ဖက်ဒရယ်ပညာရေး အပိုင်း (၈-၉-၁၀) ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီစနစ် (သို့မဟုတ်) အိန္ဒိယနိုင်ငံ

(သံလွင်တိုင်းမ်ဂျာနယ် - မေ၊ ဇွန်၊ ဇူလိုင် ၂၀၁၅)

ကမ္ဘာ့အကြီးဆုံး ဖက်ဒရယ် ဒီမိုကရေစီ၊ သန်း တစ်ထောင့် နှစ်ရာကျော်ဖြင့် လူဦးရေ ဒုတိယ အထူထပ်ဆုံးနိုင်ငံ၊ ဆင်းရဲ -ချမ်းသာ ကွာဟချက် ကြီးမားနေဆဲ နိုင်ငံ၊ နှစ် တစ်သောင်းကျော် ယဉ်ကျေးမှုနောက်ခံနှင့် နိုင်ငံ၊ လုပ်သားအင်အား အများဆုံးနိုင်ငံ၊ ဒဿနတရားတို့၏ ဗဟို အချက်အချာနိုင်ငံ၊ ကမ္ဘာ့ဘာသာတရားကြီး ၄ ခု စတင်ပေါက်ဖွားခဲသော နိုင်ငံ၊ ကမ္ဘာကျော် လူသားများစွာကို မွေးဖွားပေးခဲ့သော နိုင်ငံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ၊ ဇာတ်နိမ့်-ဇာတ်မြင့်နှင့် ဘာသာအယူဝါဒ မျိုးစုံရှိသော နိုင်ငံ၊ မတူကွဲပြားသော လူသန်းပေါင်း အစုအဝေးကြီး များစွာတို့ ငြိမ်းချမ်းစွာ နေနိုင်သောနိုင်ငံ…။

ယခုအပတ်အတွင် အိန္ဒိယနိုင်ငံ၏ အမျိုးသား ပညာရေးစနစ်အကြောင်းကို လေ့လာကြပါမည်။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံများအနက် အကြီးဆုံးသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်မှ ကျော်လွန်တိုးတက်ရန် ကြိုးစားမှု၊ ဒီမိုကရေစီယဉ်ကျေးမှု၊ ဖက်ဒရယ်ယဉ်ကျေးမှုစနစ်နှင့် မတူကွဲပြားသော ဘာသာအယူဝါဒနှင့် ဒဿနတရား အမျိုးမျိုးတို့ သဟဇာတဖြစ်လျက်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ရှင်သန် စည်ပင်စေနိုင်ရန်အတွက် ပညာရေးစနစ်ကို မည်သို့ တည်ဆောက်ထားပါသနည်း။ အိမ်နီးချင်း ဤနိုင်ငံကြီးထဲမှ ဖက်ဒရယ်အုပ်ချုပ်ရေးနှင့် မြန်မာ့ဒီမိုကရေစီပညာရေးအတွက် အတုယူစရာ တပုံတပင် ရှိနေပါသည်။

အိန္ဒိယနိုင်ငံ (Hindi: भारतगणराज्य Bhārat Gaṇarājya) တရားဝင်အမည်အားဖြင့် အိန္ဒိယသမ္မတနိုင်ငံသည် တောင်အာရှတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အကျယ်အဝန်းအားဖြင့် သတ္တမမြောက်အကြီးဆုံး၊ ဒုတိယမြောက် လူဦးရေ အများဆုံးနှင့် ဒီမိုကရေစီနိုင်ငံများတွင် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ တောင်ဖက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဖက်တွင် အာရပ်ပင်လယ်နှင့် အရှေ့ဖက်တွင် ဘင်္ဂလားပင်လယ်အော်တို့က ဝန်းရံထားပြီး အိန္ဒိယတွင် ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၄၆၇၁ မိုင် (၇၅၁၇ ကီလိုမီတာ) မျှရှိသည်။ အိမ်နီးချင်းနိုင်ငံများအနေနှင့် အနောက်ဖက်တွင် ပါကစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဖက်တွင် တရုတ်၊ နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံ၊ အရှေ့ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့ရှိကြသည်။ အိန္ဒိယသမုဒ္ဒရာထဲရှိ နိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ မော်လဒိုက်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း နီးစပ်သည်။

အိန္ဒုတောင်ကြား ယဉ်ကျေးမှုပေါက်ဖွားရာနှင့် သမိုင်းဝင်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ကြီးမားသော အင်ပါယာများ တည်ရှိခဲ့ရာ ဒေသဖြစ်သဖြင့် အိန္ဒိယဒေသသည် သူ၏ ရှည်လျားလှသော သမိုင်းကြောင်းအတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကြွယ်ဝ ချမ်းသာသော ဒေသအဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာ့ဘာသာကြီး ၄ ခုဖြစ်သော ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာနှင့် ဆစ်ခ်ဘာသာတို့သည် အိန္ဒိယတွင် ပေါ်ထွန်းခဲ့ပြီး Zoroastrianism, Judaism၊ ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ်ဘာသာတို့သည် ပထမ ထောင်စုနှစ်အတွင်း ရောက်ရှိလာခဲ့သဖြင့် အိန္ဒိယအတွက် ထွေပြား၍ အမျိုးစုံသော ရိုးရာယဉ်ကျေးမှုတို့ကို ပုံဖော်ပေးခဲ့သည်။ မတူကွဲပြားသော ဘာသာ၊ အယူဝါဒနှင့် ယဉ်ကျေးမှုတို့ ယှဉ်တွဲနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင် ကျော်ခဲ့ပြီ။

၁၈ ရာစုအစပိုင်းမှ စ၍ ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီ၏ တစ်စတစ်စ ထိုးဖောက် ဝင်ရောက်လာခဲ့ပြီး နယ်ချဲ့ဗြိတိသျှ အင်ပါယာ၏ ကိုလိုနီအဖြစ် ၁၉ ရာစု အလယ်ပိုင်းတွင် ကျရောက်ခဲ့သည်။ ၁၉ ရာစုအကုန် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံလည်း ဗြိတိသျှအင်ပါယာအတွင်း ကိုလိုနီအဖြစ် ကျရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် ပူးတွဲ အုပ်ချုပ်ခံခဲ့ရသည်။ ထို့နောက် ၁၉၄၇ တွင် ကြီးမားကျယ်ပြန့်လှသော အကြမ်းမဖက်လှုပ်ရှားမှုဖြင့် အင်္ဂလိပ်လက်အောက်မှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ လွတ်လပ်ရေး လှုပ်ရှားမှုကာလအတွင်း မဟတ္တမဂန္ဓီ၏ ကမ္ဘာကျော် အကြမ်းမဖက် လှုပ်ရှားမှုကြောင့်ဟု ဆိုနိုင်သည်။ အဟိံသဒဿနနှင့် ငြိမ်းချမ်းသော တန်ပြန်လှုပ်ရှားမှုမှာ မျက်မှောက်ခေတ် လူထုလှုပ်ရှားမှုများနှင့် ပညာရေးစနစ်များအတွက် လက်တွေ့အသုံးချတရားများ ဖြစ်လာသည်။ ကျောင်းပညာရေးစနစ်နှင့် သင်ရိုးညွှန်းတမ်းအတွက် တစ်နိုင်ငံလုံးဆိုင်ရာ ဘုံစံနှုန်းလည်း ဖြစ်သည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ယဉ်ကျေးမှုအတွက်လည်း အခရာကျသည်။

အိန္ဒိယသည် ပါလီမန် ဖက်ဒရယ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် ၂၈ ခု နှင့် ပြည်ထောင်စုနယ်မြေ ၇ ခုပါဝင်သည်။ ကမ္ဘာပေါ်တွင် ဈေးကွက်ငွေကြေး လဲလှယ်နှုန်းဖြင့် ကြည့်မည်ဆိုလျှင် စီးပွားရေး အရ ၁၂ ခုမြောက်အကြီးဆုံး နိုင်ငံဖြစ်ပြီး စတုတ္တမြောက် ဝယ်အား အကောင်းဆုံး နိုင်ငံဖြစ်သည်။ ပညာရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အိန္ဒိယသည် စီးပွားရေး တိုးတက်မှု အမြန်နှုန်းတွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။ သို့သော် အိန္ဒိယတွင် ဆင်းရဲမှုများ၊ စာမတတ်မှုများနှင့် အာဟာရချို့တဲ့မှုများ အများအပြား ရှိနေဆဲဖြစ်သည်။ မတူကွဲပြားသော အတွေးအခေါ်များ၊ ဘာသာစကားများ၊ လူမျိုးစုများရှိသော အိန္ဒိယနိုင်ငံသည် သဘာဝ ထိန်းသိမ်း စောင့်ရှောက်ရာ နေရာအနှံ့အပြားတွင် တောရိုင်းတိရိစ္ဆာန် အမျိုးမျိုးတို့အတွက် နေအိမ်လည်းဖြစ်သည်။

သမိုင်းအကျဉ်းချုပ်

မဒရာပရာဒစ် (Madhya Pradesh) ဒေသတွင်သောရှိသော ဘင်ဘက်ကာ(Bhimbetka) ကျောက်အမိုးအကာများရှိ ကျောက်ခေတ် ပန်းချီများသည် အိန္ဒိယတွင် အစောဆုံး ကမ္ဘာဦးလူသားတို့ ချန်ထားခဲ့သော လက်စလက်နများ ဖြစ်သည်။ လေ့လာသိရှိရသော ပထမဆုံးလူသားတို့၏ အခြေချနေထိုင်မှုမှာ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀ ကျော်မှ စ၍ဖြစ်ပြီး တဖြည်းဖြည်းနှင့် အိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှု လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲ တိုးတက်လာခဲ့သည်မှာ အနောက်အိန္ဒိယ ဒေသတွင် ဘီစီ ၃၃၀၀ ကျော်အထိ ဖြစ်သည်။ နောက်ပိုင်းမှာ ဟိန္ဒူဘာသာ၏ အုတ်မြစ်နှင့် အခြားအစောပိုင်း အိန္ဒိယ လူ့အဖွဲ့အစည်း၏ အုတ်မြစ်များကို ချပေးခဲ့သော ဝေဒခေတ်ကာလ( Vedic period) ဖြစ်ပြီး ဘီစီ ၅၀၀ ခန့်အထိဖြစ်သည်။ ဘီစီ ၅၅၀ ခန့်မှစ၍ မဟာဇနပဒ (Mahajanapadas) ဟုခေါ်သော မြို့ပြတိုင်းနိုင်ငံများနှင့် တိုင်းပြည်များ နိုင်ငံ အနှံ့အပြားတွင် ထူထောင်ခဲ့ကြသည်။ ဘီစီ ၆၃၈ တွင် မျက်မှောက်ခေတ် အိန္ဒိယနှင့် နီပေါနိုင်ငံနယ်စပ်ဒေသ နယ်မြေတွင် ဗုဒ္ဓရှင်တော်မြတ် ဖွားမြင့်ခဲ့ပြီး ဗုဒ္ဓဘာသာစတင် ထွန်းကာခဲ့သည်။ အာသောကမင်းကြီး လက်ထက်တွင် အရှေ့တောင်အာရှနှင့် အခြားနယ်မြေများသို့ သာသနာပြုခဲ့သည်။

ဘီစီ ၃ ရာစုနှစ်တွင် အာရှတောင်ပိုင်းဒေသအများစုကို စန္ဒရာဂုပတ္တ မောရိယမှ မောရိယ အင်ပိုင်ယာအတွင်းသို့ စုစည်း သိမ်းသွင်းခဲ့ပြီး မဟာအသောက၏ လက်ထက်အရောက်တွင် လွန်စွာတိုးတက်လာခဲ့သည်။ အေဒီ ၃ ရာစုမှစ၍ ဂုပတ္တမင်းဆက်သည် ရှေးဟောင်း "အိန္ဒိယရွှေခေတ်" ဟု ရည်ညွှန်းကြသော နှစ်ကာလများကို အုပ်ချုပ်ခဲ့သည်။ တောင်ပိုင်းအိန္ဒိယတွင်မူ ချာလုကျာ (Chalukyas) မင်းဆက်၊ ချိုလ(Cholas) မင်းဆက်နှင့် ဝိဟာရ နာဂရ (Vijayanagara) မင်းဆက်တို့ ပါဝင်အုပ်ချုပ်ခဲ့သည်။ သိပ္ပံ၊ အင်ဂျင်နီယာအတတ်၊ အနုပညာ၊ စာပေ၊ နက္ခတ္တဗေဒနှင့် ဒဿနိကဗေဒတို့သည် ထိုမင်းများ၏ အုပ်ချုပ်မှုအောက်တွင် စည်ပင် ထွန်းကားလာခဲ့သည်။

၁၀ ရာစုနှစ်နှင့် ၁၂ ရာစုနှစ်အတွင်းတွင် အာရှအလယ်ပိုင်းမှ ကျူးကျော်တိုက်ခိုက်မှုကြောင့် မြောက်အိန္ဒိယ၏ အစိတ်အပိုင်း အတော်များများသည် ဒေလီဆူလတန်၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့ပြီး နောက်ပိုင်းတွင် မူဂယ်အင်ပိုင်ယာ လက်အောက်သို့ ကျရောက်ခဲ့သည်။ မူဂယ်ဘုရင်များသည် သူတို့၏ အင်ပိုင်ယာကို တဖြည်းဖြည်း ချဲ့ထွင်ပြီး အိန္ဒိယတိုက် အစိတ်အပိုင်း၏ အတော်များများကို အုပ်စိုးနိုင်ခဲ့သည်။ သို့သော်လည်း အရှေ့မြောက် အိန္ဒိယတွင်မူ အာသံမှ အာဟုမ်တိုင်းပြည်သည် ကြီးကျယ်သော ဩဇာလွှမ်းမိုးမှုရှိပြီး မူဂယ်တို့၏ နယ်ချဲ့မှုကို ခုခံ တွန်းလှန်နိုင်သော တိုင်းနိုင်ငံအချို့တွင် တစ်ခု အပါအဝင်ဖြစ်သည်။

၁၆ ရာစုနှစ်မှ စ၍ ပေါ်တူဂီ၊ နယ်သာလန်၊ ပြင်သစ်နှင့် အင်္ဂလန်တို့ အပါအဝင် ဥရောပ နိုင်ငံအချို့မှ ကုန်သည်များ အနေဖြင့် စတင်ရောက်ရှိလာခဲ့သည်။ နောင်အခါတွင် တိုင်းနိုင်ငံများအကြား ဆက်ဆံရေး မပြေလည်မှု အပေါ်တွင် အခွင့်ကောင်းယူ၍ နိုင်ငံအတွင်း၌ ကိုလိုနီများကို စတင်တည်ထောင်ခဲ့သည်။ ၁၈၅၆ ခုနှစ်သို့ ရောက်သော အခါ အိန္ဒိယ၏ အစိတ်အပိုင်းတော်တော်များများမှာ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့သည်။ တစ်နှစ်အကြာတွင် တစ်နိုင်ငံလုံးရှိ စစ်တပ်များနှင့် တိုင်းနိုင်ငံများမှ ထကြွပုန်ကန်ခဲ့ကြသည်။ ထိုပုန်ကန်မှု ကို အိန္ဒိယ ပထမလွတ်လပ်ရေးစစ် သို့မဟုတ် စီပွိုင်းပုန်ကန်မှု (Sepoy Mutiny) ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ ထိုပုန်ကန်မှုမှာ ဗြိတိသျှကုမ္ပဏီ၏ ထိန်းချုပ်မှုကို စိန်ခေါ်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့သည်။ အကျိုးဆက်အနေဖြင့် အိန္ဒိယသည် ဗြိတိသျှဘုရင်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှ ဗြိတိသျှအင်ပိုင်ယာ၏ ကိုလိုနီတစ်ခု ဖြစ်လာခဲ့သည်။

education

လွတ်လပ်ပြီး အိန္ဒိယ

၂၀ ရာစု၏ ပထမပိုင်း ရာစုနှစ်တဝက်တွင် အိန္ဒိယ အမျိုးသားကွန်ဂရက်နှင့် အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု ကို စတင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များနှင့် ၁၉၃၀တို့တွင် မဟတ္တမ ဂန္ဒီ၏ ဦးဆောင်မှုဖြင့် အဟိံသခေါ် အကြမ်းမဖက်ရေးလှုပ်ရှားမှု လမ်းစဉ်အောက်တွင် သန်းပေါင်းများစွာသော ဆန္ဒပြပြည်သူတို့သည် တစုတဝေးတည်းသော အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ နောက်ဆုံး၌ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် အိန္ဒိယသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော် မူဆလင် အစုအဖွဲ့တို့၏ ဆန္ဒအရ ဘာသာရေးအရ ကွဲပြားသော အိန္ဒိယဒိုမီနီယံနှင့် ပါကစ္စတန် ဒိုမီနီယံတို့အတွက် လွတ်လပ်သော အစိုးရ အဖွဲ့များဖြင့် ခွဲခြားဖွဲ့စည်းခဲ့သည်။ ၃ နှစ်ကြာသောအခါတွင် အိန္ဒိယသည် သမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပံ အခြေခံဥပဒေအသစ် စတင် အသက်ဝင်လာခဲ့သည်။

အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရသည့် အချိန်မှ စ၍ ဘာသာရေး အကြမ်းဖက်မှု၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခြင်းမှဖြစ်သော အကြမ်းဖက်မှုနှင့် ပုန်ကန်ထကြွမှုတို့၏ ဒုက္ခကို နေရာအနှံ့အပြားတွင် ခံခဲ့ရသည်။ သို့သော်လည်း သည်းညည်းခံခြင်းတရား (ခန္တီ) ထွန်းကား ကျယ်ပြန့်လာမှုနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်းတို့မှတဆင့် ထိန်းချုပ်နိုင်ခဲ့သည်။ အကြမ်းဖက်သမားတို့၏ ဝါဒသည်လည်း အိန္ဒိယ၏ အဓိက လုံခြုံရေးဆိုင်ရာ ပြသနာပင်ဖြစ်ခဲ့သည်။ ပုန်ကန်ထကြွသူများမှာ ဂျမ်မူးနှင့် ကက်ရှ်မီးယား၊ အိန္ဒိယ အရှေ့မြောက်ပိုင်း နှင့် ကျေးလက်ဒေသများတွင် နက်ဆယ်လိုက်ခေါ် အိန္ဒိယကွန်မြူနစ်တို့ ဖြစ်သည်။ ၁၉၉၀ နှစ်များမှ စ၍ စနစ်တကျ စီစဉ်ထားသော အကြမ်းဖက် တိုက်ခိုက်မှုများမှာ အိန္ဒိယ၏ မြို့ကြီး အများအပြားတွင် ဖြစ်ပွားခဲ့သည်။

အိန္ဒိယတွင် တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့နှင့် မဖြေရှင်းနိုင်သေးသော နယ်မြေပိုင်ဆိုင်မှု ပြသနာရှိပြီး ထိုအကြောင်းကြောင့် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယ-တရုတ် စစ်ပွဲဖြစ်ပွားခဲ့ပြီး ပါကစ္စတန်နှင့်မူ ၁၉၄၇၊ ၁၉၆၅၊ ၁၉၇၁ နှင့် ၁၉၉၉ တို့တွင် စစ်ဖြစ်ခဲ့သည်။ အိန္ဒိယသည် ဘက်မလိုက်လှုပ်ရှားမှုနှင့် ကုလသမဂ္ဂ (ဗြိတိသျှ အိန္ဒိယအဖြစ်) ကို စတင် တည်ထောင်သူများတွင် ပါဝင်သည်။ ၁၉၇၄ တွင် အိန္ဒိယသည် မြေအောက် နျူးကလီးယား စမ်းသမ်မှုကို ပြုလုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် နောက်ထပ်စမ်းသပ်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး အိန္ဒိ္ဒိယကို နျူးကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။ ၁၉၉၁ ခုနှစ်မှ စတင်၍ အကြီးအကျယ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ်တွင် စီးပွားရေး တိုးတက်မှု အမြန်ဆုံး နိုင်ငံများတွင် အပါအဝင်ဖြစ်အောင် တွန်းပို့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ဩဇာ အာဏာရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။

အစိုးရ - အကြီးဆုံးသော ဒီမိုကရေစီ

ကမ္ဘာပေါ်တွင် အရှည်ဆုံးနှင့် အသေးစိတ်အကျဆုံးသော အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၅၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် စတင် အသက်ဝင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဖွင့်တွင် အိန္ဒိ္ဒိယနိုင်ငံအား အချုပ်အခြာ အာဏာရှိသော လက်တွေ့ဆန်သော ဆိုရှယ်လစ် ဒီမိုကရေစီ သမ္မတနိုင်ငံအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အိန္ဒိယတွင် ဗြိတိသျှ ဝက်မင်စတာစတိုင်လ် ပါလီမန်စနစ်ကျင့်သုံးပြီး ဥပဒေပြုလွှတ်တော် ၂ ခုရှိသည်။ အစိုးရအဖွဲ့အစည်းမှာ ဖက်ဒရယ်ဆန်ဆန် ဖွဲ့စည်းထားပြီး ဗဟိုအစိုးရမှ ချုပ်ကိုင်မှုအားကောင်း၍ ပြည်နယ်အစိုးရများ၏ အာဏာမှာ လျော့ရဲသည်။ သို့သော် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြောင်းလဲမှုများကြောင့် ဖက်ဒရယ် ဒီမိုကရေစီနစ်အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။

သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်၍ မဲဆန္ဒနယ်များမှ သွယ်ဝိုက်သော နည်းဖြင့် ရွေးချယ်တင်မြောက်ပြီး သက်တမ်းမှာ ၅ နှစ် ဖြစ်သည်။ ဝန်ကြီးချုပ်မှာ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်ပြီး အုပ်ချုပ်မှုဆိုင်ရာ အာဏာအများစုကို ကျင့်သုံးသည်။ ဝန်ကြီးချုပ်သည် သမ္မတနှင့် ညီလာခံမှ ရွေးချယ်ခန့်အပ်သူ ဖြစ်ပြီး အောက်လွှတ်တော်တွင် နေရာ အများစုရယူထားသော ပါတီ သို့မဟုတ် နိုင်ငံရေးမဟာမိတ် အစုအဖွဲ့များမှ ထောက်ခံသူဖြစ်သည်။

အိန္ဒိယ၏ ဥပဒေပြု အဖွဲ့အစည်းမှာ ပါလီမန်နှစ်ခု ပါဝင်ပြီး အထက်လွှတ်တော်မှာ ရာဂျာဆာဘ (နိုင်ငံတော်ကောင်စီ) ဖြစ်ပြီး အောက်လွှတ်တော်မှာ လော့ဆာဘ (ပြည်သူ့လွှတ်တော်) ဖြစ်သည်။ ရာဂျာဆာဘသည် အမတ် ၂၄၅ ယောက်ရှိသည့် အမြဲတမ်း အစုအဖွဲ့ဖြစ်ပြီး ၆ နှစ်တစ်ကြိမ် ပြောင်းလဲသည်။ အများစုမှာ ပြည်နယ်နှင့် ဒေသဆိုင်ရာ ဥပဒေပြု အဖွဲ့အစည်းများမှ လူဦးရေ အချိုးနှင့် အညီ ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည်။ လော့ဆာဘ၏ အမတ် ၅၄၅ ယောက်အတွင်းမှ ၅၄၃ ယောက်မှာ သီးသန့် နယ်မြေဒေသတစ်ခုစီအတွက် လူကြိုက်များမှုပေါ် မူတည်သည့် မဲဆန္ဒဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်ပြီး ၅ နှစ် သက်တမ်းရှိသည်။ အခြားအမတ် ၂ ယောက်ကို အင်ဂလို အင်ဒီးယန်း အသိုင်းအဝိုင်းတွင်းမှ သမ္မတက တိုက်ရိုက်ရွေးချယ်ခြင်း ဖြစ်သည်။ သမ္မတအနေနှင့် ထိုအသိုင်းအဝိုင်းကို လုံလောက်သော ကိုယ်စားပြုမှု မရှိဆိုသည့် ယူဆသည့် အချိန်တွင် ဖြစ်သည်။

အမှုဆောင် အဖွဲ့တွင် ပါဝင်သူများမှာ သမ္မတ၊ ဒုတိယသမ္မတနှင့် ဝန်ကြီးချုပ် ဦးဆောင်သောဝန်ကြီးများ ကောင်စီ (ကက်ဘိနက်သည် ထိုအဖွဲ့အတွင်းမှ အမှုဆောင်ကော်မတီ ဖြစ်သည်။) ဖြစ်သည်။ ဝန်ကြီး ဌာနတစ်ခုကို အုပ်ချုပ်သော မည်သည့်ဝန်ကြီးမဆို ပါလီမန် ၂ ခုအတွင်း တစ်ခုခုမှ အမတ်ဖြစ်ရမည် ဖြစ်သည်။ အိန္ဒိယပါလီမန်စနစ်တွင် အမှုဆောင်သည် ဥပဒေပြုအဖွဲ့၏ လက်အောက်ခံဖြစ်ပြီး ဝန်ကြီးချုပ်နှင့် သူ၏ ကောင်စီသည် အောက်လွှတ်တော်အတွက် တိုက်ရိုက်တာဝန်ရှိသည်။

အိန္ဒိယတွင် အလွှာ ၃ လွှာ ရှိသော တရားစီရင်ရေး စနစ်ရှိပြီး အိန္ဒိယနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ဗဟိုတရားရုံးချုပ်၊ အဆင့်မြင့်တရားရုံး ၂၁ ရုံးနှင့် သာမန် တရားရုံး အမြောက်အများ ပါဝင်သည်။ ဗဟိုတရားရုံးချုပ်သည် အခြေခံ အခွင့်အရေးနှင့် ဆိုင်သော အမှုများ၊ ပြည်နယ်အချင်းချင်းနှင့် ပြည်နယ်နှင့် ဗဟိုအစိုးရတို့ အငြင်းပွားမှု စသည်တို့ကို ပထမအကြိမ် ကြားနာပိုင်ခွင့် ရှိသည်။ တရားစီရင်ရေး စနစ်သည် မှီခိုမှုကင်းမဲ့သည့် လွတ်လပ်သော စနစ်ဖြစ်ပြီး ဥပဒေထုတ်ပြန်ရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေများကို ပယ်ဖျက်ရန် အခွင့်အာဏာရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နောက်ဆုံး အငြင်းပွားနိုင်သည့် နေရာကို ယူထားခြင်းသည် ဗဟိုတရားရုံးချုပ်၏ အရေးအပါဆုံး လုပ်ဆောင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

နိုင်ငံရေး

အိန္ဒိယနိုင်ငံတွင် ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စု နယ်မြေ ၇ ခု ရှိသည်။ ပြည်နယ်အားလုံးနှင့် ပြည်ထောင်စုနယ်မြေ ၂ ခု ဖြစ်ကြသော ပူဒုချယ်ရီနှင့် ဒေလီအမျိုးသားမြို့တော်နယ်မြေတို့တွင် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် ရှိပြီး အစိုးရမှာ ဝက်မင်စတာ ပုံစံဖြင့် ဖွဲ့စည်းထားသည်။ အခြားသော ပြည်ထောင်စု နယ်မြေ ၅ ခုမှာ ဗဟိုမှ အုပ်ချုပ်ရေးမှူးများ ခန့်အပ်၍ တိုက်ရိုက် အုပ်ချုပ်သည်။ ၁၉၅၆ ခုနှစ် ပြည်နယ်များ ပြန်လည်စီမံရေး ဥပဒေအရ ပြည်နယ်များကို ပြောဆိုသည့် ဘာသာစကားပေါ်တွင် မူတည်၍ တည်ထောင်ခဲ့သည်။

အိန္ဒိယသည် ဖက်ဒရယ်အစိုးရ တစ်ခုအနေဖြင့် ကြည့်မည်ဆိုပါက ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီ သမိုင်းကြောင်းတစ်လျှောက်တွင် ဖက်ဒရယ်အစိုးရကို အိန္ဒိယ အမျိုးသားကွန်ဂရက်မှ ဦးဆောင်ခဲ့သည်။ ပြည်နယ်တွင်း နိုင်ငံရေးများကို အိုင်အင်န်စီ (INC)၊ ဘာရာတီရာ ဂျနာတာ ပါတီ (Bharatiya Janata Party(BJP))၊ အိန္ဒိယ မာခ်စ် ကွန်မြူနစ်ပါတီ (CPI(M)) နှင့် အခြားဒေသခံပါတီများ အပါအဝင် အချို့သော အမျိုးသားပါတီများမှ လွှမ်းမိုးထားသည်။ ၁၉၅၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း တိုတောင်းသော အချိန်ကာလ ၂ ခု မှလွဲ၍ အိုင်အင်န်စီသည် ပါလီမန်တွင် နေရာအများစုကို ရရှိခဲ့သည်။ အိုင်အင်န်စီ အာဏာလက်လွှတ်လိုက်ရသော အချိန်ကာလမှာ ၁၉၇၇ မှ ၁၉၈၀ အတွင်းဖြစ်ပြီး ဝန်ကြီးချုပ် အင်ဒရီယာ ဂန္ဒိ၏ အရေးပေါ်ကြေငြာချက်ကို ပြည်သူတို့က မကျေနပ်၍ ဂျနာတာပါတီမှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ဂျနာတာဒယ် ပါတီမှဦးဆောင်သော အမျိုးသား ညွန့်ပေါင်းတပ်ဦးနှင့် လက်ဝဲညွန့်ပေါင်း တပ်ဦးတို့ မဟာမိတ်ပြုထားသော အဖွဲ့မှ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာကို ၂ နှစ်မျှသာ ချုပ်ကိုင်နိုင်ခဲ့သည်။

၁၉၉၆-၁၉၉၈ ခုနှစ်များတွင် ဖက်ဒရယ်အစိုးရအဖွဲ့အတွင်းတွင် မကျေလည်မှုများ ရှိခဲ့ပြီး သက်တမ်းတိုတောင်းသော မဟာမိတ်အဖွဲ့အချို့ အာဏာကို ထိန်းချုပ်ခဲ့သည်။ ဘီဂျေပီသည် ၁၉၉၆ ခုနှစ်အတွင်း အစိုးရအဖွဲ့ကို ခဏတာမျှ ဖွဲ့စည်းခဲ့ပြီး ထို့နောက်တွင် ညီညွတ်သော ညွန့်ပေါင်းတပ်ဦးများ (United Front coalition) မှ ဆက်ခံခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဘီဂျေပီသည် ဒေသခံပါတီအချို့နှင့် ပေါင်းစည်း၍ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်များအဖွဲ့ (National Democratic Alliance (NDA)) ကိုဖွဲ့စည်းခဲ့ပြီး ပထမဆုံး ၅ နှစ်အပြည့် အုပ်ချုပ်သည့် ကွန်ဂရက်စ် မဟုတ်သော အစိုးရအဖွဲ့ ဖြစ်လာခဲ့သည်။ ၂၀၀၄ ခုနှစ် အိန္ဒိယရွေးကောက်ပွဲတွင် အိုင်အင်န်စီမှ လော့ဆာဘ၏ အမတ်နေရာ အများစုကို ရွေးကောက်ခြင်းခံရပြီး ညီညွတ်သော တိုးတက်ရေး မဟာမိတ်များ (United Progressive Alliance (UPA)) ဟု အမည်ရသည့် ညွန့်ပေါင်း အဖွဲ့ဖြင့် အစိုးရတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ဝဲဝါဒသို့ ယိမ်းသော ပါတီများနှင့် ဘီဂျေပီကို ဆန့်ကျင်သူများက ထောက်ခံ အားပေးခဲ့သည်။

မြန်မာနိုင်ငံအတွက် အတုယူစရာ… တစ်ခုတည်းသော ပုံစံလား

သတင်းစာဆရာနှင့် မြန်မာ့နိုင်ငံရေးသုတေသီတစ်ဦးဖြစ်သူ ဘာတေးလင့်တနာမှ မေလ၊ ၂၀၁၄ ခုနှစ်ထုတ် ဧရာဝတီမဂ္ဂဇင်းပါ သင့်လျော်မည့် ဖက်ဒရယ်ပုံစံကို ရှာဖွေခြင်း ဆောင်းပါးတွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးစနစ်မှာ မြန်မာနိုင်ငံအတွက် အဓိက အတုယူစရာ အနေဖြင့် တင်ပြဆွေးနွေးထားပါသည်။

“... ဤသို့ဆိုပါလျှင် မြန်မာနိုင်ငံ အတုယူ လိုက်နာနိုင်မည့် အောင်မြင်သော ပုံစံတခု ရှိနိုင်ပါမည်လား။ အိန္ဒိယတခုထဲသာ ရှိမည်ဟု ယူဆရပါသည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ်ဝါဒ စသည်ဖြင့် ရည်ညွှန်းဖော်ပြထားခြင်း မရှိသော်လည်း ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စုနယ်မြေ ၇ ခုရှိသော အိန္ဒိယနိုင်ငံ၏ အခြေခံ ဖွဲ့စည်း တည်ဆောက်ပုံသည် ဖက်ဒရယ်စနစ် ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံတွင် အမျိုးမျိုးသော အကြောင်းအရာများ အတွက် ဥပဒေပြုရန် ပြည်ထောင်စုနှင့် ပြည်နယ်များသို့ အခွင့်အာဏာပေးသော စာရင်း ၃ ခု ပါဝင်သည်။ ဥပမာပြရလျှင် ပြည်နယ်တိုင်း၌ ရွေးကောက် တင်မြှောက်ထားသည့် ဥပဒေပြု အဖွဲ့အစည်းရှိပြီး ကိုယ်ပိုင် ရုံးသုံးဘာသာစကားနှင့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိသည်။ သို့သော်လည်း ကာကွယ်ရေးသည် ဗဟို အစိုးရ၏ တာဝန်ဖြစ်သည်။ အိန္ဒိယ စစ်တပ်တွင် တိုင်းရင်းသား တပ်ဖွဲ့များရှိသော်လည်း ဖက်ဒရယ်စစ်တပ် မဟုတ်ပါ။ အားလုံးက ဗဟို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ အခြားပုံစံများက အလုပ်ဖြစ်မည် မဟုတ်ပါ။ တတိယစာရင်းတွင် ပြည်ထောင်စုနှင့် ပြည်နယ် ၂ ခုလုံးက ဥပဒေပြုနိုင်သည့် အကြောင်းကိစ္စများ ပါဝင်သည်။ အိန္ဒိယနိုင်ငံတွင် ပြည်တွင်း လူမျိုးရေး ပဋိပက္ခများ ရှိနေသော်လည်း အတော်လေး ဟန်ချက်မျှတ၍ အလုပ်ဖြစ်ပါသည်။ ဆိုဗီယက်နှင့် ယူဂိုဆလားဗီးယားတို့ကဲ့သို့ ပြိုကွဲသွားခဲ့ခြင်း မရှိသလို ဘယ်လ်ဂျီယံ နိုင်ငံကဲ့သို့ အလုပ်မတွင်ခြင်းမျိုးလည်း မရှိပါ။

သို့သော်လည်း မြန်မာနိုင်ငံက အိန္ဒိယပုံစံကို လိုက်မည်ဆိုလျှင် ကြုံလာမည့် ပြဿနာများအတွက် ကြိုတင် ပြင်ဆင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု တခုတည်းသာ နေထိုင်သည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသ မရှိပါ။ ကချင်ပြည်နယ်မှ ရှမ်းတိုင်းရင်းသားများနှင့် ကချင်တိုင်းရင်းသားများကြား အုပ်စုကွဲပြားမှုများ ရှိနေသည်။ ရှမ်းပြည်နယ်တွင်လည်း ၁၉၅၀ နှစ်များအတွင်းတွင် ပအို့ဝ် တိုင်းရင်းသားတို့၏ တော်လှန်ပုန်ကန်မှု ပေါ်ပေါက်ခဲ့သည်။ ပအို့ဝ် တိုင်းရင်းသားတို့က ဗဟိုအစိုးရကို တော်လှန်ကြခြင်း မဟုတ်သော်လည်း ၎င်းတို့ကို လွှမ်းမိုးထားသည့် ရှမ်းစော်ဘွားများကို အာခံ ဖီဆန်ခဲ့ကြခြင်းဖြစ်သည်။ ရှမ်းပြည်နယ်၏ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လှုပ်ရှားနေသော ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်ကလည်း သူတို့လူမျိုးများ အတွက် သီးခြားပြည်နယ် လိုချင်နေသည်။ မွန်ပြည်နယ် တခုလည်း ရှိသေးသည်။ မွန် တိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစု အများအပြားနှင့် ရောနှောနေထိုင်မှု အများဆုံးရှိသည်ဟု ယူဆနိုင်ပါသည်။ ...“

(...သင့်လျော်မည့် ဖက်ဒရယ်ပုံစံရှာဖွေခြင်း… ဘာတေးလင့်တနာ၊ ဧရာဝတီမဂ္ဂဇင်း၊ May 2014)

ပညာရေးကဏ္ဍနှင့် ဒီမိုကရေစီပညာရေးစံနှုန်းများ၊ သင်ရိုးညွှန်းတမ်းများအတွက်လည်း ကျွန်တော်တို့၏ အိမ်နီးနားချင်း အိန္ဒိယနိုင်ငံ၏ အမျိုးသားပညာရေးစနစ်မှ အတုယူစရာများစွာ ရှိနေပါသည်။

ရှေးယခင်အိန္ဒိယပညာရေး

ရှေးယခင်ကာလများတွင် Gurukula စနစ်ဟူ၍ ခေါ်ဆိုသည့် ပညာရေးကို ကျင့်သုံးခံကြသည်။ အတတ်ပညာရပ်များကို သင်ယူဆည်းပူးလိုသူတို့သည် ဂုရု Guru ဟုခေါ်သည့် ဆရာကြီးထံပါးတွင် ချည်းကပ်၍ တောင်းပန်ရသည်။ လက်ခံခဲ့ပါက ဂုရုထံပါးတွင် ခိုလှုံနေထိုင်ပြီး အိမ်မှုကိစ္စ၊ ကျောင်းကိစ္စများကို ကူညီ လုပ်ဆောင်ပေးရသည်။ ဆရာ-တပည့်ဆက်ဆံရေး ခိုင်မြဲစေသည်ဟု ဆိုနိုင်မည်။ ကလေးငယ်အနေဖြင့် တတ်မြောက်သင့်သော အိမ်မှုကိစ္စများအပါအ၀င် သက္ကရိုက် ဘာသာစကားနှင့် ဝေဒကျမ်းစာများကို ဆည်းပူးကြရသည်။ ဂဏာန်းသင်္ချာနှင့် သဘာဝတ္တပညာတို့ကိုလည်း လေ့လာကြသည်။ နေထိုင်သင်ကြားလိုသမျှ အချိန်အထိဖြစ်စေ၊ ဂုရုကြီးက ပညာပြည့်စုံကုံလုံပြီဟူ၍ ဆုံးဖြတ်ပေးသည့် အချိန်ကာလအထိဖြစ်စေ အတူတကွ နေထိုင်ရင်း ပညာသင်ကြားခြင်းဖြစ်သည်။ လူ့ဘ၀နှင့် သဘာဝတရားတို့နှင့် နီးကပ်စွာ နေထိုင်ရင်း ဘ၀နှင့် သဘာဝတရားထဲမှ အချင်းအရာတို့မှာ သင်ရိုးညွှန်းတမ်းဖြစ်သည်။ ဖတ်စာအုပ်ပါ အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်းတို့ သက်သက်သာလျှင် မဟုတ်ခဲ့ပါ။

ခေတ်သစ်အိန္ဒိယ ပညာရေး (ဗြိတိသျှ ကိုလိုနီခေတ်)

ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်ခဲ့သည့် ၁၈၃၀ ပြည့်နှစ်များတွင် ဗြိတိသျှ အုပ်ချုပ်ရေးစနစ်နှင့်အတူ ခေတ်သစ်အိန္ဒိယ ပညာရေးကို ဘုရင်ခံ လော့ဒ် သောမတ်စ်ဘာဘင်တန် မက်ကောလေးက စတင်မိတ်ဆက်ခဲ့သည်။ အင်္ဂလိပ်စာ အပါအ၀င် “ခေတ်မီ” ဘာသာရပ်များဟု သတ်မှတ်ထားသော သိပ္ပံ၊ သင်္ချာတို့ကိုသာ ဦးစားပေးခဲ့သည်။ ဒဿနပညာနှင့် သဘာဝတ္တတို့ကို မလိုအပ်ဟု သတ်မှတ်ခဲ့ကြသည်။ စာသင်ခန်းအတွင်းသာ သင်ကြားခြင်းဖြစ်ပြီး သဘာဝတရားနှင့် ကင်းဝေးခဲ့ကြရတော့သည်။ ဆရာ-တပည့် ဆက်ဆံရေး ရှေးအစဉ်အလာလည်း ကွယ်ပျောက်ခဲ့သည်။

၁၉၂၁ ခုနှစ်တွင် ဥတ္တာပရာဒေ့ရှ်ပြည်နယ် အထက်တန်းကျောင်း ဘုတ်အဖွဲ့ Th Uttar Pradesh Board and Intermediate Education နှင့် အင်တာမီဒီယိတ် ပညာရေးဌာနကို စတင်တည်ထောင်ခြင်းမှာ အိန္ဒိယနိုင်ငံ၏ အစိုးရပညာရေး အဦးအစဟု ဆိုရမည်။ ရာဇပုတ္တနာ၊ ဗဟိုဒေသ၊ ဂွာလီယိုနယ်မြေများကိုလည်း ပညာရေးဆိုင်ရာ စီမံခန့်ခွဲခဲ့သည်။ တဖြည်းဖြည်းဖြင့် အခြားပြည်နယ်များတွင်လည်း ဆက်လက်ဖွဲ့စည်းခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၅၂ ခုနှစ်တွင် ပညာရေးဘုတ်အဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲခဲ့ပြီး အထက်တန်းပညာရေး ဗဟိုဘုတ်အဖွဲ့ Central Board of Secondary Education (CBSE) ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြို့တော် နယူးဒေလီရှိ စာသင်ကျောင်းများအားလုံးနှင့် အချို့သော ပြည်နယ်များရှိ ကျောင်းများကို ဤ ဘုတ်အဖွဲ့အသစ် စတင်အုပ်ချုပ်သည်။ သင်ရိုးညွှန်းတမ်း၊ ဖတ်စာအုပ်များ၊ စာမေးပွဲစနစ် စသည့် ပညာရေးလုပ်ငန်းများကို CBSE ဘုတ်အဖွဲ့က တာဝန်ယူသည်။ ယနေ့ မျက်မှောက်ခေတ်တွင်လည်း ကျောင်းထောင်ပေါင်းများစွာကို ဗဟို CBSE ဘုတ်အဖွဲ့နှင့် တွဲဖက် တည်ထောင်ထားသည်။ အာဖဂန်မှသည် ဇင်ဘာဘွေနိုင်ငံများအထိလည်း စာသင်ကျောင်းများကို တွဲဖက်ထားသည်။

လွတ်လပ်စ အိန္ဒိယနိုင်ငံသစ်၏ ပညာရေးတွင် အသက် ၆ နှစ်မှ ၁၄ နှစ်အထိ ကလေးငယ်တိုင်း မသင်မနေရ အခမဲ့ပညာရေးစနစ် (Universial and compulsory education) ကို အိပ်မက်အဖြစ် မျှော်မှန်းထားရှိခဲ့သည်။ ဖွဲ့စည်းပုံ၏ အခန်း ၄၅ တွင် ထည့်သွင်းထားရှိခဲ့သည်။ လွတ်လပ်ပြီး နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်လာခဲ့သည့် ၂၁ ရာစု ယနေ့အချိန်အထိ ဤမျှော်မှန်းချက်မှာ အလှမ်းဝေးနေဆဲပင်ဖြစ်သည်။  သို့သော် လက်ရှိ အိန္ဒိယအစိုးရက အခြေခံ မူလတန်းပညာရေးကို အရေးကြီး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားရှိပြီး “အခြေခံအခွင့်အရေး” တစ်ရပ်အနေဖြင့် နိုင်ငံသားအားလုံးအတွက် ပြဌာန်းလုပ်ဆောင်လျက်ရှိသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနေခြင်းနှင့် ၂၁ ရာစု နည်းပညာကမ္ဘာကြီးက တောင်းဆိုနေသည့် ပညာတတ် ကျွမ်းကျင်လုပ်သားထု လိုအပ်ချက် ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရန်ကလည်း အစိုးရအတွက် တွန်းအားတစ်ရပ်ဖြစ်သည်။ နိုင်ငံဝင်ငွေ ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းမျှသာ ပညာရေးဘတ်ဂျက်အဖြစ် ထည့်သွင်း အသုံးပြုခြင်းအပေါ်မှာလည်း ဝေဖန်မှုများစွာ ရှိနေသည်။

ပြည်နယ်အခြေပြု ကျောင်းပညာရေး စနစ်

ပြည်နယ် ၂၈ ပြည်နယ်နှင့် ပြည်ထောင်စုအထူးနယ်မြေ ၇ ခုဖြင့် ပိုင်းခြားဖွဲ့စည်းထားသည်။ ပြည်နယ်များကို ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်အစိုးရများက အုပ်ချုပ်ပြီး ပြည်ထောင်စု အထူးနယ်မြေများကို ဗဟိုအစိုးရက တိုက်ရိုက် အုပ်ချုပ်သည်။ သမ္မတ ရွေးချယ်ခန့်အပ်သော အုပ်ချုပ်ရေးမှုးများ ထားရှိသည်။ လွတ်လပ်စဉ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျောင်းပညာရေးစနစ်မှာ ပြည်နယ်အစိုးရများတွင်သာ လုံးလုံးလျားလျား တာဝန်ရှိသည်။ ပြည်နယ်များက ပညာရေးမူဝါဒများကို လွတ်လွတ်လပ်လပ် ချမှတ် ကျင့်သုံးပိုင်ခွင့် အပြည့်အ၀ ရှိသည်။ အိန္ဒိယအစိုးရ၏ ပညာရေးတာဝန်ကို အဆင့်မြင့်ပညာရေး မူဝါဒများ ချမှတ်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့အတွက်သာ ကန့်သတ်ထားရှိခဲ့သည်။ ၁၉၇၆ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲသည့်အခါတွင် ပြည်ထောင်စု အစိုးရ၏ အခြားအာဏာများ concurrent list အတွင်း ပညာရေးကဏ္ဍကိုလည်း ထည့်သွင်းခဲ့ပါသည်။ ဆိုလိုသည်မှာ ပညာရေးမူဝါဒများနှင့် အစီအစဉ်များကို အမျိုးသားအဆင့်အတွက် ဗဟို အစိုးရက ချမှတ်ရေးဆွဲပြီး ပြည်နယ်များက လွတ်လွတ်လပ်လပ် အကောက်အထည် ဖေါ်ဆောင်ကြခြင်းဖြစ်သည်။ အခါအားလျော်စွာ အမျိုးသားအဆင့် မူဝါဒများကို ချမှတ်ပေးသည်။ ဗဟိုအစိုးရ ပညာရေးအကြံပေးဘုတ်အဖွဲ့ The Central Advisory Board of Education CABE ကို ၁၉၃၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယနေ့အချိန်အထိ ပညာရေးမူဝါဒများနှင့် အစီအစဉ်များကို ချမှတ်ခြင်း၊ ကြီးကြပ်ခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။

အမျိုးသားအဆင့် ပညာရေးမူဝါဒများနှင့် အစီအစဉ်များကို ချမှတ်ရေးဆွဲရန်အတွက် ပညာရေးသုတေသနနှင့် လေ့ကျင့်ရေးအမျိုးသားကောင်စီ National Council for Education Research and Training NCERT ကို တည်ထောင်ထားရှိသည်။ အမျိုးသားသင်ရိုးညွှန်းတမ်း စံနှုန်းများ မူဘောင် National Curriculum Framework ကို ပြုစုရေးဆွဲသည်။ ပြည်နယ်များတွင်လည်း NCERT ၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် တွဲဖက်လုပ်ဆောင်နိုင်ရန် State Council for Education Research and Training SCERT ပြည်နယ်ပညာရေးကောင်စီကို ဖွဲ့စည်း ထားရှိသည်။ ဤအဖွဲ့အစည်းများက ပညာရေးနည်းဗျူဟာများ၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားရေးအစီအစဉ်များနှင့် ပညာရည်တိုးတက်မှုကို တိုင်းတာစစ်ဆေးသော နည်းလမ်းများကို ပြည်နယ်ပညာရေးဌာနများအတွက် ရေးဆွဲ ချမှတ်ပေးရသည်။ ပြည်နယ် SCERT ကောင်စီများက ဗဟို NCERT က ချမှတ်ရေးဆွဲပြဌာန်းပေးသော စံနှုန်းများနှင့် လမ်းညွှန်ချက်တို့ကို အခြေခံလျက် လုပ်ဆောင်ကြသည်။ သို့ရာတွင် ပြည်နယ်များက မိမိတို့ ပညာရေးစနစ်ကို အကောင်အထည်ဖေါ်ဆောင်ရာတွင် လွတ်လပ်မှု အပြည်အ၀ ရှိနေပါသည်။

၁၉၈၆ ခုနှစ်က ပြဌာန်းခဲ့သော အမျိုးသားပညာရေးမူဝါဒ The National Policy of Education နှင့် ၁၉၉၂ ခုနှစ်တွင် ချမှတ်ရေးဆွဲခဲ့သည့် လက်တွေ့အကောင်အထည်ဖေါ်ဆောင်ခြင်း အစီအစဉ်ညွှန်ကြားချက်များ Programme of Action POA တို့က ၁၄ နှစ် အောက်ကလေးငယ်တိုင်း အရည်အသွေး ပြည့်မီသော မသင်မနေရ ပညာရေးစနစ်ကို ၂၁ ရာစု မ၀င်မီ စတင်ကျင့်သုံးရန် မျှော်မှန်းထားရှိခဲ့သည်။ အမျိုးသားဝင်ငွေ၏ ၆ ရာခိုင်နှုန်းကို အစိုးရက ပညာရေးဘတ်ဂျက်အဖြစ် တိုးမြှင့်ပေးခဲ့ပြီး ထက်ဝက်ခန့်ကို အခြေခံ မူလတန်းပညာရေးအတွက် သုံးစွဲရန် လျာထားခဲ့သည်။

ပညာရေးအတန်းသတ်မှတ်ချက်

ကျောင်းပညာရေးစနစ်တွင် အဆင့် ၄ ဆင့် သတ်မှတ်ထားသည်။ အသက် ၆ နှစ်မှ ၁၀ နှစ်အထိကို မူလတန်းအောက်ဆင့် lower primary, အသက် ၁၁ နှစ်နှင့် ၁၂ နှစ်ကို မူလတန်း အထက်ဆင့် upper primary, အသက် ၁၃ နှစ်မှ ၁၅ နှစ်အထိကို အထက်တန်းအောက်ဆင့်  secondary နှင့် အသက် ၁၇ နှစ်နှင့် ၁၈ နှစ်ကို အခြေခံပညာ အထက်တန်း အထက်ဆင့် higher secondary တို့အနေဖြင့် ခွဲခြား သတ်မှတ်ထားခြင်းဖြစ်သည်။ မူလတန်းအောက်ဆင့်တွင် အတန်း ၅ တန်း ခွဲခြားထားပြီး မူလတန်းအထက်ဆင့်တွင် အတန်း ၂ တန်းရှိသည်။ အထက်တန်းအဆင့်တွင် ၃ တန်းရှိသည်။ အထက်တန်းအထက်ဆင့် senior secondary တွင် ၂ တန်း ဖြစ်သည်။ ဒေသအလိုက် မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့မှလွဲ၍ တူညီသော သင်ရိုးညွှန်းတမ်း စံနှုန်းများကို လေ့လာသင်ကြားကြသည်။ အထက်တန်းအဆင့် ၁၀ တန်းအထိ ဖြစ်သည်။ အထက်တန်းအထက်ဆင့် ၁၁ တန်းနှင့် ၁၂ တန်းတို့တွင်မူ လမ်းသွယ်လမ်းပြောင်းနှင့် တက္ကသိုလ် အဆင့်မြင့် ပညာရေးအတွက် အခြေခံ သင်ရိုးတွဲများမှာ အတွဲများစွာ ထားရှိသည်။

၃ ဘာသာ ပညာရေးစနစ်

တစ်နိုင်ငံလုံးတွင် ကလေးတိုင်း ဘာသာစကား သုံးမျိုးကို မသင်မနေရ လေ့လာခွင့် ရကြသည်။ အင်္ဂလိပ်စာ၊ ဟင်ဒီဘာသာနှင့် မိခင်ဘာသာစကားတို့ဖြစ်သည်။ ဟင်ဒီဘာသာစကားက မိခင်ဘာသာစကားဖြစ်ပါမူ အခြားသော ဘာသာစကားတစ်ခုခုကို လေ့လာခွင့် ရှိသည်။ ဤသည်မှာ ၃ ဘာသာသင်ကြားရေး စံနှုန်းနှင် မူဝါဒအရနှင့် ကလေးဖွံ့ဖြိုးမှုအတွက် များစွာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ အဓိက သင်ကြားမှု မဏ္ဍိုင်ဘာသာစကား medium of instruction မှာ အင်္ဂလိပ်စာဖြစ်သည်။ လူမှုရေးဘာသာ (သမိုင်း၊ ပထ၀ီဝင်၊ ပြည်သူ့နီတိ) ကို ဟင်ဒီဘာသာစကားဖြင့် သင်ကြားသည်။

ကျောင်းပညာရေးတွင် ကျောင်းအမျိုးအစား လမ်းသွယ် ၃ မျိုး ထားရှိသည်။ ၂ မျိုးကို အမျိုးသားအဆင့်တွင် စီမံခန့်ခွဲသည်။ ပြည်နယ်များသို့ အမြဲတမ်း ရွှေ့ပြောင်းနေထိုင်ကြရသော ဗဟိုအစိုးရ၏ ၀န်ထမ်းသားသမီးများအတွက် တစ်မျိုးဖြစ်သည်။ ဗဟိုအစိုးရ စာသင်ကျောင်းများ Kendriya Vidyalayas ကို မြို့ကြီးတိုင်းတွင် တည်ထောင်ဖွင့်လှစ်ထားရှိသည်။ သင်ကြားရေးအစီအစဉ်နှင့် သင်ရိုးညွှန်းတမ်း တူညီသည့်အတွက် ၀န်ထမ်းသားသမီးများ၏ ကျောင်းပြောင်းရွှေ့ရေးကိစ္စ အဆင်ပြေလှသည်။ နေရာကျန်ရှိပါက ပြည်နယ်အတွင်းရှိ အခြားကလေးများကိုလည်း တက်ရောက်ခွင့်ပြုထားသည်။ ဗဟိုပညာရေးကောင်စီ NCERT က ထုတ်ဝေပြဌာန်းထားသော ဖတ်စာအုပ်နှင့် သင်ရိုးကို အသုံးပြုကြသည်။ ဤအစိုးရကျောင်းများအပြင် ပြည်နယ်တိုင်းတွင် ပုဂ္ဂလိကကျောင်းများလည်း ရှိသည်။ ပြည်နယ်သင်ရိုးညွှန်းတမ်း CBSE ဖတ်စာအုပ်များနှင့် အခြားသင်ကြားရေး လမ်းညွှန်အမျိုးမျိုးကို မိမိတို့ ကျောင်းအလိုက် ရွေးချယ် သုံးစွဲခွင့် ရှိကြသည်။ မူလတန်းအဆင့်များအတွက် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိသည်။ အခြားနိုင်ငံ ၂၁ နိုင်ငံတွင်လည်း CBSE ဖတ်စာအုပ် အသုံးပြုသော စာသင်ကျောင်း ၁၄၁ ကျောင်းရှိသည်။ ယင်းနိုင်ငံများရှိ အိန္ဒိယလူမျိုးများအတွက် အဓိကဖြစ်သည်။

ဒုတိယ ကျောင်းအမျိုးအစားများမှာ အိန္ဒိယအထက်တန်းပညာရေး အောင်လက်မှတ် Indian Certificate of Secondary Education ICSE ကျောင်းများ ဖြစ်သည်။ ကင်းဘရစ် အထက်တန်းကျောင်း အောင်လက်မှတ် Cambridge School Cerfificate ကို အစားထိုးရန်ဟု ဆိုနိုင်ပါသည်။ 1952 ခုနှစ်တွင် ပညာရေးဝန်ကြီးဖြစ်သူ Maulana Abul Kalam Azad မှ ဦးဆောင် ကျင်းပခဲ့သည့် ညီလာခံတွင် အစပြိုးခဲ့သည်။ ကင်းဘရစ်အထက်တန်းကျောင်း အောင်လက်မှတ်ကို အိန္ဒိယစနစ် All Indian Examination ဖြင့် အစားထိုးရန် ညီလာခံက ရည်ရွယ်ခဲ့သည်။

၁၉၅၆ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သော Inter-State Board for Anglo-Indian Education အင်ဂလို-အိန္ဒိယ ပညာရေးအတွက် ပြည်နယ်စုံ ဘုတ်အဖွဲ့များ အစည်းအဝေးကြီးက အိန္ဒိယအမျိုးသားကောင်စီ Indian Council ကို ဖွဲ့စည်းတည်ထောင်ရန်အတွက် မူကြမ်းရေးဆွဲခဲ့ကြသည်။ ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားဝင်ဖွဲ့စည်း နိုင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဒေလီကျောင်းပညာရေးဥပဒေအရ အစိုးရစာမေးပွဲအားလုံးကို တာဝန်ယူဆောင်ရွက်ရန် ကောင်စီအား တာဝန်ပေးအပ်ခဲ့သည်။ ယခုအခါတွင် အိန္ဒိယတစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအများစုကြီးမှာ ဤကောင်စီနှင့် ဆက်စပ်လျက်ရှိနေသည်။ ပုဂ္ဂလိကကျောင်း အများအပြားလည်း ပါဝင်သည်။

အထက်တန်းပညာရေး ဗဟိုဘုတ်အဖွဲ့ CBSE နှင့် အိန္ဒိယအထက်တန်းပညာရေး အောင်လက်မှတ် ICSE ကောင်စီများက သူတို့ ကိုယ်ပိုင်စာမေးပွဲများကို ကျင်းပလေ့ရှိသည်။ ဒသမတန်းနှင့် တက္ကသိုလ်ဝင်တန်းဖြစ်သော ၁၂ တန်း စာမေးပွဲများ ဖြစ်သည်။ ၁၁ တန်းဝင်ခွင့်အတွက်မှာ ဤအိန္ဒိယတစ်နိုင်ငံလုံးဆိုင်ရာ စာမေးပွဲများ၏ ရလဒ်များအရ ဆုံးဖြစ်လေ့ရှိသည်။ ရလဒ်ကောင်းကောင်းနှင့် အောင်မြင်ရန်အတွက် ကျောင်းသားများမှာ ဖိအားပေးခြင်းများစွာ ခံစားကြရသည့်အတွက် ၁၀ တန်းပြီးဆုံးသည့်အခါအတွင် ဤစာမေးပွဲများကို ရုတ်သိမ်းရန် အကြံပြုထားကြသည်။

သီးသန့်ကျောင်းများ

အထက်ပါ ကျောင်းအမျိုးအစားများအပြင် စီနီယာကင်းဘရစ်ခ်ျကဲ့သို့သော နိုင်ငံခြားသင်ရိုးညွှန်းတမ်းကို သင်ကြားသည့် ကျောင်းအချို့လည်း ရှိနေသေးသည်။ သို့သော် ICSE စာမေးပွဲများက အစားထိုးပေးလျက်ရှိသည်။ အလွန်အမင်း ဈေးကြီးမြင့်လှသည်။ ဘော်ဒါဆောင်တွင်နေထိုင်ပြီး ပညာသင်ယူနိုင်ကြသည်။ ပြည်ပရောက်အိန္ဒိယလူမျိုးများက သူတို့သားသမီးများ ပညာရေးအတွက် အားထားကြခြင်းဖြစ်သည်။ ကျောင်းအင်္ဂါစဉ်နှင့် သင်ထောက်ကူ အဆင့်မြင့်မားသည်။ ဆရာ-တပည့်အချိုး နည်းလှသည်။ ကျောင်းသားလည်း အနည်းငယ်မျှသာ ရှိတတ်သည်။ နိုင်ငံရပ်ခြားမှ ဆရာများလည်း သင်ကြားပေးသည်။ Dehradun နယ်ဖက်တွင် Doon ကျောင်းများလည်း ရှိသေးသည်။ ကျောင်းသားဦးရေ အနည်းငယ်သာလက်ခံပြီး ကျောင်းဝင်ခွင့်နှင့် ကျောင်းလခမှာ အလွန်ဈေးကြီးလှသည်။

            အစဉ်အလာပညာရေးစနစ်အတွင်းမှ ခွဲထွက်ပြီး သင်ကြားပေးနေသည့် ကျောင်းများလည်း ရှိသေးသည်။ Andhra Pradesh ပြည်နယ်တွင် Rishi Valley School ကဲ့သို့သော ကျောင်းများမှာ အလွတ်ကျက်မှတ်နေရသေးသည့် ပင်မပညာရေးစနစ်နှင့် မတူဘဲ မွန်တက်ဆိုရီနည်းလမ်းများကဲ့သို့သော ဆန်းသစ်မှုများဖြင့် သင်ကြားလျက်ရှိသည်။ ဤကဲ့သို့ကျောင်းများမှာ ဈေးအလွန်ကြီးလှသည်။ ကျောင်းသားတိုင်း မိမိတို့ ကိုယ်ပိုင် နှုန်းထားဖြင့် သင်ယူလေ့လာခွင့်ကို ဖန်တီးပေးထားသည်။ ဤကဲ့သို့သော ကျောင်းမှ ထွက်သွားသူများ၏ အနာဂတ်ဘ၀များနှင့် အလုပ်အကိုင်များ မည်သို့ ရှိနေမည်ကို သုတေသနပြုလုပ်ရန် ပညာရှင်များက စိတ်ပါဝင်စားလျက်ရှိသည်။

အစိုးရကျောင်းများ

ပြည်နယ်တိုင်းတွင် ပညာရေးဝန်ကြီးဌာန ထားရှိပြီး စာသင်ကျောင်း ပညာရေးစနစ်ကို အကောင်အထည်ဖော်ခြင်း၊ ဖတ်စာအုပ်များ ပုံနှိပ်ထုတ်ဝေခြင်း၊ စာမေးပွဲ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သည်။ အထက်တွင် ဆွေးနွေးခဲ့သည့်အတိုင်း သင်ရိုးညွှန်းတမ်းများ၊ သင်ယူခြင်း-သင်ကြားခြင်း နည်းလမ်းများ၊ စစ်ဆေး အကဲဖြတ်ခြင်းတို့ကို SCERT ပြည်နယ်ပညာရေး သုတေသနနှင့် လေ့ကျင့်ရေးကောင်စီက မူဝါဒများ ချမှတ်ပေးခြင်းဖြစ်သည်။ SCERT ကလည်း အမျိုးသားအဆင့် ပညာရေးကောင်စီဖြစ်သော NCERT ဖက်ဒရယ်ပညာရေးဌာနက တစ်နိုင်ငံလုံးအတွက် ချမှတ်ထားသော စံနှုန်းများနှင့် မူဘောင်အတွင်း အခြေခံလျက် ပြည်နယ်အတွက် သင့်တင့်သော မူများကို ထပ်ဆင့်ရေးဆွဲခြင်းပင်ဖြစ်သည်။

ပြည်နယ်သင်ရိုးညွှန်းတမ်းကို သင်ကြားသည့် ကျောင်းအမျိုးအစား ၃ မျိုးရှိသည်။ အစိုးရပိုင် မြေနေရာနှင့် ကျောင်းအဆောက်အဦများတွင် အစိုးရကျောင်းများကို ဖွင့်လှစ်ထားရှိသည်။ အစိုးရ၀န်ထမ်း ကျောင်းဆရာဆရာမများကို လစာပေးသည်။ အစိုးရကျောင်းများ government schools ဟူ၍ ခေါ်ဆိုကြသည်။ ကျောင်းလခမှာ ဈေးသက်သာသည်။ ပုဂ္ဂလိကပိုင်မြေနေရာတွင်၊ ကျောင်း အဆောက်အဦများ ဆောက်လုပ်ပြီး ဖွင့်လှစ်ထားရှိသော ကျောင်းများမှာ ဈေးပိုကြီးသည်။ ကျောင်းစီမံခန့်ခွဲရေးကော်မီတီက ဆရာဆရာမလစာကို တာဝန်ယူ ပေးရသည်။ မြို့ပြနေ လူလတ်တန်းစား မိသားစုများအတွက် အဓိကဟု ဆိုနိုင်သည်။ တတိယအမျိုးအစားမှာ မိမိကိုယ်ပိုင်မြေနေရာတွင် အဆောက်အဦဆောက်လုပ်ပြီး အစိုးရအကူအညီဖြင့် ဖွင့်လှစ်ထားရှိသော ကျောင်းများဖြစ်သည်။ အစိုးရအကူအညီမှာ ကျောင်းလခ သက်သာရေးအတွက် ဖြစ်ပြီး ဆင်းရဲနွမ်းပါးသော မိသားစုများက သူတို့ သားသမီးများ၏ ပညာရေးအတွက် ကျောင်းထားနိုင်ရေးကို ရည်ရွယ်ပါသည်။ kerala ကဲ့သို့သော ပြည်နယ်အချို့တွင် အစိုးရကျောင်းများနှင့် ထပ်တူနီးပါဖြစ်သည်။ ဆရာဆရာမလစာနှင့် ကျောင်းဝင်ကြေးများ တူညီလေ့ရှိသည်။

Kerala ပြည်နယ်လေ့လာချက်

အနောက်တောင်ပိုင်းပြည်နယ်ငယ်တစ်ခုဖြစ်သော ကာရာလာပြည်နယ်မှာ အခြားသော ပြည်နယ်များနှင့် မတူဘဲ တမူထူးခြားသည်ဟု ဆိုရမည်။ ဆယ်စုနှစ်အချို့ပင် ရှိခဲ့ပြီ။ ဥပမာအားဖြင့် စာတတ်မြောက်မှုနှုန်း အမြင့်ဆုံး ပြည်နယ်ဖြစ်သည်။ ပြည်နယ်လုံးကျွတ် စာတတ်မြောက်ခဲ့သည်မှာ ဆယ်စုနှစ်ပင် ရှိပြီ။ လူ့သက်တမ်း (အမျိုးသမီး၊ အမျိုးသား) မှာလည်း မြင့်မားလှသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ပင် ယှဉ်နိုင်သည်။ ကလေးမွေးနှုန်းမှာလည်း သတ်မှတ်စံ ၂ ဒသမ ၁ ထက် လျော့နည်းသည်မှာ ဆယ်စုနှစ် ၂ ခုပင်ရှိတော့မည်။ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်လာခဲ့ခြင်းတို့၏ ဘေးထွက် ဆိုးကျိုးကြောင့်လည်း (မိမိကိုယ်ကို သတ်သေခြင်း) ဆူဆိုက်နှုန်းနှင့် အရက်စွဲရောဂါသည်ဦးရေ တိုးပွားခဲ့၏။ အစိုးရမူဝါဒများမှာ အခြားပြည်နယ်များနှင့် မတူ ကွဲပြားသည်။ ပညာရေးနှင် လူမှုဖူလုံရေးတို့အတွက် ဘတ်ဂျတ်ငွေကို အမြင့်ဆုံးထားရှိသည်။ ကာရာလာပုံစံဟူ၍ပင် စီးပွားရေးပညာရှင်များက သုံးနှုန်းလာကြသည်။

Kerala ပြည်နယ်မှာ ကျောင်းပညာရေးစနစ်ကို တိုးတက်လာစေရန် အစဉ်တစိုက်ပင် အားထုတ်လျက်ရှိသည်။ ဖက်ဒရယ်ဗဟို NCERT ပညာရေးကောင်စီက မူအသစ်၊ စံနှုန်းအသစ်တို့ ထုတ်ပြန်သည်နှင့် အဦးအစအနေဖြင့် ကျင့်သုံးသည့်ပြည်နယ်မှာ ကာရာလာနယ်ပင်ဖြစ်နေသည်။ ခရိုင်မူလတန်းပညာရေးအစီအစဉ်ကို DPEP ကိုလည်း ပြည်နယ်က စမ်းသပ်ခဲ့သည်။ ရိုးရာအစဉ်အလာအရ အပြုအမူအခြေပြု၊ အလွတ်ကျက်မှတ်သော ပညာရေးစနစ် လမ်းအိုဟောင်းမှ ခွဲထွက်လျက် ၂၁ ရာစု ပညာရေးနည်းလမ်းဖြစ်သော “အသိပညာကို ကိုယ်တိုင် တည်ဆောက်ခြင်း” social constructivist paradigm နည်းလမ်းများဖြင့် အစားထိုး ကျင့်သုံးနေသည်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် NCERT က National Curriculum Framework အမျိုးသားသင်ရိုးညွှန်းတမ်း အညွှန်းဘောင်တွင် ထည့်သွင်း ပြဌာန်းခဲ့သည်နှင့် တပြိုင်နက် ကာရာလာပြည်နယ်က နောင်နှစ်တွင် အဦးဆုံး ကျင့်သုံးလိုက်ခြင်းဟု ဆိုနိုင်သည်။

စာသင်ခန်းအတွင်း သင်ယူခြင်း-သင်ကြားခြင်း နည်းလမ်းများနှင့် တတ်မြောက်မှုကို စစ်ဆေးခြင်း နည်းလမ်းများမှာလည်း ပြောင်းလဲခဲ့ပြီ။ အလွတ်ကျက်မှတ်ထားသူတို့ အလွယ်တကူ ဖြေဆိုနိုင်သော တိုက်ရိုက် မေးခွန်း မေးမြန်းခြင်းအစား အခြားမေးခွန်းများနှင့် အဖွင့်သဘောဆောင်သော မွေးခွန်းများဖြင့် လေ့ကျင့်ကြသည်။ ကျောင်းသားများက အဖြေမပေးမီ ပိုမို စဉ်းစားတွေးခေါ်လာစေသည်။ အဖြေမှာလည်း တစ်မျိုးတည်း ဖြစ်ချင်မှဖြစ်မည်။ ဆိုလိုသည်မှာ တပွဲထိုး အလွတ်ကျက်မှတ်ခြင်းထက် သင်ယူရမည့် အကြောင်းအရာကို အသေအချာ နားလည်သဘောပေါက်ရန် လိုအပ်လာသည်။ အသိသစ်ကို မိမိကိုယ်တိုင် နားလည်ယူတတ်လာပြီး မေးခွန်းကို မိမိအမြင် ရပ်တည်ချက်တို့နှင့် ယှဉ်တွဲလျက် သုံးသပ်ဖြေဆိုနိုင်စွမ်း ရှိလာစေရန် လေ့ကျင့်ပျိုးထောင်မှုပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤနည်းလမ်းအသစ်မှာ ကျောင်းသားများအတွက် ပညာရေးစိတ်ဖိစီးမှု လျော့ပါးစေပြီး စစ်ဆေးမှုကို ပျော်ပျော်ပါးပါးပင် ဖြေဆိုနိုင်ခြင်း၊ ကျောင်းနေပျော်ခြင်းတို့စသော ပညာရေးရလဒ်ကောင်းများ ရှိလာသည်။ စာသင်ကျောင်းဒဏ်၊ ပညာရေးဒဏ်နှင့် သင်ရိုးဖိစီးမှုတို့မှ ကင်းဝေးပြီး စိတ်ချမ်းသာစွာ ပညာသင်ကြားခွင့် ရှိလာသည်။ ပိုမို၍ ပညာရေး အနှစ်သာရနှင့် သရုပ်သကန် ပေါ်လွင် ပီပြင်လာသည်။  စဉ်ဆက်မပြတ် ဘက်စုံစစ်ဆေးခြင်း comprehensive and continuous assessment CCE စနစ်ကိုလည်း အစားထိုးထားသည်။ ကျောင်းသား၏ ပုဂ္ဂလဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းစဉ်းစားသော စစ်ဆေးခြင်းဖြစ်ပြီး တစ်ထိုင်တည်းဖြင့် အဆုံးအဖြတ်ပေးသည့် “စာမေးပွဲကြီး ဘေးဒဏ်” ၏ ဆိုးကျိုးကို လျော့ပါးစေသည်။ ပြည်နယ် CBSE ပညာရေးဘုတ်အဖွဲ့က ပိုမို ငြင်သာသော နည်းလမ်းများဖြင့် CCE ကို အကောင်အထည်ဖေါ်လျက် ရှိသည်။

သတင်းအချက်အလက် နည်းပညာ Information technology IT ကို စတင်မိတ်ဆက်သည့် ပြည်နယ်ပင်ဖြစ်သည်။ အထက်တန်းအဆင့်တွင် သင်ရိုးဝင်ဘာသာတစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားသည်။ အဌမတန်းတွင် စတင်သင်ကြားသည်။ Microsoft widows နှင့် Microsoft office တို့ကို မိတ်ဆက်သင်ပေးသည်။ ကုမ္ပဏီများနှင့် ဆရာသမဂ္ဂတို့က ကန့်ကွက်ဆန္ဒပြသည့်အတွက် အခြားသော free softwares များကိုလည်း ထည့်သွင်း သင်ကြားပေးရသည်။ ၂၀၀၇ ခုနှစ်တွင် GNU/Linux တို့ကိုသာ သင်ကြားပေးသည်။ IT နှင့် ကျောင်းပညာရေးကို များစွာ ချိတ်ဆက်ပေးလျက်ရှိသည်။ ဘာသာရပ်အားလုံးကို IT နည်းပညာအကူအညီဖြင့် သင်ကြားခြင်းလည်း ဖြစ်သည်။ IT ကို ဘာသာရပ်တစ်ခုအနေဖြင် သင်ကြားခြင်းအပြင် အခြားဘာသာများတွင်လည်း အထောက်အကူ ဖြစ်စေရန် ရည်ရွယ်သည်။ အင်တာနက်ဆိုက်များ (Wikipedia, ရုပ်ပုံများ၊ ဗွီဒီယိုများ) ကို စာသင်ခန်းအတွင် အသုံးပြုနိုင်သည်။ ဆရာများကလည်း ဆော့ဖ်ဝဲများနှင့် အင်တာနက်ဆိုက်များဖြစ်သည့် Dr.Geo, GeoGebra, Ktechlab တို့ကို ဂျီအော်မေတြီနှင့် အီလက်ထရောနစ်ဘာသာရပ်တို့ကို သင်ကြားပေးရာတွင် အသုံးပြုလျက်ရှိသည်။ Sunclock, Kalzium နှင့် Ghemical တို့မှာလည်း ဆရာများနှင့် ကျောင်းသားများအကြား ရေပန်းစားသော applications များ ဖြစ်ကြသည်။

Kerela ပြည်နယ်မှ အဦးအစ ကျင့်သုံးနေသည့် ပညာရေးမူနှင့် စံနှုန်းများကို အခြားပြည်နယ်များက အတုယူလာကြသည်။ ဗဟိုဖက်ဒရယ် အစိုးရကိုယ်တိုင်ပင် ပြည်နယ်ထံမှ ပြန် လေ့လာနေရသည်။

အချုပ်အားဖြင် ဆိုရသော် အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့်နှင့် အညီ ပညာရေးတွင် ဗဟိုဦးစီး ချုပ်ကိုင်မှုကို လျော့ချထားပြီး ပြည်နယ်များက မိမိတို့ကိုယ်တိုင် လွတ်လွတ်လပ် စီမံခန့်ခွဲနိုင်သော ဖက်ဒရယ်ပညာရေးစနစ်ကို ကျင့်သုံးသည်ဟု ဆိုနိုင်ပါသည်။

သိန်းနိုင် (မောက္ခပညာရေး)                        

သံလွင်တိုင်မ်းဂျာနယ် (မေ၊ ဇွန်၊ ဇူလိုင်) ၂၀၁၅၊ မော်လမြိုင်မြို့။

ဆက်ပါဦးမည်။

 

Powered by Bullraider.com