ဖက်ဒရယ်ပညာရေး (အပိုင်း ၇)

Category: ပညာရပ်စာတမ်းများ
Published on Monday, 30 March 2015 03:54
Written by သိန်းနိုင်

ယခုအပတ်မှ စတင်ပြီး ဖက်ဒရယ်စနစ် ကျင့်သုံးသော ပြည်ထောင်စုနိုင်ငံများတွင် လူထုပညာရေးကို အစိုးရအဆင့်အဆင့်တို့က တာဝန်ခွဲဝေယူပြီး စီမံခန့်ခွဲပုံကို လေ့လာတင်ပြသွားပါမည်။ အထူးသဖြင့် ဖက်ဒရယ် တိုင်းပြည်များဖြစ်သော  အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ သြစတြေးလျား၊ ပြင်သစ်၊ ဂျာမဏီ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့တွင် အစိုးရအဆင့်ဆင့်၏ ပညာရေး တာဝန်ဝတ္တရားများနှင့် ရင်ဆိုင်ကြုံတွေ့ရသော ပညာရေးဥပဒေ အကျပ်အတည်းများ၊ ပညာရေးအာဏာခွဲဝေပုံများ၊ မူဝါဒ အပြောင်းအလဲများနှင့် ဖြေရှင်းပုံတို့ကို ဆွေးနွေးပါမည်။

အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုတွင် ပညာရေးကို အစိုးရ ၄ ဆင့်တို့ဖြင့် တာဝန်ယူ အုပ်ချုပ်ပါသည်။ ဒေသန္တရအစိုးရ၊ ခရိုင်ပညာရေးဌာန၊ ပြည်နယ်အစိုးရနှင့် ဖက်ဒရယ် အစိုးရတို့ဖြစ်သည်။ အမေရိကန် မိဘများအနေဖြင့် ကျောင်းပညာရေးကို တရားဝင် စီမံခန့်ခွဲပုံကို သိရှိနားလည်ထားခြင်းဖြင့် မှန်ကန်သော ရွေးချယ်မှုများ၊ လက်တွေ့ ကျသော ဆုံးဖြတ်ချက်များနှင့် လိုအပ်ပါက နည်းမှန်လမ်းမှန်ဖြင့် နိုင်ငံရေးအရ အရေးယူမှုတို့ကို လုပ်ဆောင်နိုင်ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ဗဟိုက ချုပ်ကိုင်ချယ်လှယ်သော ပညာရေးစနစ်မရှိပါ။ ဤသည်မှာ ဗြိတိန်၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံများနှင့် မတူကွဲပြားချက်ဖြစ်သည်။ မတူသော ပြည်နယ်ငါးဆယ်တွင် ပညာရေးစနစ် ၅၀ ရှိသည်ဟု ဆိုနိုင်ပါသည်။ ပြည်နယ်တစ်ခုတည်းမှာပင် ဒေသန္တရကျောင်း ပညာရေးစနစ်များမှာ မတူကွဲပြားမှု ရှိလေသည်။

            အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူထုပညာရေးနှင့် ပတ်သက်ပြီး ရည်ညွှန်းချက် တိတိပပ မပါရှိပါ။ သို့သော် ၁၀ ကြိမ်မြောက် ပြင်ဆင်ရေးဆွဲခဲ့စဉ်က ဖွဲ့စည်းပုံအရ ဖက်ဒရယ်အစိုးရက တိုက်ရိုက် တာဝန်မယူသော အခွင့်အာဏာ အားလုံးကို ပြည်နယ်အစိုးရများက ကျင့်သုံး ပိုင်ခွင့်ရှိသည့် အချက်ကို ထည့်သွင်းခဲ့သည်။ ဤဖွဲ့စည်းပုံ ပြင်ဆင်ချက်မှာ လူထုပညာရေးကို ပြည်နယ်များက အဓိကအားဖြင့် တရားဝင် တာဝန်ယူ ဆောင်ရွက်ပိုင်ခွင့် ရှိနေသည့် အချက်ပင်ဖြစ်သည်။ သို့ရာတွင် ပြည်နယ်များကလည်း နိစ္စဒူဝ ပညာရေးစနစ် လည်ပတ်မှုကို ဒေသန္တရ အစိုးရများထံ တာဝန်လွှဲပြောင်း ပေးအပ်ထားသည်။ သို့ဖြစ်လေရာ ပထမဦးစွာ ဒေသန္တရ အစိုးရများ၏ ပညာရေးတာဝန်နှင့် ၀တ္တရားများကို လေ့လာကြည့်ရှုကြပါမည်။

nclblogo

ဒေသန္တရအစိုးရ၏ ပညာရေးလုပ်ပိုင်ခွင့်နှင့် တာဝန်များ Local Government

အမေရိကန်ပြည်ထောင်စုတွင်းရှိ ကျောင်းတိုင်းသည် ဒေသန္တရအစိုးရ၊ ခရိုင်အုပ်ချုပ်ရေးစနစ်အောက်တွင် ရှိပါသည်။ ခရိုင်များကို ပြည်နယ်များက သတ်မှတ်ပေး ထားခြင်းဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်နယ်ဥပဒေ ပြုစုရေးဆွဲရေး မဏ္ဍိုင်က ဒေသန္တရအုပ်ချုပ်မှုကို ပြင်ဆင်ခြင်း၊ နယ်နိမိတ် အပြောင်းအလဲကို သတ်မှတ်ခြင်းနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကို ပြဌာန်း သတ်မှတ်ပေးသည်။ လိုအပ်ပါက ရုပ်သိမ်းပိုင်ခွင့်လည်း ရှိပါသည်။ ဒေသန္တရအစိုးရက တာဝန်ယူထားသည်မှာ ဆက်စပ်နေသည့် ကျဉ်းမြောင်းလှသော နယ်မြေဒေသများသာဖြစ်သည်။ ကျောင်းပညာရေးကိုလည်း တာဝန်ယူ ဆောင်ရွက်သည်။ ပြည်နယ်အတွက် တာဝန်ယူ ဆောင်ရွက်ရသည်ဖြစ်ရာ ဒေသန္တရ မူဝါဒများမှာ ပြည်နယ်၏ ပညာရေးစနစ်နှင့် ကိုက်ညီသော မူဝါဒများကို ချမှတ် ဆောင်ရွက်ရသည်။

            ပြည်နယ်အစိုးရက ဒေသန္တရအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထားရှိသော်ငြားလည်း ဒေသန္တရ ကျောင်းဘုတ်အဖွဲ့များ School boards မှာ ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်များစွာ ရှိနေသည်။ အကောက်အခွန်များကနေ၍ ဘဏ္ဍာငွေကြေး ရယူပိုင်ခွင့်မှာ ကျောင်းဘုတ်အဖွဲ့များတွင် ရှိနေ၏။ ကျောင်းဝန်ထမ်း ခန့်အပ်ခြင်းနှင့် ကျောင်းပိုင်ဆိုင်မှုအပေါ် သြဇာသက်ရောက်၏။  အချို့သော ပြည်နယ်များက ကျောင်းသင်ရိုးညွှန်းတမ်းနှင့် ကျောင်းသားရေးရာ မူဝါဒများကို ဒေသန္တရ ကျောင်းဘုတ်အဖွဲ့ကပင် ချမှတ်ခွင့်ပြုထားသေးသည်။ အချို့ပြည်နယ်များကမူ တပြည်နယ်လုံး အတိုင်းအတာဖြင့် လိုက်နာလုပ်ဆောင်ရန် ညွှန်ကြားတတ်သည်။ သို့မဟုတ် ကန့်သတ်ထားကြသည်။

            ဒေသန္တရ ကျောင်းဘုတ်အဖွဲ့ဝင်များကို စိစစ် ရွေးချယ်ခန့်အပ်ခြင်းကို ပြည်နယ်ဥပဒေဖြင့် ပြဌာန်းထားသည်။ နည်းလမ်း ၂ သွယ်မှာ တိုက်ရိုက်ခန့်အပ်ခြင်း appointment နှင့် ရွေးကောက်တင်မြှောက်ခြင်း election တို့ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခြင်းမှာ လူထုအတွင်း ပိုမို ပွင့်လင်းမြင်သာသည့်အချက်နှင့် တာဝန်ခံမှုတို့ ရှိသော်ငြားလည်း တိုက်ရိုက် ခန့်အပ်ခြင်းမှာမူ အရည်အသွေးရှိသော လုပ်တတ်ကိုင်တတ်သူများကို ရရှိစေနိုင်ပြီး နိုင်ငံရေးအရလည်း ရှုပ်ထွေးမှု နည်းပါကြောင်း ထောက်ပြကြသည်။ တနိုင်ငံလုံးတွင်မူ ကျောင်း ၉၅ ရာခိုင်နှုန်းမှာ ဒေသန္တရကျောင်း ဘုတ်အဖွဲ့ဝင်များကို ရွေးကောက်တင်မြှောက်ခြင်း  election နည်းလမ်းဖြင့် ရွေးချယ်ခန့်အပ်ကြပါသည်။

ဒေသန္တရ ပညာရေးအာဏာပိုင်ဖြစ်သော ကျောင်းဘုတ်အဖွဲ့ဝင်ဦးရေကို ၇ ဦးမှ ၉ ဦးအထိထားရှိပြီး အကြီးဆုံးသော ဘုတ်အဖွဲ့တွင်မူ ၁၉ ဦးအထိ ရှိတတ်သည်။ ၅၇ ရာခိုင်နှုန်းသော ဘုတ်အဖွဲ့ဝင်များမှာ မိဘများဖြစ်ကြသည်။ ကျောင်းတတ်နေဆဲ သားသမီးရှိသော ကျောင်းသားမိဘဖြစ်ချင်မှ ဖြစ်မည်။ ဘုတ်အဖွဲ့ဝင်များ၏ အသက် အရွယ်နှင့် လူမှုစီးပွားနောက်ခံ အချက်အလက်များကလည်း သူတို့၏ နိုင်ငံရေးခံယူချက်ကို လွှမ်းမိုး နေလေ့ရှိသည်။ ကျောင်းကိစ္စရပ်များနှင့် မူဝါဒ ချမှတ်မှုများ တွင် သက်ရောက်မှု ရှိနေတတ်သည်။ နယ်မြေဒေသများ အတွင်းရှိ လူထုလူတန်းစာ အလွှာအသီးသီးနှင့် မတူကွဲပြားသော လူမျိုးစုများအပေါ် ကိုယ်စားပြုမှုအပေါ်တွင် ပညာရေးသမားများက မေးခွန်းထုတ်တတ်ကြပါသည်။

ကျောင်းဘုတ်အဖွဲ့ဝင်များသည် အစည်းအဝေး ၃ မျိုးကို တက်ရောက်ကြရသည်။ ပုံမှန်၊ အထူးနှင့် အလုပ်အမှုဆောင် အစည်းအဝေးများဖြစ်သည်။ ပထမ ၂ မျိုးတွင် မိဘပြည်သူများ တက်ရောက်ခွင့် ရှိကြသည်။ အလုပ်အမှုဆောင်အစည်းအဝေးများကိုမူ တံခါးပိတ်ကျင်းပလေ့ရှိပြီး ၀န်ထမ်းရေးရာများ၊ ကျောင်းပိုင်ပစ္စည်းကိစ္စများ၊ ကျောင်းသားတစ်ဦးချင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးလေ့ရှိသည်။ မိဘပြည်သူတို့ တက်ရောက်ခွင့် ရှိသော အစည်းအဝေးများမှာ ကျောင်းနှင့် ရပ်ရွာလူမှုအသိုက်အ၀န်း ဆက်ဆံရေးကို ပိုမို ပွင့်လင်းမြင်သာစေပြီး မိဘပြည်သူများ အနေဖြင့် ပညာရေး ပြဿနာများကို ပို၍ သိမြင်နားလည်စေနိုင်သည်။ မိမိတို့၏ အမြင်များနှင့် စိုးရိမ်မှုများကိုလည်း တင်ပြဆွေးနွေးခွင့် ရရှိကြသည်။ တံခါးပိတ် အလုပ်အမှုဆောင် အစည်းအဝေးများအပေါ်တွင် ဝေဖန်ဆွေးနွေးမှုများ ရှိနေပြီး ပြည်နယ်အချို့တွင် ဖျက်သိမ်းလိုက်ကြပြီဖြစ်သည်။ ဒေသန္တရ ပညာရေးဌာနများအနေဖြင့် ပိုမို ပွင့်လင်းမြင်သာမှု ရှိစေရန် အားထုတ်မှုဟု ဆိုရမည်။

ရပ်ရွာလူမှုဝန်းကျင်၏ ဂုဏ်သိက္ခာမှာ ကျောင်း၏ အရည်အသွေးနှင့် တိုက်ရိုက်ပတ်သက်နေတတ်သည်။ ကျောင်းအင်္ဂါစဉ်ပြည့်မီမှု၊ ကျောင်းတန်ဖိုးနှင် နယ်မြေအတွင်း စီးပွားရေးလုပ်ငန်းများ အခြေချမှု စသည့် အချက်များ ပါဝင်ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသန္တရကျောင်းဘုတ်အဖွဲ့ဝင်များမှာ ၀န်ထမ်း ဦးရေ လွန်စွာ ကျယ်ပြန့် များပြားလှသည်။ ယင်းတို့၏ တာဝန်ဝတ္တရားများအရ အနည်းဆုံး တစ်ပတ်လျှင် နာရီ ၂၀ ခန့်မျှ ကျောင်းဘုတ်အဖွဲ့  လုပ်ငန်းဆောင်တာများတွင် တာဝန်ယူ ဆောင်ရွက်ကြရသည်။ ကိုယ်ကျင့်တရားနှင့် ပြည့်စုံကောင်းမွန်သူများ ဖြစ်သင့်ပြီးလျှင် မျှမျှတတလုပ်ကိုင်ဆောင်ရွက်နိုင်သူများလည်း ဖြစ်ရန် လိုအပ်လှသည်။ ကျောင်းဥပဒေ၊ ကျောင်းသားဥပဒေ၊ ဆရာဆရာမများ ဥပဒေတို့အပါအ၀င် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘများနှင့် ရပ်ရွာနေလူထုတို့နှင့် သက်ဆိုင်သော ဥပဒေတို့ကို သိရှိနားလည်ထားရန် လိုအပ်သည်။

ဒေသန္တရကျောင်းဘုတ်အဖွဲ့ တာဝန်များ

မူဝါဒများ ချမှတ်ခြင်း၊ ၀န်ထမ်းခန့်အပ်ခြင်း၊ သမဂ္ဂများနှင့် ဆက်ဆံခြင်း၊ ပညာရေးဌာနမှူး ရွေးချယ်ခြင်း၊ ကျောင်းစစ်ဆေးရေးများ ရွေးချယ်ခြင်း၊ အကောက်အခွန် ငွေကြေး ရှာဖွေခြင်း၊ သုံးစွဲခြင်း၊ ဘဏ္ဍာငွေကြေးကိစ္စများကို ဖြေရှင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။ ဒေသန္တရ အစိုးရအဖွဲ့အတွင်း ကျောင်းဘုတ်အဖွဲ့များမှာ ဘတ်ဂျက် အများဆုံးကိုင်တွယ်ရသည့် အဖွဲ့ပင်ဖြစ်သည်။ ကျောင်းသားရေးရာ၊ ကျောင်းသား အခွင့်အရေးနှင့် တာဝန်များ၊ သင်တန်း အောင်လက်မှတ် ပေးအပ်ခြင်းများ၊ သင်ရိုးပြင်ပ လေ့လာမှုများနှင့် ကျောင်းခေါ်ကြိမ်တို့အတွက်လည်း တာဝန်ရှိသည်။

သင်ရိုးညွှန်းတမ်းနှင့် ပညာရည်တိုးတက်မှုကို စစ်ဆေးခြင်းဆိုင်ရာ ပြဌာန်းသတ်မှတ်ပေးရသည်။ သင်ရိုးကို ရေးဆွဲသည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများ၏ ပညာရေးဥပဒေနှင့် လမ်းညွှန်ချက်များအရ ဒေသန္တရအစိုရက သင်ရိုးဖွံ့ဖြိုးရေးကို ဆောင်ရွက်ခြင်းဖြစ်သည်။ ဖတ်စာအုပ် ရွေးချယ်ခြင်းကို အတည်ပြုပေးသည်။ ထိုနည်းတူစွာ ပြည်နယ်အလိုက် ပညာရည်တိုးတက်မှုကို စစ်ဆေးအကဲဖြတ်ခြင်းမူအရလည်း တာဝန်ရှိသည်။ များမကြာမီက  အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် အစိုးရ၏ “ကလေးတစ်ဦးမျှ နောက်ကျန် မရှိစေရ” No Child Left Behind Law ဥပဒေတို့ကဲ့သို့သော ပြဌာန်းမှုကိုလည်း အကောင်အထည်ဖေါ် ဆောင်ရွက်ရသည်။

ရပ်ရွာအသိုင်းအ၀န်းနှင့် မိဘပြည်သူတို့နှင့် ကောင်းမွန်သော စဉ်ဆက်မပြတ် ဆက်ဆံရေးကိုလည်း ကျောင်းဘုတ်အဖွဲ့က ထားရှိရန် လိုအပ်သည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများ ကျောင်းများအတွက် လိုက်နာဆောင်ရွက်ရန် ပြဌာန်းသတ်မှတ်ချက်များကို အကောင်အထည်ဖေါ်ရန် ကျောင်းဘုတ်အဖွဲ့များက တာဝန်ခံကြရသည်။

ဒေသန္တရ ကျောင်းဘုတ်အဖွဲ့သည် ကျောင်းပညာရေုးမှူးချုပ်၏ အခွင့်အာဏာကို ၀င်ရောက်စွက်ဖက်မှုမျိုး မဟုတ်ဘဲ ကျောင်းစနစ်ကို အုပ်ချုပ်ရန်လည်း တာဝန်ရှိသည်။ ကျောင်းစနစ် လည်ပတ်မှုတွင် တာဝန်အရှိဆုံးမှာ ကျောင်းပညာရေးမှူး superintendent of schools ဖြစ်သည်။ ကျောင်းပညာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် CEO လည်းဖြစ်သည်။ ကျောင်းဘုတ်အဖွဲ့က ရွေးချယ် ခန့်အပ်ထားသူဖြစ်သည်။ ကျောင်းဘုတ်အဖွဲ့ကို ဒေသန္တရ ပညာရေး ဥပဒေပြု အဖွဲ့အစည်းဟု ရှုမြင်နိုင်သည်။ ဘုတ်အဖွဲ့အနေဖြင့် မူဝါဒများ ချမှတ်ရာတွင် လိုအပ်သော ပညာရေးနှင့် ကျောင်းဆိုင်ရာ အချက်အလက်များကို ပညာရေးမှူးက တင်ပြရသည်။ ပညာရေးမှူး၏ သက်တမ်းမှာ သုံးနှစ်မှ လေးနှစ်အထိဖြစ်သည်။ အဓိက တာဝန်များအနေဖြင့် ကျောင်းဆရာဆရာမများနှင့် အခြားဝန်ထမ်းများကို စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမှုကို ဦးဆောင်ခြင်း၊ ကျောင်းပညာရေး အုပ်ချုပ်မှုတို့ ပါဝင်သည်။ ကျောင်းပညာရေး၏ နိစ္စဒူဝ တာဝန်များကို စီမံခန့်ခွဲခြင်းအပြင် ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သည်။ ကျောင်းပညာရေးမှူးချုပ် လက်အောက်တွင် လက်ထောက်ပညာရေးမှူးများ၊ ဒါရိုက်တာများ၊ ဌာနမှူးများ၊ တာဝန်ခံများ၊ အုပ်ချုပ်ရေးမှူးများကို ခန့်အပ်ထားပြီး ဌာနအလိုက် ၀န်ထမ်းများစွာ ထားရှိသည်။

ကျောင်းအုပ်ကြီး

            ကျောင်းအဆင့်တွင် စီမံအုပ်ချုပ်ရန် ကျောင်းအုပ်ကြီး principal ရှိသည်။ ကျောင်းငယ်များတွင် ကျောင်းအုပ်ကြီးလည်း အချိန်ပိုင်း စာသင်ကြားလေ့ရှိသည်။ ကျောင်းကြီးများတွင်မူ ဒု-ကျောင်းအုပ်များ ထားရှိသည်။ ၈၇ ရာခိုင်နှုန်းသော ကျောင်းအုပ်များမှာ အမျိုးသားများ ဖြစ်လေသည်။ ကျောင်းတွင်းဌာနအလိုက် ဌာနမှူးများ ထားရှိသည်။ စည်းကမ်း ထိန်းသိမ်းရေးမှူးများ၊ ကျောင်းသားများအတွက် ပညာရေးနှင့် လူမှုရေးအကြံပေးများ ထားရှိသည်။ ရပ်ရွာနှင့် အနီးကပ် ပူးတွဲ လုပ်ဆောင်ကြသည်။ မိဘ-ဆရာအသင်းအဖွဲ့များ၊ ကျောင်းစီမံ အုပ်ချုပ်ရေး လုပ်ငန်းဆောင်တာများတွင် ရပ်ရွာက ထဲထဲဝင်ဝင် ပါဝင်ကြသည်။ ကျောင်းအုပ်ကြီးမှာ သင်ရိုးညွှန်းတမ်းကိုလည်း ဦးဆောင်စီမံရသည်။ အထက်တန်းကျောင်းများတွင် ဘာသာရပ်နယ်ပယ်အလိုက် သင်ရိုးညွှန်းတမ်း ခေါင်းဆောင်များ သီးသန့်ထားရှိသည်။

            အစဉ်အလာရ ကျောင်းနှင့် ပတ်သက်သော အခွင့်အာဏာမှာ အထက်မှ အောက်သို့ပုံစံ စီးဆင်းသည်။ ဒေသန္တရ ကျောင်းဘုတ်အဖွဲ့၊ ကျောင်းပညာရေးမှူးချုပ်၊ ဗဟိုပညာရေးဌာနနှင့် ကျောင်းအုပ်ကြီး အဆင့်ဆင့်ဖြစ်သည်။ သို့ရာတွင် များမကြာမီက ပြုပြင်ပြောင်းလဲမှုများကြောင့် လုပ်ပိုင်ခွင့်အာဏာကို ကျောင်းအဆင့် စီမံခန့်ခွဲမှုတွင် ပိုမို ရရှိနေပြီဖြစ်သည်။ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများမှာ သင်ရိုးညွှန်းတမ်း၊ ၀န်ထမ်းရေးရာ၊ သင်ကြားမှုနှင့် ကျောင်းဘတ်ဂျတ်များတွင် လုပ်ပိုင်ခွင့် ပိုမိုရရှိကြသည်။ ကျောင်းမူဝါဒများ ရေးဆွဲ ချမှတ်ရာတွင် ကျောင်းအုပ်ကြီးနှင့် ကျောင်းဆရာဆရာမများ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြခြင်းဖြင့် ကိုယ်တိုင်ပါဝင် လုပ်ဆောင်သောစနစ် participatory governance ကို ကျင့်သုံးလာကြသည်။

ခရိုင်ပညာရေးဌာန Intermediate units

            ပြည်နယ်အစိုးရနှင့် ဒေသန္တရ အစိုးရတို့အကြားတွင် ခရိုင်ပညာရေးဌာန  intermediate units (regional educational service agency RESA) ကို ထားရှိသည်။ ဆက်စပ်ဆောင်ရွက်ရန်နှင့် ဒေသန္တရအစိုးရ၏ ပညာရေးဌာန တို့ကို ကူညီပံ့ပိုးပေးရန်ဖြစ်ပြီး ဒေသန္တအစိုးရနှင့် ပြည်နယ်အစိုးရ ပညာရေးဌာနတို့ကို ပေါင်းကူး ဆက်သွယ်ပေးထားသည်။ ပြည်နယ်အစိုးရ၏  ပညာရေးလက်တံခွဲတစ်ခုဟူ၍ ရှုမြင်နိုင်သည်။ ပျှမ်းမျှအားဖြင့် ခရိုင်ပညာရေးဌာန တစ်ခုသည် ဒေသန္တရ ပညာရေးဌာနများ ၂၀ မှ ၃၀ အထိခန့်ကို တာဝန်ယူထားသည်။  အတိုင်ပင်ခံ ပုံစံမျိုးဖြင့် ပညာရှင်များကို ပံ့ပိုးပေးလေ့ရှိသည်။ သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်း၊ စစ်ဆေးအကဲဖြတ်နည်း၊ လုပ်ငန်းခွင် ဆရာအတတ်ပညာ သင်တန်းတို့အတွက် အဓိကထားသည်။ ဘာသာစကား ၂ မျိုးသင်ကြားခြင်း၊ မူကြိုပညာရေး၊ သက်မွေး ၀မ်းကျောင်း ပညာရေး၊ ထူးချွန်ထက်မြက် ကျောင်းသား (ပါရမီရှင်) ပညာရေး၊ မသန်စွမ်းပညာရေး၊ ဒေတာစီမံခန့်ခွဲရေးနှင့် နည်းပညာ ပညာရေးကဏ္ဍတို့ အတွက်လည်း ၀န်ဆောင်မှုပေးသည်။ ခရိုင်အဆင့် တာဝန်ယူခြင်းမှာ စရိတ်နည်း ၀န်ပါပုံစံမျိုးဖြင့် ဒေသန္တရ ပညာရေးဌာနများအတွက် အကျိုးရှိကြောင်း ပညာရေးသမားများက သုံးသပ်ကြသည်။

ပြည်နယ်အစိုးရ ပညာရေးဌာန State Government

            ပြည်နယ်အစိုးရ၏ ပညာရေးဌာနများ အနေဖြင့် လူထုပညာရေးအတွက် အဓိက တာဝန်ရှိသည်။ ဥပဒေပြုခြင်း၊ ကျောင်းပညာရေး အခွန်ကောက်ခံခြင်း၊ ဒေသန္တကျောင်းများသို့ ဘဏ္ဍာရေး ပံ့ပိုးပေးခြင်း၊ သင်တန်းနှင့် ၀န်ထမ်းစံနှုန်းများ သတ်မှတ်ပေးခြင်း၊ သင်ရိုးညွှန်းတမ်း မူဝါဒများ ချမှတ်ခြင်း၊ (အချို့ ပြည်နယ်များတွင် ဖတ်စာအုပ်များကို စိစစ်ပေးခြင်း)၊ ပြည်နယ်အသိအမှတ်ပြု ကျောင်းများတွက် ပံ့ပိုးကူညီခြင်း၊ ကျောင်းကြိုပို့နှင့် အခမဲ့ ဖတ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်း စသည့်တို့ကို ဆောင်ရွက်သည်။

            ပြည်နယ်ကျောင်းမူကို ပြဌာန်းထားပြီး ကျောင်းများ တည်ထောင် ဖွင့်လှစ်ရမည့် ပုံစံများ၊ ပြည်နယ်တွင် ပညာရေး အစီအစဉ်များကို ရေးဆွဲထားသည်။ သို့ရာတွင် ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နိုင်သော ဥပဒေများကိုမူ ပြဌာန်းပိုင်ခွင့် မရှိပါ။ ပြည်နယ်အုပ်ချုပ်ရေး၊ တရားရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်အောက်တွင် ပြည်နယ်ပညာရေး ဘုတ်အဖွဲ့ကို ထားရှိသည်။ ပြည်နယ်ပညာရေးမှူး (ပြည်နယ်ပညာမင်းကြီး) ကို ခန့်အပ်သည်။ ထိုသူမှာ အတွေ့အကြုံ များလှသော ပညာရေးသမား စစ်စစ်ဖြစ်၏။ ပြည်နယ် အုပ်ချုပ်ရေးမှူးကဖြစ်စေ၊ ပြည်နယ်ပညာရေး ဘုတ်အဖွဲ့ကဖြစ်စေ ရွေးချယ် ခန့်အပ်သည်။ ယင်းတို့က ပြည်နယ် ပညာရေးဌာန state department of education ကို ဖွဲ့စည်းကြသည်။ ထို့နောက် ခရိုင်နှင့် ဒေသန္တပညာရေး ဘုတ်အဖွဲ့အဆင့်ဆင့် ပုံစံမျိုးဖြင့် ပြည်နယ် ပညာရေးကို ဖွဲ့စည်းသည်။ ကျောင်းဆရာ တစ်ဦးအနေဖြင့် အများဆုံး ဆက်သွယ်ရလေ့ရှိသည်မှာ ပြည်နယ်ပညာရေးဌာနပင်ဖြစ်သည်။

ဖက်ဒရယ်အစိုးရနှင့် ပညာရေးတာဝန် Federal Government

            အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်အစိုးရသည် ပညာရေးဆိုင်ရာ အခန်းကဏ္ဍ ၄ ရပ်ကို တာဝန်ယူပါသည်။ (၁) ပညာရေးမူဝါဒများနှင့် အစီအစဉ်များ ချမှတ်ရေးဆွဲသော ဖက်ဒရယ် အေဂျင်စီများ federal education agencies၊ (၂) ဖက်ဒရယ်အစိုးရမှတဆင့် ပြည်နယ်အစိုးရများထံသို့ ပညာရေး ဆုံးဖြတ်ချက်များကို လွှဲပြောင်းပေးအပ်သည့်ကဏ္ဍ၊ (၃) ဖက်ဒရယ်အစိုးရ၏ ပညာရေးဘတ်ဂျက်နှင့် (၄) ပညာရေးနှင့် စပ်လျဉ်း၍ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်များ ဖြစ်သည်။

ဖက်ဒရယ်ပညာရေး အေဂျင်စီများ

သက္ကရာဇ် ၁၇၈၇ ခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ အနှစ် ၁၅၀ အမေရိကန်ပညာရေးသမိုင်းစဉ်တွင် ပညာရေးဥပဒေ ၁၄ ခုကိုသာ ကွန်ဂရက်က ပြဌာန်ခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ် ၇ ခုနှစ်အတွင်းတွင်မူ ပညာရေးမူသစ် ၁၇၀ ကို ထပ်မံထည့်သွင်းခဲ့၏။ ပညာရေး အဖွဲ့အစည်းကြီးများဖြစ်သော အမေရိကန်ဆရာများအဖွဲ့ချုပ် American Federation of Teachers, အမျိုးသား ပညာရေးအစည်းအရုံး National Education Association, အမျိုးသားကျောင်းဘုတ်အဖွဲ့များအစည်းအရုံး National School Boards Association တို့က ဖက်ဒရယ်အစိုးရအနေဖြင့် ဘဏ္ဍာငွေကြေး ကူညီပံ့ပိုးပေးနှင့် ပညာရေး အထူး အကူအညီများ ဖြည့်ဆည်းပေးရန်တို့ကို လိုလားကြသော်ငြားလည်း ပညာရေးမူဝါဒများ ချမှတ်ခြင်း လုပ်ငန်းစဉ်တွင်မူ ကင်းကင်းရှင်းရှင်း နေစေချင်ကြသည်။ ဤသည်မှာ အစဉ်တစိုက် တောင်းဆိုခဲ့ခြင်း လည်းဖြစ်သည်။ သို့ရာတွင် ယခုအခါတွင်မူ ပညာရေးသမား အများစုကြီးက ဖက်ဒရယ်အစိုးရအနေဖြင့် တိကျ ရှင်းလင်းသော ပညာရေး မျှော်မှန်းချက်နှင့် လမ်းညွှန်ချက်တို့ကို ထားရှိစေလိုသည်။ သင်ရိုးညွှန်းတမ်း စံနှုန်းများနှင့် ဘဏ္ဍာငွေကြေး ကိစ္စရပ်များလည်း ပါဝင်ပါသည်။ အဓိကအားဖြင့် ကြိုးစားရုန်းကန်နေကြရသော ပြည်နယ်အဆင့်နှင့် ဒေသန္တရအဆင့် ပညာရေး ဌာနများအနေဖြင့် ကျောင်းများ ဖွံ့ဖြိုး တိုးတက်လာစေရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြသည်။

ဖက်ဒရယ်အစိုးရ (အမေရိကန်ပြည်ထောင်စု ပညာရေးဝန်ကြီးဌာန) The U.S. Department of Education

ပညာရေး အစီအစဉ်များနှင့် လုပ်ငန်းစဉ်များအတွက် ဖက်ဒရယ်အစိုးရအဆင့် အေဂျင်စီများစွာ ရှိနေပြီဖြစ်သော်ငြားလည်း အမေရိကန်ပြည်ထောင်စု ပညာရေးဗဟိုဌာန The US Department of Education မှာ အဓိက အကျဆုံးသော ဖက်ဒရယ် ပညာရေး အေဂျင်စီဖြစ်သည်။ ၁၈၆၇ ခုနှစ် စတင် ဖွဲ့စည်းခဲ့စဉ်ကမူ Office of Education ပညာရေးရုံးချုပ်ဟူ၍ ခေါ်ဝေါ်ခဲ့ပြီး ပညာမင်းကြီးတစ်ဦးနှင့် ၀န်ထမ်း ၃ ဦး၊ ဘဏ္ဍာငွေကြေး ဒေါ်လာ ၁၈,၀၀၀ သာ ရှိခဲ့သော်ငြားလည်း ယခုအခါတွင် ဖက်ဒရယ်ပညာရေးဌာနတွင် ၀န်ထမ်းအင်အား ၄၇၀၀ ဦးနှင့် ပညာရေးဘတ်ဂျက် ဒေါ်လာ သန်း ထောင်ပေါင်း ၁၅၀ ကျော်လွန်ခဲ့ပြီဖြစ်သည်။ ဖက်ဒရယ် ပညာရေး ဌာနအနေဖြင့် ပညာရေးအစီအစဉ် ၁၂၀ ကျော်ကို ဦးစီး ဆောင်ရွက်လျက်ရှိသည်။

            အစဉ်အလာအရ ပညာရေးရုံးချုပ် Office of Educationအနေဖြင့် တာဝန်ကြီး ၃ ရပ်ကို အကောင်အထည် ဖေါ်ခဲ့သည်။ (၁) ပြည်နယ်ပညာရေးဌာန၊ ကျောင်းနယ်မြေများ၊ ကောလိပ်နှင့် တက္ကသိုလ်များသို့ ထောက်ပံ့ငွေများကို ဖြည့်ဆည်းပေးခြင်း၊ (၂) ပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် သုတေသန လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း၊ (၃) ပညာရေး ဦးဆောင်မှုပေးခြင်း၊ အတိုင်ပင်ခံအနေဖြင့် တာဝန်ယူခြင်းနှင့် ပညာရေးဆိုင်ရာ အုပ်ချုပ် စီမံခန့်ခွဲခြင်းတို့ဖြစ်သည်။ ၁၉၇၉ ခုနှစ်က ကွန်ကရက်တွင် အချေအတင် ငြင်းခုံ ဆွေးနွေးခြင်းများစွာ ပြုလုပ်ပြီးနောက် ဖက်ဒရယ်ပညာရေး ဗဟိုဌာနအနေဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ပညာရေး အတွင်းဝန်တစ်ဦးကို ၀န်ကြီးအဆင့် အဆောင်အယောင်များနှင့် ခန့်အပ်ထားရှိပြီး ၁၉၈၀ ခုနှစ် လုပ်ငန်းများ စတင်လည်ပတ်ခဲ့သည်။

            ဖက်ဒရယ်ပညာရေးဝန်ကြီးအနေဖြင့် မီဒီယာ မျက်နှာစွာ ရှိနေပြီး သြဇာသက်ရောက်မှုလည်း ရှိသည်။ ပညာရေး မူဝါဒများကို စီမံခန့်ခွဲခြင်း၊ လုပ်ငန်း ပရိုဂရမ်များကို မြှင့်တင်ခြင်းနှင့် မူဝါဒကို အကောင်အထည်ဖေါ်ခြင်းတို့အပြင် ၀န်ကြီးသည် နိုင်ငံရေးနှင့် ပညာရေးအသိုင်းအ၀ိုင်းအတွင်း ပြုပြင်ပြောင်းလဲမှုများအတွက် သြဇာရှိခြင်းပင်ဖြစ်သည်။

သမ္မတ ဂျော့ဘုရှ်လက်ထက်က ပညာရေးပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် “မည်သည့်ကလေးတစ်ဦး တစ်ယောက်မျှ နောက်ချန် မရှိစေရ” No Child Left Behind အက်ဥပဒေကို ကွန်ကရက်က အတည်ပြု ပေးခဲ့သည်။ အဆင့်မမီသော ကျောင်းများ တိုးတက်လာစေခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နှစ်စဉ် စစ်ဆေး တိုင်းတာသော  စာဖတ်ခြင်းစွမ်းရည်နှင့် သင်္ချာတတ်မြောက်မှုတို့တွင် ပြည်နယ်နှင့် ဒေသန္တရ အစိုးရများအနေဖြင့် ကျောင်းသားများ အဆင့်မီ တိုးတက်စေရန် အဓိက တာဝန်ယူစေခြင်းတို့ကို ဆောင်ရွက်သည်။ လုပ်ငန်းခွင် ၀င်ခါစ ဆရာအသစ်များ အတွက်လည်း စိတ်အား ထက်သန်စေရန်နှင့် စွမ်းဆောင်ရန် ဖွံ့ဖြိုးစေရန် အထူးအစီအစဉ်များကို ပြုလုပ်ပေးသည်။ အရည်အသွေး နိမ့်ကျသော ကျောင်းသားများ၏ ပညာရည်တိုးတက်မှုကို သတ်မှတ်ထားရှိသော အဆင့်မီအောင် မဆောင်ရွက်နိုင်သော ပြည်နယ်များနှင့် ဒေသန္တရဌာနများအတွက် ဘဏ္ဍာငွေကြေး ပံ့ပိုးမှုကို လျော့ချပစ်သည်။ ၁၉၈၀  နှင့် ၁၉၉၀ ပြည့်လွန်နှစ်  ကာလများတွင် ဘဏ္ဍာငွေကြေး ပံ့ပိုးမှုတို့ကို လျော့ချပစ်လိုက်ပြီး ဒေသန္တရ အစိုးရများကို တာဝန် ပိုယူစေခဲ့သည်။ သမ္မတဘုရှ် လက်ထက်တွင်မူ ဖက်ဒရယ်အစိုးရက တာဝန်ပိုမို ယူလာခဲ့ပြန်သည်။ တပြိုင်နက်တည်းမှာပင် ပြည်နယ်နှင့် ဒေသန္တရအဆင့်များ၊ ပညာရေးမှူးချုပ်များ၊ ကျောင်းအုပ်များကိုလည်း ပညာဖွံ့ဖြိုးရေးအတွက် (အထူးသဖြင့် စာဖတ်ခြင်းစွမ်းရည်နှင့် သင်္ချာအဆင့်မီမှုအတွက်) ဖိအားပေး စေခိုင်းခဲ့သည်။ ဆရာသစ်များအနေဖြင့် ဘာသာရပ် စပါယ်ရှယ်လစ်များ၊ ဌာနမှူးများနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်စေခြင်းဖြင့် ကလေး တစ်ဦးချင်းစီအတွက် စာဖတ်ခြင်းစွမ်းရည် ဖွံ့ဖြိုးလာစေရန် သင်ကြားနည်းဗျူဟာများကို လေ့လာစေသည်။

 (အစိုးရကျောင်း မဟုတ်သော) အခြားကျောင်းများ Nonpublic schools

            တစ်နိုင်ငံရှိ ကျောင်းသား ၁၀ ရာခိုင်နှုန်းများ အစိုးရကျောင်းမဟုတ်သော အခြားကျောင်းများတွင် တက်ရောက်လျက်ရှိသည်။ ယင်းတို့ထဲမှ ထက်ဝက်ခန့် ဖြစ်သော ၄၆ ရာခိုင်နှုန်းမှာ Catholic schools ခရစ်ယာန် ဘာသာဝင် ကက်သလစ်ကျောင်းများဖြစ်ပြီး ၁၆ ရာခိုင်နှုန်းမှာ ဘာသာရေးကို အခြေမခံသော သီးသန့်ကျောင်းများ independent schools ဖြစ်ကြသည်။ ပြည်နယ်ပညာရေး ဥပဒေများက ပုဂ္ဂလိကကျောင်းများနှင့် ဘာသာရေးကျောင်းများ အပေါ်တွင်လည်း သက်ရောက်မှုရှိသည်။ ကျောင်းအင်္ဂါစဉ်၊ ကျောင်းကျန်းမာသန့်ရှင်းမှု၊ အဆောက်အဦစံနှုန်းများ၊ ကလေးဖွံ့ဖြိုးရေး၊ ကျောင်းသားစည်းကမ်း အစရှိသည်တို့ဖြစ်သည်။ ငွေကြေး ကူညီပံ့ပိုးမှုလည်း ရှိတတ်သည်။ ပုဂ္ဂလိကျောင်းများမှာ ကိုယ်ပိုင်အုပ်ချုပ်မှု ကော်မီတီရှိသည်။ ကျောင်းသား ရရှိမှု၊ ဘဏ္ဍာငွေကြေး ပံ့ပိုးမှုနှင့် သင်ရိုးညွှန်းတမ်းများအတွက် ပုဂ္ဂလိကကျောင်းနှင့် အစိုးရ ကျောင်းများအကြားတွင် ယှဉ်ပြိုင်လေ့ရှိသည်။

အိုဘားမားအစိုးရအတွက် ဖက်ဒရယ်ပညာရေးမူဝါဒ စိန်ခေါ်ချက်များ ၂၀၁၅

            ၁၁၁ ကြိမ်မြောက် ကွန်ကရက်မှ အိုဘားမားအစိုးရအတွက် ပညာရေးစိန်ခေါ်ချက်ကြီး ၅ ခုကို တင်သွင်းခဲ့သည်။ သုတေသနအဖွဲ့အစည်းများ၏ လေ့လာ တွေ့ရှိချက်များအပေါ် စဉ်းစားခြင်းဖြစ်သည်။ ယင်းတို့မှာ (၁) No Child Left Behind NCLB ကလေးတစ်ဦးတစ်ယောက်မျှ နောက်ချန် မရှိစေရ ပညာရေး မူဝါဒ၏ အသီးအပွင့်နှင့် အောင်မြင်မှုတို့ကို အသိအမှတ်ပြုသော်ငြားလည်း လူထုပညာရေးမှာ ရေရှည်အောင်မြင်ရန် စိန်ခေါ်ချက် ရှိနေသည်။ ကျောင်းသား အားလုံးအတွက် စမ်းရည်များ စံနှုန်းမီတတ်မြောက်ရန်မှာ အဓိကဖြစ်သည်။ (၂) NCBL မူဝါဒကို ဆင်းရဲပြီး ပညာရေးအခက်အခဲရှိသောသူများအတွက် အကောင်အထည်ဖေါ်ဆောင်ရန် ကြိုးစားရဦးမည်။ (၃) ဆရာဆရာမများ၏ စွမ်းဆောင်ရည်အလိုက် ချီးမြှင့်ခြင်းမှာ တန်ဖိုးရှိသော်ငြားလည်း အမေရိကန်ပြည်ထောင်စု အနေဖြင့် စိန်ခေါ်ချက်များ ရှိနေသည်။ ဤမူဝါဒအတွက် ပညာရေးရင်းနှီးမြှုပ်နှံမှု ထားရှိရပေလိမ့်မည်။ (၄) မူကြိုပညာရေး အဆင့်မီသည်နှင့်အမျှ ရှေ့ဆက် ကျောင်းပညာရေးခရီးတွင် သာသာယာယာဖြင့် ထိရောက်စွာ ပညာရှာမှီးနိုင်ပါသည်။ ဖက်ဒရယ်အစိုးရ ဥပဒေပြုသူများအနေဖြင့် ပြည်နယ်များမှ အရည်အသွေး ပြည့်မီသော မူကြိုပညာရေးအတွက် ဖြည့်ဆည်းပေးစရာ များစွာ ရှိနေသေးသည်။ (၅) အငြင်းပွားဖွယ်ရာများစွာ ရှိနေသော်လည်း 1997 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ချာတာကျောင်းများ Charter schools အရေအတွက်မှာ တိုးပွား လာနေဆဲဖြစ်၏။ ကိုယ်ပိုင် အုပ်ချုပ်သည့် ပညာရေးစနစ်ပင်ဖြစ်သည်။ ကျောင်းလခ မပေးရ။ တူညီဝတ်စုံ ၀တ်ကြရသည်။ မိဘများ၏ ပါဝင်ဆောင်ရွက်မှု လိုအပ်သည်။ ပုံမှန်သင်ရိုးညွှန်းတမ်းကို သင်ကြားသည်။ သင်ပြမှု အရည်အသွေးအရ ကျောင်းဆရာကို လစာပေးသည်။ ဆိုးကျိုးကား များများစားစား မရှိပါ။ ချာတာကျောင်းမူဝါဒကို တိတိကျကျ ချမှတ်ပေးရန် လိုအပ်နေသည်။

နောက်ဆုံးတစ်ချက်အနေဖြင့် များမကြာမီက သမ္မတဘားရက်အိုဘားမား၏ တက်ရောက်ခွင့် ရရှိသူများအတွက် အခမဲ့ ကောလိပ်ကျောင်းတက်ရောက်ခွင့် ဥပဒေကို ကြိုဆိုကြသော်ငြားလည်း ပြဿနာကို ဖြေရှင်းပေးနိုင်ရန် အခက်အခဲ ရှိနေသေးသည်။

နိဂုံး

ချုပ်၍ဆိုရသော် ဖက်ဒရယ်အစိုးရ၏ ပညာရေးလုပ်ငန်းစဉ်များ ကျယ်ပြန့်မှုရှိသော်ငြားလည်း ပြည်နယ်များနှင့် ဒေသန္တအစိုးရများ အနေဖြင့် တာဝန် ပိုမိုယူစေပါသည်။ ဖက်ဒရယ်အစိုးရ၏ ဗဟိုဦးစီးချုပ်ကိုင်မှုကို အလွန်ပင် လျော့ချထားပြီး ပြည်နယ်နှင့် ဒေသန္တရအစိုးရများ၊ ကျောင်းဘုတ်အဖွဲ့များ၊ ကျောင်းများအနေဖြင့် ပိုမိုလွတ်လပ်သော ပညာရေးဆိုင်ရာ စီမံခန့်ခွဲပိုင်ခွင့် ပြုထားသော ဖက်ဒရယ်ပညာရေးစနစ်ဟုဆိုနိုင်သည်။

သိန်းနိုင် (မောက္ခပညာရေး)

(ဆက်လက်ဆွေးနွေးပါမည်။)

သံလွင်တိုမ်းဂျာနယ် (မတ်လ၊ ၂၀၁၅၊ မော်လမြိုင်မြို့)

Powered by Bullraider.com