ဖက်ဒရယ်ပညာရေး (အပိုင်း ၄)

Category: ပညာရပ်စာတမ်းများ
Published on Friday, 02 January 2015 23:32
Written by သိန်းနိုင်

သနားစရာ ပညာရေး အငြင်းအခုံများ

နိုင်ငံတစ်နိုင်ငံတွင် ဖွဲ့စည်းပုံ  အခြေခံဥပဒေမှာ အခရာ ကျသကဲ့သို့ ကျောင်းပညာရေးတွင် သင်ရိုးညွှန်းတမ်းမှာ အခရာကျပါသည်။ သင်ရိုးညွှန်းတမ်းအရသာလျှင် ပညာရေး၏ အရေအတွက်နှင့် အရည်အသွေး တိုးတက်နိုင်မည်။ သင်ရိုးညွှန်းတမ်းအရသာလျှင် ပညာရေးမှတဆင့် လိုလားအပ်သော လူ့အဖွဲ့အစည်း အပြောင်းအလဲကို ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်လေရာ သင်ရိုးညွှန်းတမ်းမှာ အပြောကျယ်ပြန့်လှသော သဘောသဘာဝ ရှိပါသည်။ အလေးအနက်ထားကြရမည့် အရေးကြီး ပညာရေးကိစ္စ တစ်ရပ်ဖြစ်ရုံမျှ သာမကဘဲ နိုင်ငံရေးအရလည်း နက်နက်ရှိုင်းရှိုင်း ပတ်သက် ဆက်နွယ်နေလေသည်။ ကျောင်းပညာရေးနှင့် သင်ရိုးညွှန်းတမ်းအပေါ် ပညာရှင်တို့ အကြား အမြင်မတူ၊ ကွဲပြား ခြားနားမှုများစွာ ရှိရခြင်းမှာ နောက်ခံ နိုင်ငံရေးအယူအဆ၊ အတိမ်းအညွတ်၊ လားရာအမြင်နှင့် ပုံဖေါ် ဖန်တီးလိုသည့် လူ့အဖွဲ့အစည်း တည်ဆောက်မှုတို့နှင့်လည်း ဆက်နွယ်နေခြင်းကြောင့်ပင်။ ဒီမိုကရစ်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများတွင် ကျောင်းသင်ရိုးညွှန်းတမ်း စံနှုန်းများနှင့် မူဘောင်ကို ၄ နှစ် တစ်ကြိမ် ပြင်ဆင် ပြောင်းလဲ ရေးဆွဲကြပါသည်။

အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသော်ငြားလည်း ကျောင်းပညာရေးနှင့် သင်ရိုးညွှန်းတမ်းကို ပြီးပြည့်စုံသော အဓိပ္ပါယ် ဖွင့်ဆိုနိုင်မည် မဟုတ်ပါချေ။ မြန်မာ့ပညာရေးသမားများ၊ ကျောင်းဆရာဆရာမများ၊ နိုင်ငံရေးသမားများအပါအ၀င် ကျောင်းသားမိဘများတွင်လည်း မိမိတို့ ကိုယ်ပိုင်အမြင်များဖြင့် ကျောင်းပညာရေးနှင့် သင်ရိုးညွှန်းတမ်းကို အဓိပ္ပါယ် ဖွင့်ဆိုနေကြလေသည်။ နေပြည်တော်မှဖြစ်စေ၊ တိုင်းရင်းသား ပညာရေးဌာနများအနေဖြင့်ဖြစ်စေ၊ ကျောင်းသား သမဂ္ဂများမှဖြစ်စေ “ပညာရေး” ဟူသော အဓိပ္ပါယ်ကို ဖွင့်ဆိုချက်များမှာ မတူညီကြောင်း တွေ့ရှိရသည်။ ထပ်တူကျသော အမြင်ဟူ၍ မရှိနိုင်ပါ။

ပညာရှင် ဆော်လ်တစ် (၁၉၇၈) ခုနှစ်၏ ဥပမာကို ကိုးကားပြီး အခြားပညာရှင်တစ်ဦးဖြစ်သူ ပို့တယ်လီမှ ဤသို့ မှတ်ချက်ချခဲ့သည်။ “သင်ရိုးညွှန်းတမ်း၏ အဓိပ္ပါယ် ဖွင့်ဆိုမှုကို ရှာပုံတော် ဖွင့်နေသူများမှ သနားစရာပင် ဖြစ်တော့သည်။ သားရဲတိရိစ္ဆာန်တို့ကို ဘေးမဲ့လွှတ်ထားသော ဆာဖရီတောနက်ထဲတွင် သေနတ်ငယ်လေး တစ်လက်နှင့် အမဲလိုက် မုဆိုးသဖွယ်နှင့်ပင် တူနေတော့သည်။” ဤပြက်ရယ်ပြုချက်အပေါ်တွင် အလေးအနက် ထားသင့်ပါသည်။ သို့ရာတွင် ဖက်ဒရယ်မြန်မာ့ပညာရေးတွင် နိုင်ငံတကာစံနှုန်းမီ သင်ရိုးညွှန်းတမ်း အဓိပ္ပါယ်ကိုတော့ဖြင့် ဖက်ဒရယ်ပညာရေးမူ အရဖြစ်စေ၊ သက်ဆိုင်ရာ ပြည်နယ်အလိုက်ဖြစ်စေ၊ ရှင်းလင်းရပါမည်။

ကျောင်းသားသမဂ္ဂများ၏ ကန့်ကွက်မှုများဖြင့် ရင်ဆိုင်နေရသော နေပြည်တော်၏ ၂၀၁၄ အမျိုးသား ပညာရေးဥပဒေ၊ အခန်း (၁) အပိုဒ် (လ) တွင် သင်ရိုးညွှန်းတမ်းကို ဤသို့ဖွင့်ဆို ရှင်းလင်းထားရှိသည်။ “… (လ) သင်ရိုးညွှန်းတမ်း ဆိုသည်မှာ ပညာရေး ရည်မှန်းချက်များ အောင်မြင်စေရန် ရည်ရွယ်၍ သင်ယူမှု ရလဒ်များ၊ သင်ရိုးဝင် အကြောင်းအရာများ၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် တတ်မြောက်မှု စစ်ဆေးခြင်းတို့ အပါအ၀င် ကျောင်းတွင်းနှင့် ကျောင်းပြင်တို့၌ လေ့လာသင်ယူရမည့် ပညာရပ်နယ်ပယ်အလိုက် စနစ်တကျ ရေးဆွဲ သတ်မှတ်ထားသော အစီအစဉ်များကို ဆိုသည်။” ယေဘုယျကျသော ဤအဓိပ္ပါယ် ဖွင့်ဆိုချက်ထဲတွင်လည်း ဖက်ဒရယ် ပညာရေးဆိုင်ရာ မေးခွန်းများ ပါရှိနေပါသည်။ အထူးသဖြင့် “ပညာရေးရည်မှန်းချက်များ အောင်မြင်စေရန် ရည်ရွယ်၍” ဟု ဆိုထားရာ ဤသင်ရိုးညွှန်းတမ်းများက တိုင်းရင်းသားတို့၏ ပညာရေး ရည်မှန်းချက်များ အပေါ်တွင် ရာခိုင်နှုန်းမည်မျှ ပေါက်ရောက် အောင်မြင်စေနိုင်ပါသနည်း။ ပညာရေး ရည်မှန်းချက်များမှာ နိုင်ငံရေးစနစ်အတွက် မောင်းနှင်အားဖြစ်ခြင်းနှင့် အနာဂတ်လားရာအတွက် ကိရိယာလည်းဖြစ်သည့် အချက်များကိုတော့လည်း တိုင်းရင်းသားတို့က ထည့်သွင်း စဉ်းစားရပါလိမ့်မည်။

heart edu

အထောက်အကူပြု “ငြမ်း” သဖွယ် သင်ရိုးညွှန်းတမ်း

သင်ရိုးညွှန်းတမ်းများမှာ သင်ကြားရေးနှင့် သင်ယူရေးတို့ကို ထောက်ကူပေးထားသော ကိရိယာဟု တင်စား ခေါ်ဝေါ်ကြပါသည်။ ကျောင်းပညာရေး သင်ရိုးညွှန်းတမ်းထဲတွင် အင်္ဂါစဉ် ၄ ပိုင်းပါရှိပါသည်။ (၁) သင်ယူရမည့် အကြောင်းအရာ၊ (၂) သင်ယူခြင်း-သင်ကြားခြင်းနည်းနာ၊ (၃) ပညာရပ်အလိုက် အတိမ်-အနက်၊ အကျယ်အပြန့်၊ အစီအစဉ်၊ (၄) တတ်မြောက်မှုကို စစ်ဆေးခြင်းတို့ဖြစ်သည်။ ဤ ၄ ပိုင်းမှာလည်း တစ်ခုနှင့် တစ်ခု ထပ်နေပြီး ဆက်နွှယ်မှုများစွာ ရှိ၏။ ဆရာများအတွက် လမ်းညွှန်ပေးခြင်းနှင့် အောက်ပါမေးခွန်းတို့ကိုလည်း ဖြေဆိုပေးထားသည်။

-       ဘာကို သင်ယူရမှာလဲ (၁ - အကြောင်းအရာ)

-       ဘယ်လို သင်ပေးရမလဲ (၂ - နည်းနာ)

-       ဘယ်လောက် နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် သင်ပေးရမလဲ (၃ - အတိမ်-အနက်)

-       ကျောင်းသားတွေ တကယ်ပဲ နားလည်တတ်မြောက်တယ်ဆိုတာ ဘယ်လို သက်သေပြနိုင်မလဲ (၄- စစ်ဆေးခြင်း)

ဖက်ဒရယ်ပြည်ထောင်စု၏ သင်ရိုးညွှန်းတမ်း စံနှုန်းများ၊ အညွှန်းဘောင်က အထက်ပါ မေးခွန်းများကို ဆရာဆရာမမျာ၊ မိဘများ၊ ကျောင်းသားများနှင့် ပြည်သူလူထုအတွက် ဖြေဆိုပြထားခြင်းပင်။ ပါးလွှာလှသော သင်ရိုးညွှန်းတမ်း စံနှုန်းများ အညွှန်းဘောင်မှာ ဖက်ဒရယ်ပညာရေး၏ ထောက်တိုင်အနေဖြင့် တည်ရှိနေနိုင်ပါသည်။ ဖက်ဒရယ် သင်ရိုးညွှန်းတမ်း မူဝါဒကို တနိုင်လုံးရှိ လူတန်းစား အလွှာအသီးအသီက အကျေအလည် လေ့လာ ဆွေးနွေးပြီး ပါလီမန်တွင် အတည်ပြုပြီးသည့်နောက်ဝယ် ပြည်နယ်များအလိုက် လွတ်လပ်စွာဖြင့် ဖတ်စာအုပ်များ၊ သင်ကြားရေး အစီအစဉ်များကို ထပ်ဆင့် ရေးဆွဲနိုင်ကြသည်။ ကျွမ်းကျင်သူ တိုင်းရင်းသားပညာရှင်များက ဖက်ဒရယ်ပညာရေးမူအပေါ် အခြေခံလျက် သင်ရိုးဝင် ဖတ်စာအုပ်များကို သက်ဆိုင်ရာ ဒေသ၊ ပြည်နယ်အလိုက် ရေးဆွဲခွင့် အပြည့်အ၀ရှိသည်။ ဖက်ဒရယ်မူနှင့် မဆန့်ကျင်လျှင် လုံလောက်ပြီ။ သူတို့တွင် ဒေသနှင့် ပြည်နယ်များ ဗဟုသုတ၊ ပညာရေးလိုအပ်ချက်နှင့် ပညာရပ်ဝမ်းစာ ပြည့်ဝထားသူများ မဟုတ်ပါလား။

ဤသည်မှာလည်း academic freedom ဟု ခေါ်ဆိုသည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ ပညာရှင်လွတ်လပ်ခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသား ပြည်နယ်များ၏ ပညာရေးအာဏာဟု ခေါ်ဆိုနိုင်ပါသည်။ ကျောင်း ဆရာများက နှစ်သက်ရာ ဖတ်အုပ်များကို ရွေးချယ် အသုံးပြုခွင့်ရှိနေပြီ။ ပညာရေးဈေးကွက်အရ ပိုမိုလွတ်လပ်၊ တိုးတက်သော သင်ရိုးဝင် ဖတ်စာအုပ်များ၊ ကလေးများအတွက် ဆွဲဆောင်မှု ရှိသော ဖတ်စာအုပ်များ၊ မင်ရောင် စိုပြေသော၊ ခေတ်မီ သစ်လွင်သော ဖတ်စာအုပ်များကို ဤပြည်နယ်တို့က ပိုင်ဆိုင်ကြမည်။ ကြီးပြင်းလာနေကြဆဲ ပြည်နယ်သားငယ်၊ ပြည်နယ်သမီးငယ်တို့ စိတ်ဝင်စားမှုအပြည့်၊ ခံစားချက် အပြည့်၊ ပြည်နယ်ကလေး ဗဟိုပြုနည်းနာများ၊ တိုင်းရင်းသားဗဟိုပြု အကြောင်းအရာများကို ကမ္ဘာကြီးနှင့် ရင်ဘောင်တန်း လေ့လာ လိုက်စားနိုင်ကြပါလိမ့်မည်။

အဲဒါကို ဘာဖြစ်လို့ သင်ရမှာလဲ - ဆရာမ။ ဒီထက်ပိုကောင်းတာ မရှိတော့ဘူးလား။

            အထက်ပါ ပညာရေးတစ္ဆေ မေးခွန်းကို ကလေးငယ်များထံမှ မကြာမကြာ ကြားနေရပါသည်။ လွန်စွာ တရားဝင်လှသော မေးခွန်းပင်။ သူတို့ကိုယ်ပိုင် လေ့လာလိုသော အရာများလည်း ရှိနေသေးသည် မဟုတ်ပါလား။ စာသင်ခန်းအတွင်းတွင်သာ မဟုတ်ဘဲ ကျောင်းဝင်း၊ လမ်း၊ အိမ်၊ ရွာနှင့် ကစားကွင်းတို့တွင်လည်း တရစပ်ပင် သင်ယူ လေ့လာနေကြလျက်။ သြစတြေးလျားနိုင်ငံမှ သင်ရိုးညွှန်းတမ်း အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သူ Garth Boomer က ဤသို့မိန့်ဆိုပါသည်။ “စာသင်ကျောင်းများက ဤအချက်ကို အလေးအနက်ထား သင့်ပါတယ်၊ ကလေးတွေရဲ့ ကိုယ်တိုင်သင်ယူလိုတဲ့ အကြောင်းအရာများနဲ့ စာသင်ခန်းတွင်း အစီအစဉ်တွေကို ညှိနှိုင်း ရေးဆွဲပေးရမယ်။” မြန်မာတိုင်းရင်းသား ကလေးငယ်များ ကိုယ်ပိုင် သင်ယူလိုသော အကြောင်းအရာများကို ထည့်သွင်းစဉ်းစား ရပါလိမ့်မည်။ စာသင်ကျောင်းက ပြင်ဆင်ထားပေးသော သင်ခန်းစာများအပေါ် ဘာဖြစ်လို့ သင်ရမှာလဲ ဆိုသည့် မေးခွန်းမှာ ခမ်းနားထည်ဝါလွန်းသော တရားဝင်မေးခွန်း ဟူ၍လည်း ဆရာတို့က ရှုမြင်ပေးရပါမည်။ သို့ရာတွင် အထက်တန်း အထက်ဆင့်အထိ မရောက်သေးမီ ကာလတွင်မူ ကျောင်းသားငယ်များ အတွက် ရွေးချယ်စရာ များများစားစား မရှိသေးပါ။ ပြဌာန်းထားသော ဖတ်စာအုပ်များ၊ ဘာသာရပ်များအတွင်းရှိ အကြောင်းအရာများကို စိတ်ပါဝင်စားသည်ဖြစ်စေ၊ မ၀င်စားသည်ဖြစ်စေ၊ ကလေးတို့ လိုအပ်ချက်နှင့် ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ သင်ယူနေကြရသည်။ ဖတ်စာအုပ်ပါ အကြောင်းအရာတို့မှာ ကလေးငယ်၏ အနီးစပ်ဆုံး ပတ်ဝန်းကျင်ကမ္ဘာငယ်နှင့် မည်မျှ အလှမ်းဝေးနေပါသနည်း။ ဆရာမရော ခံစားလို့ ရပါရဲ့လား။

အချက်အလက်များသာ ပြွတ်သိပ်ပါဝင်နေသော ဖတ်စာအုပ်များထဲတွင် ဆရာနှင့် ကလေးငယ်၏ တီထွင် ဖန်တီးမှုများ နစ်မြုပ်၊ ပျောက်ဆုံး သွားလေတော့သည်။ တွေးခေါ် ကြံဆမှုများ၊ သစ်လွင်သော စိတ်ကူးစိတ်သန်းများ၊ ရင်တွင်းဆန္ဒများ၊ ဗီဇစွမ်းရည်များ၊ ရိုးရာဓလေ့များ ဝေးလွင့် ကြွေကျ ပျောက်ကွယ်လေသည်။ ကံကြမ္မာများကို အတင်းအဓမ္မ ပြဌာန်း ခံထားရသော ဖတ်စာအုပ်၏ စာမျက်နှာများက ၀ါးမျိုလိုက်ပြီ။

မြန်မာတိုင်းရင်းသား ကလေးငယ်မှာ မမွေးဖွားမီကတည်းကပင် “ဗဟို” က အသည်းအသန်၊ အတင်းအကျပ် ချုပ်ကိုင်လွှမ်းမိုးထားသည့် သင်ရိုးညွှန်းတမ်းအောက်တွင် လူလားမြောက်ရန် မသေချာတော့ပြီ။

သင်ရခြင်း အကြောင်းရင်း

            ကလေးငယ်၏ အထက်ပါမေးခွန်းကို ဖြေဆိုရန် နည်းလမ်းအချို့တော့ဖြင့်ရှိနေပါသည်။

-       ဒါကတော့ ပညာတတ်တဲ့ လူတိုင်း သိထားရမယ့်အရာကွဲ့၊ ဘာသာရပ်ထဲမှာ ပါနေတာလေ၊ (ဘာသာရပ်ဗဟိုပြု အဖြေ - subject discipline)

-       မင်း ဒီဟာကို မလုပ်တတ်ဘူး၊ မသိဘူးဆိုရင်တော့ မင်းကြီးလာရင် အလုပ်ရဖို့ မလွယ်ဘူးကွ။ ဒါမှမဟုတ်ရင်လည်း ဒီလို စဉ်းစားစေချင်တယ်။ ဒါကို မသင်ယူ၊ မတတ်မြောက်ဘူးဆိုရင် မင်း ၁၀ တန်း၊ ၁၁ တန်း ရောက်တဲ့အခါ ဒုက္ခ လှလှ တွေ့တော့မှာ။ (လက်တွေ့အသုံးဝင်မှု - Instrumental)

-       ဆရာ ဒါကို သင်ရခြင်းကတော့ မင်းရဲ့ ဗီဇစွမ်းရည်ကို ပိုတိုးတက်လာစေဖို့ပါ။ ဒီစီမံကိန်းသင်ခန်းစာကတော့ ငါ့တပည့်အတွက် သင့်တော်မယ်လို့ ဆရာယူဆပါတယ်။ မင်း တကယ် စိတ်ဝင်စားရဲ့လား။ မင်း ပိုလို့ စိတ်ပါဝင်စားမယ့် သင်ခန်းစာ ပရောဂျက်၊ စာတမ်းခေါင်းစဉ်နဲ့ လေ့လာမှုကို ရွေးချယ်လို့ ရပါသေးတယ်ကွာ၊ မင်းလုပ်ချင်ကိုင်ချင်စိတ် ပိုရှိမယ့် ခေါင်းစဉ် တစ်ခုခုပေါ့ကွာ။ (လူသားတိုးတက်မှု ဗဟိုပြု ဖက်ဒရယ် ပညာရေးအဖြေ - progressive)

“ဒါကို ဘာဖြစ်လို့ သင်ရမှာလဲ” ဆိုသော တိုင်းရင်းသား ကလေးငယ်၏ တရားဝင်မေးခွန်းမှာ ဆရာတို့အတွက် ပညာရေးတစ္ဆေ အခြောက်ခံရသည်နှင့် တူနိုင်ပါသည်။ သို့သော် ပညာရေး ဒဿနတန်းဝင်၊ ဖီလော်ဆော်ဖီပြဿနာကို ကလေးငယ်က ဤပြည်နယ်၏ ဖက်ဒရယ်ပညာရေး မူဝါဒအတွက် ပြဌာန်းပေးလိုက်ခြင်းပင်။ ဘာကို သင်ယူရမလဲ၊ ဘာဖြစ်လို့လဲ၊ ဘာတန်ဖိုးရှိသလဲ၊ ဒီထက်ပိုကောင်းတာ မရှိဘူးလား။

ဒီမိုကရက်တစ် ဖက်ဒရယ် ကျောင်းဆရာ - သင်မည်သို့ အဖြေပေးနေပါသလဲ။

သိန်းနိုင် (မောက္ခပညာရေး)

(ဆက်လက်ဆွေးနွေးပါဦးမည်။)

သံလွင်တိုင်းမ်ဂျာနယ်၊ မော်လမြိုင်မြို့၊ ဒီဇင်ဘာ ၂၀၁၄

ဖက်ဒရယ်ပညာရေး အပိုင်း (၁) အပိုင်း (၂)  အမျိုးသားပညာရေးဥပဒေ ၀ိရောဓိများနှင့် ဖက်ဒရယ်ပညာရေး မိတ်ဆက်နိဒါန်း

ဖက်ဒရယ်ပညာရေး အပိုင်း (၃) သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်

ဖက်ဒရယ်ပညာရေး အပိုင်း (၄) ဒါကို ဘာဖြစ်လို့ သင်ရမှာလဲ

ဖက်ဒရယ်ပညာရေး အပိုင်း (၅) လူမှုတရားမျှတမှုအတွက် ပညာရေး

Powered by Bullraider.com