ ပါရှိကြောင်း လေ့လာတင်ပြခဲ့ဖူးသည်။ ဤဖတ်စာအုပ်များကို ကချင်ပြည်နယ်တစ်ခုလုံးတွင် ပုံစံတစ်မျိုးတည်းနှင့် အသုံးပြုကြရသည်။ မျိုးနွယ်စုတို့ ရှင်သန်ရန်အတွက် များစွာ စိုးရိမ်ဖွယ်ရာပင်ဖြစ်၏။

မိခင်ဘာသာစကားအပြင် သင်ရိုးမဏ္ဍိုင်ဘာသာစကား၊ သင်ရိုးညွှန်းတမ်း၏ ကျယ်ပြန့်၊ မျှတမှု၊ ဒေသန္တရနှင့် ကိုက်ညီမှု၊ ခေတ်မီသစ်လွင်မှုတို့အတွက် ပညာရေး သုတေသနများနှင့် သင်ရိုးညွှန်းတမ်းစစ်တမ်းများ လိုအပ်ပါလိမ့်မည်။ အထူးသဖြင့် မြန်မာတနိုင်ငံလုံးရှိ ကျောင်းသူကျောင်းသား ၈ ဒသမ ၇ သန်းထဲတွင် မိခင်ဘာသာစကား ဗမာစကား မဟုတ်သော ကလေးငယ် ၃ ပုံ ၂ ပုံခန့် အတွက် နစ်နာမှု မရှိစေရန် ပညာရေးဥပဒေက တာဝန်ယူရပါလိမ့်မည်။ (ဘာသာစကားများနှင့် ပတ်သက်ပြီး သီးသန့်ဆွေးနွေးပါဦးမည်။)

ဖက်ဒရယ် အနာဂတ်လူ့ဘောင်ကို ဖန်တီးမည့် တိုင်းရင်းသား ကလေးငယ်တို့၏ သင်ရိုးညွှန်းတမ်းတွင် အဘယ်အရာတို့ကို ထင်ရှားစေသင့်ပါသနည်း။ အ သုံးလုံးကို ကျော်လွန်ပြီးလျှင် ၂၁ ရာစု ပညာခေတ်၏ တိုးပွားလာနေသော အ အလုံးကလေး ၃၀ ကို ကျောင်းပညာရေးမှ ဖြည့်ဆည်းပေးရတော့မည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ အမျိုးသားအမှတ်အသား လက္ခဏာ၊ ဘာသာစကား၊ ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ ကလေးငယ်၏ ကိုယ်ကာယ ဖွံ့ဖြိုးမှု၊ စိတ်နှလုံးသား သိမ်မွေ့မှု၊ ခံစားမှု လန်းဆန်းစေခြင်း၊ ကိုယ့်ကျင့်စာရိတ္တ၊ အခွင့်အရေး၊ အသိပညာ၊ မီဒီယာ၊ လူမှုဆက်ဆံရေး၊  ကျင့်ဝတ်နီတိနှင့် ပုဂ္ဂလ သက်မွေးဝမ်းကျောင်းဆိုင်ရာ  အလုံးစုံ ဖွံ့ဖြိုးတိုးတက်နိုင်ရန်မှာ တိုင်းရင်းသား ပြည်နယ်အဆင့် ကျောင်းသင်ရိုးညွှန်းတမ်းကို လွတ်လွတ်လပ်လပ် တည်ဆောက်နိုင်ခွင့် ရှိရပါမည်။ တင်းကျပ်လွန်းသော ဗဟိုချုပ်ကိုင်မှု မရှိဘဲ ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်လည်း လိုအပ်သည်။

ဖက်ဒရယ်စနစ်၏ အနှစ်သာရဖြစ်သည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် တိုက်ရိုက်ပတ်သက်နေသော ဖက်ဒရယ် ပညာရေးမူဝါဒမှာ ကိုယ့်သင်ရိုးညွှန်းတမ်းကို ကိုယ်ကိုယ်တိုင် ဖန်တီး ရေးဆွဲခြင်းပင်ဖြစ်ပါကြောင်း။

သိန်းနိုင်

သံလွင်တိုင်းမ်ဂျာနယ် (နိုဝင်ဘာ ၂၀၁၄)၊ မော်လမြိုင်မြို့။ 

(ဆက်လက်ဖေါ်ပြပါမည်။)

ဖက်ဒရယ်ပညာရေး အပိုင်း (၁) (၂)


Powered by Bullraider.com