ယဉ်ကျေးမှု ဗဟုဝါဒ

ဗဟုဝါဒ နိဒါန်း

ဤအခန်းတွင် လူ့ယဉ်ကျေးမှု ဗဟုဝါဒနှင့် ပတ်သက်၍ တင်ပြဆွေးနွေးပါမည်။ အထက်ပါအခန်းတွင် ယဉ်ကျေးမှုများနှင့် လူမျိုးစုများ အကြောင်းကို ဆွေးနွေးခဲ့ပါသည်။ ယဉ်ကျေးမှုများ ဆုံဆည်းကြသော အခါဝယ် ဖြစ်နိုင်ခြေ များနှင့် ပတ်သက်၍ ဦးစွာ သိရှိထားရန် လိုအပ်သည်။ သမိုင်းအစဉ်တလျှောက်တွင် ကမ္ဘာ့နိုင်ငံများ၌ မတူညီသည့် ယဉ်ကျေးမှုနှင့် လူမျိုးရေး အခြေခံများကို အကြောင်းပြုပြီး စစ်ပွဲများ ဖြစ်ပွားခဲ့ရာမှ ယနေ့ကာလထိတိုင်အောင် ဒေသ အသီးသီးတွင် တွေ့မြင်နိုင်ပါသည်။ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံများ တွင်လည်း မတူကွဲပြားသည့် ယဉ်ကျေးမှုများ သဟဇာဖြစ်စေရေးအတွက် အစိုးရ အဆင့်ဆင့်မှ မူဝါဒများ ချမှတ်၍ စဉ်ဆက်မပြတ် အကောင်အထည်ဖေါ် ဆောင်ရွက်ရသည်။ စာသင်ကျောင်းများတွင်လည်း ယဉ်ကျေးမှုများနှင့် လူမျိုးရေး သဘောထားအမြင် မှန်ကန် လေးနက်စေရန်အတွက် နည်းနာများစွာကို ချမှတ် ကျင့်သုံးကြသည်။ အထူးသဖြင့် မိမိနှင့် မတူဘဲ ကွဲပြားခြားနားသည့် သူများနှင့် ဆက်ဆံရာတွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် နားလည်ရေးနှင့် လေးစား နိုင်ရေးတို့ကို အဓိကထားသည့် လူမှု ဆက်ဆံရေးများကို ဖြစ်ထွန်းစေရန်အတွက် အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေးစနစ်ကို ကျင့်သုံးကြရသည်။

အတင်းသွတ်သွင်းခြင်း

            နှစ်ပေါင်းများစွာ ယဉ်ကျေးမှုကြီးတစ်ခုအတွင်းသို့ ယဉ်ကျေးမှုငယ်များ အား အတင်းသွတ်သွင်းခြင်း (Cultural Assimilation) ကို ပင်မယဉ်ကျေးမှုကြီးများ၊ လူမျိုးကြီးများမှ ကျင့်သုံး လာခဲ့ကြသည်ကို လေ့လာတွေ့ ရှိရသည်။ မတူညီ၊ ကွဲပြား ခြားနားသည့် ယဉ်ကျေးမှုများ ဆုံဆည်းကြသောအခါဝယ် ပိုမိုအင်အား များပြားပြီး ကြီးမားသည့် ယဉ်ကျေးမှုကြီးက လွှမ်းမိုးခြင်းဖြစ်စဉ်ပင်ဖြစ်သည်။ ဤသည်မှာ တစ်လမ်းသွားယဉ်ကျေးမှု ကူးပြောင်းခြင်း ဖြစ်စဉ်ဖြစ်ပြီး လူမျိုးစုငယ်များ၊ ယဉ်ကျေးမှုငယ်များမှ မိမိတို့၏ အစဉ်အလာ၊ ရိုးရာ ယဉ်ကျေးမှုတို့ကို စွန့်လွှတ်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း အဓိက လွှမ်းမိုးလျက်ရှိသည့် ပင်မ ယဉ် ကျေးမှုကြီး တစ်ခုထဲသို့ ရောနှောဝင်ရောက် သွားကြရခြင်းဖြစ်သည်။ ဤသို့ဖြင့် လူမျိုးစုငယ်များ၊ ယဉ်ကျေးမှုငယ်များမှာ တစ်စစီ ပျောက်ကွယ်၍ သွားရလေ သည်။ ဤကဲ့သို့ ယဉ်ကျေးမှုကြီးတစ်ခု အတွင်းသို့ အတင်းသွတ်သွင်းခြင်းကို ကမ္ဘာ့နိုင်ငံ အတော်များများတွင် ရာစုနှစ်ဖြင့်ချီ၍ ကျင့်သုံးခဲ့ကြလေသည်။

            အထူးသဖြင့် ယဉ်ကျေးမှုစုံ နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဩစတြေးလျနှင့် အချို့သော ဥရောပနိုင်ငံများတွင် ဤယဉ်ကျေးမှုဆိုင်ရာ ဝါးမျိုခြင်း ဖြစ်စဉ်ကို ပဒေသရာဇ်သမိုင်းနှင့် မျက်မှောက်ခေတ်သမိုင်းများထဲတွင် အထင်အရှား လေ့လာတွေ့ရှိရသည်။

            ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေး ရရှိပြီးသည့်နောက်ပိုင်း အစဉ်အဆက် အာဏာရ အစိုးရများသည် လူမျိုးစုငယ်များကို လူမျိုးကြီးဖြစ်သည့် ဗမာ့ယဉ်ကျေးမှု အတွင်းသို့ အတင်း သွတ်သွင်းခြင်းများ၊ ပညာရေး၊ ဘာသာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အလမ်းများကို တာဆီးပိတ်ပင်ခြင်းဖြင့် ယဉ်ကျေးမှုငယ်များ၏ ရှင်သန် ရပ်တည်ခွင့်ကို များစွာ နစ်နာ ထိခိုက်စေခဲ့ပါသည်။ အထူးသဖြင့် တစ်နိုင်လုံး လူဦးရေ၏ သုံးပုံ တစ်ပုံခန့်ရှိသော ဗမာလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုမှာ လွန်စွာ ကြီးမားကျယ်ပြန့်သည်ကို တွေ့ရှိနိုင်ပါသည်။

            လူမျိုးစု များစွာ ရှိသော်ငြားလည်း လူဦးရေနှင့် နယ်မြေအရ များစွာ ပိုင်းခြား ကန့်သတ်ခြင်းများရှိပြီး မတူ၊ ကွဲပြားခြားနားမှုမှာ အကျယ်အပြန့် ပျံ့နှံ့ လျက်ရှိသည်။ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုများကို ပြည်မနှင့် တစ်ပြိုင်နက်တည်း မလုပ် နိုင်ခဲ့ခြင်း၊ ပြည်တွင်းစစ်ဘေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အစိုးရ၏ မူဝါဒဆိုး များကြောင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုငယ်များမှာ စိုးရိမ်ဖွယ်ရာ တိမ်ကော ပပျောက်လုနီးပါး အခြေအနေဆိုးနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအရများစွာ နောက်ကျ ကျန်နေခဲ့ရသည့်အတွက် ယဉ်ကျေးမှုငယ်များမှာ ဗမာ့ယဉ်ကျေးမှုနှင့် အိမ်နီးခြင်းနိုင်ငံများ၏ ယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုဒဏ်ကို အကြီးအကျယ် ခံနေကြသည်။

            လွတ်လပ်ရေးရရှိပြီး နှစ် ၆၀ ကြာမြင့်ခဲ့ပြီဖြစ်သည့် ယနေ့ကာလတွင် မြန်မာတိုင်းရင်းသားများ ရင်ဆိုင်နေရသည့် နိုင်ငံရေး ပြဿနာများမှာ လွန်စွာ နက်ရှိုင်း ကျယ်ပြန့်လှပါသည်။ သမိုင်းနှင့်ချီပြီး တည်ရှိနေခဲ့သည့် ဖြစ်စဉ်များ၏ လွှမ်းမိုခြင်းများကိုလည်း ရင်ဆိုင်နေကြရသည်။ ဒီမိုကရေစီ၊ လူမှု လွတ်လပ်ခွင့် များနှင့် တိုင်းရင်းသား အခွင့်အရေးများအတွက် တော်လှန်လှုပ်ရှားမှုများမှာ ဖြို ခွင်း ခံရခြင်း၊ အနိုင်အထက် ပြုကျင့်ခံရခြင်းများဖြင့် ရင်ဆိုင်နေကြဆဲဖြစ်ပါ သည်။ ပိုမိုဆိုးရွား၍လာနေသည့် လူမှုစီးပွား အကျပ်အတည်းများ၊ သဘာဝ ဘေးဒဏ်နှင့် ငတ်မွတ် ခေါင်းပါးခြင်း ဘေးဒဏ်တို့ကြောင့် နိမ့်ပါးနေကြရသည့် ယဉ်ကျေးမှုငယ်များမှာ အဘယ်သို့ ရှင်သန်နိုင်ပါမည်ကို စဉ်းစားကြည့်နိုင်ပါသည်။

လူ့ယဉ်ကျေးမှု ဗဟုဝါဒ

            ယဉ်ကျေးမှုများကို ယဉ်ကျေးမှုကြီးတစ်ခုအတွင်း အတင်း သွတ်သွင်း ခြင်းဖြစ်ရပ်နှင့် ဆန့်ကျင်စွာ ပေါ်ထွက်လာသည်မှာ လူ့ယဉ်ကျေးမှု ဗဟုဝါဒ (Cultural Pluralism) ပင်ဖြစ်ပါသည်။ လူ့ယဉ်ကျေးမှု ဗဟုဝါဒကို အဓိပ္ပါယ် ဖွင့်ဆိုရာဝယ် “ - အပြန်အလှန် နားလည်မှုနှင့် လေးစားလက်ခံမှုတို့ဖြင့် ယဉ်ကျေးမှု နှစ်ခု (သို့မဟုတ်) နှစ်ခုထက် ပိုများသော ယဉ်ကျေးမှုများ ညှိနှိုင်း၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဖြစ်စဉ်” - ဟူ၍ ဖွင့်ဆိုကြသည်။ ယဉ်ကျေးမှု များစွာရှိသည့် လူမှု အသိုင်းအဝိုင်းတွင် လူမှုအသိုင်းအဝိုင်း တစ်ခုလုံး၏ ရှင်သန် ရပ်တည်နိုင်မှုကို မထိခိုက်စေဘဲ၊ လိုက်လျောညီထွေ ဖြစ်စေမည့် အပြုအမူ များဖြစ်ပါက လူမျိုးစုကြီး၊ လူမျိုးစုငယ်များ အသီးသီး၏ ဘာသာစာပေ၊ ရိုးရာ ဓလေ့၊ ထုံးတမ်းအစဉ်အလာ၊ ကိုးကွယ်ယုံကြည်မှုနှင့် အစားအစာ စသည် တို့ကို ထိန်းသိမ်းခြင်း၊ စည်ပင် တိုးတက်စေခြင်းများ ပြုလုပ်ခွင့်ပေးခြင်းပင်ဖြစ်သည်။

            မိမိတို့၏ သီးသန့်ဖြစ်တည်နေသည့် ဇာတိအစဉ်အလာကို ထိန်းသိမ်း ခြင်းနှင့်အတူ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကိုလည်း ပိုမိုစိုပြေစေသည်၊ ပန်း ပေါင်းစုံ ဖူးပွင့်ဝေဆာနေသည့် ဥယျာဉ်ကြီးတစ်ခုကဲ့သို့ဟု လက်ခံခြင်းဖြစ်သည်။ ဤသည်မှာ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီ နည်းလမ်းများနှင့် ထပ်တူပြုမူခြင်း ပင်ဖြစ်သည်။ လူနည်းစုတို့၏အခွင့် အရေးနှင့်အတူ လူအများစုမှ အုပ်ချုပ်ခြင်း စနစ်ကို ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်သည်။ နှစ်ဆယ်ရာစု အစပိုင်း ပိုလန်နိုင်ငံ မှ အမေရိကန်နိုင်ငံသို့ နိုင်ငံ ပြောင်းရွှေ့ နေထိုင်လာသူ ဒီမိုကရေစီ အတွေးအခေါ် ပညာရှင် ကယ်လန် (Kellen) မှ လူမျိုးစုငယ်များမှ ယင်းတို့၏ ရိုးရာ အမွေအနှစ်များကို ထိန်းသိမ်းခွင့်မှာ ဒီမိုကရေစီ အခွင့်အရေးဖြစ်သည်ဟု မိန့်ဆိုခဲ့ခြင်းနှင့် စတင် လာခဲ့ခြင်းဖြစ်သည်။ လူ့ယဉ်ကျေးမှု ဗဟုဝါဒမှာ တည်ရှိနေသည့် မတူ၊ ကွဲပြားသော ယဉ်ကျေးမှုများ အကြားတွင် တရားမျှတမှုနှင့် အပြန်အလှန် လေးစားမှုတို့ဖြင့် သရုပ်ဖေါ်ထားသည့် ဖက်ဒရယ်လူမှုအသိုင်းအဝိုင်း တည် ဆောက် ခြင်းဆိုင်ရာ စံနှုန်းတစ်ခုဖြစ်ပါသည်။ တိုင်းရင်းသားတို့၏ အိပ်မက်ဖြစ်သည့် ဖက်ဒရယ်စနစ်အတွက် မရှိမဖြစ် ကျင့်စဉ်ဟုလည်း ဆိုနိုင်ပါသည်။ တိုင်းရင်းသားများကိုယ်တိုင်လည်း အဦးအစ ကျင့်သုံးခြင်းဖြင့် ဖက်ဒရယ်ကို ပျိုးထောင်ရာရောက်ပါမည်။

ယဉ်ကျေးမှုများ ဆုံဆည်းကြသော အခါဝယ်-

 

 PS-cultural-pluralism

မတူ၊ ကွဲပြားခြားနားသော ယဉ်ကျေးမှုများ ပေါင်းဆုံကြသည့်အခါဝယ် လူ့ယဉ်ကျေးမှု ဗဟုဝါဒကို ကျင့်သုံးသင့်သည့်မှာ ထင်ရှားလှပါသည်။ အားလုံး၏ ယဉ်ကျေးမှုများ ထွန်းကားစေရန်အတွက် ဗဟုဝါဒ ရှင်သန်ရပါမည်။ ဤသည်မှာ ဖက်ဒရယ် ဒီမိုကရေစီ၏ အခြေခံ အနှစ်သာရလည်း ဖြစ်ပါသည်။ တစ်ခုလုံး၏ အကျိုးစီးပွားနှင့် ယှဉ်၍ စဉ်းစား တွေးခေါ်တတ်စေရန်မှာ တစ်ခုခြင်းစီ၏ တန်ဖိုးများ မြင့် တတ်ပြီး မိမိကိုယ်ပိုင် ယဉ်ကျေးမှုများ တိုးတက်ရှင်သန် နိုင်ရေးသည် အဓိက ကျကြောင်းထင်ရှားသည်။ မိမိ၏ ယဉ်ကျေးမှုများ ရှင်သန်ခွင့် မရရှိခြင်းသည် အခြားသော ယဉ်ကျေးမှုများစွာနှင့် သဟဇာဖြစ်စေရန် များစွာ အခက်အခဲရှိမည် ဖြစ်ပြီး ဖက်ဒရယ်စနစ်အတွင်း မလိုလားအပ်သည့် လူမှု အနိဌာရုံများစွာကို ဖြစ်ပွား စေပါသည်။ သို့ပါ၍ ယဉ်ကျေးမှု စံနှုန်းများကို ထိန်းသိမ်းခြင်းနှင့်အတူ အပြန်အလှန် လေးစားရေး၊ အသိအမှတ်ပြုရေးတို့ကို စဉ်ဆက်မပြတ် ကြိုးစားသင့်ပါသည်။

            ကျောင်းပညာရေးသည် ယဉ်ကျေးမှု များစွာတို့ စုပေါင်း တည်ရှိနေသည့် လူမှုအသိုင်းအဝိုင်း တစ်ခုဖြစ်ကြောင်း နားလည်နိုင်ပါလိမ့်မည်။ အခြားသော မတူညီမှု များစွာနှင့်အတူ လူမျိုးရေး၊ ဘာသာတရားနှင့် ယဉ်ကျေးမှုများလည်း ရောယှက်လျက်ရှိနေသည်။ ငယ်ရွယ်နုပျိုသည့် စိတ်နှလုံးသားများတွင် မှန်ကန် လေးနက်သည့် လူမျိုးရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု အသိတရား အပါအဝင် မတူခြင်းကို တန်ဖိုးထားတတ်ခြင်း (မေတ္တာစိတ်) တို့ကို လေ့ကျင့် သင်ကြားပေးရန် လိုအပ်သည်။ သို့မှသာလျှင် မျှော်မှန်းထားရှိသော ဖက်ဒရယ်စနစ်ကို ပျိုးထောင် ရာရောက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး ယဉ်ကျေးမှုလည်း ရှင်သန် ထွန်းကား နိုင်ပါမည်။

PS-pluralism2 

 စာသင်သား ဗဟိုပြု စာသင်ကြားခြင်း ပညာရေး စိတ္တဗေဒ သဘောတရား။

Learner centered Psychological Principle

မတူ ကွဲပြားခြားနားချက်များနှင့် စာသင်ယူ လေ့လာမှု

(learning and diversity)

            ကျောင်းတွင် စာသင်ယူလေ့လာမှုနှင့် ပတ်ဝန်းကျင်ရှိ ယဉ်ကျေးမှုများ အကြားတွင် လေးနက်သော ဆက်စပ်ယှက်နွှယ်မှုများနှင့် အပြန်အလှန် ဆက်စပ် နေမှုများရှိသည်။ အထူးသဖြင့် ယဉ်ကျေးမှုနှင့် ဘာသာစကား မတူညီသည့် လူမျိုးစုများ များပြားစွာ တည်ရှိနေသော မြန်မာ့လူမှု အသိုင်းအဝန်းများတွင် ဤအချက်မှာ ပိုမို ရှုပ်ထွေးနေသော အခြေအနေများဖြင့် ရင်ဆိုင်ကြရသည်။ မြန်မာနိုင်ငံ၏ ကျောင်းသူ၊ ကျောင်းသားများ (အနည်းဆုံး ၄၀ ရာခိုင်နှုန်း) မှာ အိမ်တွင် ဗမာစကား မပြောကြပါ။ ဤကျောင်းသား အများစုကြီးမှာ ဗမာ့ ယဉ်ကျေးမှုနှင့် မတူသော၊ ခြားနားနေတတ်သော အခြေအနေများတွင် မွေးဖွား ရှင်သန်လာခဲ့ကြရသည်။ မိမိ အိမ်တွင်းနှင့် လူမှုပတ်ဝန်းကျင် ဓလေ့ ထုံးစံများမှာ မိဘများ၏ ယဉ်ကျေးမှု သမိုင်းနောက်ခံနှင့်  မူလဇာတိ အရင်းအမြစ်ကို ရောင် ပြန်ဟပ်သော အခြေအနေများဖြစ်သည်။ အကျိုးဆက်အနေဖြင့် ကျောင်းသား များစွာတို့မှာ ကျောင်း မနေရသေးမီ ကာလများတွင် ယဉ်ကျေးမှု စံနှုန်းများ၊ မတူ ကွဲပြား ခြားနားသော အိမ်နှင့် ရပ်ရွာပတ်ဝန်းကျင် အခြေအနေတို့တွင် ကြီးပြင်းခဲ့ ကြရသည်။ ဤတွင် ဖက်ဒရယ်စနစ်တွင်းရှိ ကျောင်းဆရာ၊ ဆရာမများ၏ တာဝန် နှင့် အခန်းကဏ္ဍများ ပိုမို များပြား လာတော့သည်။

စာသင်ယူလေ့လာခြင်းနှင့် မတူ ကွဲပြားခြားနားချက်များ -

ကျောင်းသူ၊ ကျောင်းသားများ၏ လိင်ပိုင်းဆိုင်ရာ (ကျား-မ သဘာဝ)၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စိတ်ခံစားချက်များ၊ စွမ်းရည်များနှင့် လူမှုရေး နောက်ခံ အခြေအနေ အစရှိသော မတူညီ ကွဲပြားခြားနားချက်များကို ထည့်သွင်းစဉ်းစားမှသာလျှင် စာသင်ယူ လေ့လာရာတွင် အထိရောက်ဆုံး ဖြစ်သည်။

            ဤဖက်ဒရယ် ပညာရေး သဘောတရားသည် စာသင်ယူလေ့လာမှု၊ စိတ်အားထက်သန် တက်ကြွစေမှုနှင့် ထိရောက်သော သင်ကြားပို့ချမှု စသည် တို့ တွင် ကျောင်းသူ၊ ကျောင်းသား အားလုံးတို့အတွက် သက်ဆိုင်မှုရှိသည်။ သို့ရာ တွင် ဘာသာစကား၊ လူမျိုးစု၊ လူမျိုးကြီး၊ ယုံကြည်ကိုးကွယ်မှုနှင့် လူမှု စီးပွားရေး အဆင့်အတန်း အခြေအနေတို့သည် စာသင်ယူလေ့လာရာတွင် ထိရောက်မှု ရှိခြင်း- မရှိခြင်းနှင့် ဆက်နွယ် လွှမ်းမိုးမှု ရှိသည်။ ဆရာ၊ ဆရာမတို့အနေဖြင့် စာ သင်ကြားရန် ပြင်ဆင်ရာတွင် အထက်ပါ အချက်အလက်တို့ကို ဂရုတစိုက် လေ့ လာ၍ ထည့်သွင်း စဉ်းစားထားလျှင် ပိုမိုသင့်တော် ကိုက်ညီသော စာသင်ယူ လေ့လာမှု ပတ်ဝန်းကျင်ကောင်း (စာသင်ခန်း) ကို ဖန်တီး တည်ဆောက်နိုင်မည်။

            ကျောင်းသူ၊ ကျောင်းသားများ၏ စွမ်းရည်အမျိုးမျိုး၊ ဖြတ်သန်းမှု နောက်ခံ၊ ယဉ်ကျေးမှုနှင့် ဘ၀အတွေ့အကြုံများ မတူညီ ကွဲပြားခြားနားချက်များကို ဆရာ၊ ဆရာမများမှ စာသင်ယူလေ့လာခြင်းနှင့် ဘာသာရပ် အကြောင်းအရာ များတွင် ထည့်သွင်း စဉ်းစားခြင်း၊ တန်ဖိုးထားခြင်းနှင့် သင့်တော်သလို နေရာချ အသုံးပြု ခြင်းများကို ကျောင်းသူ၊ ကျောင်းသားများက ခံစား၊ တွေ့မြင်သိရှိပါက သူတို့၏ စိတ်အားထက်သန်မှုနှင့် အောင်မြင်မှုများ ပိုမို တိုးတက်များပြား လာစေပါသည်။

ဖက်ဒရယ်ပညာရေးနှင့် ဆရာ၊ ဆရာမများ အရည်အသွေး

ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ၏ မတူညီ ကွဲပြား ခြားနားမှုများကို တန်ဖိုးထားပြီး ကျောင်းသူ၊ ကျောင်းသား အားလုံးတွင် စာသင်ယူ လေ့လာရန် အခွင့်အရေးနှင့် စွမ်းရည် ရှိသည်ဟု ယုံကြည်လက်ခံသည်။

ဆရာ၊ ဆရာမအနေဖြင့် မိမိ၏ ဗဟုယဉ်ကျေးမှု အရည်အသွေးကို (မိမိကိုယ်တိုင်) စစ်ဆေးရန် -

ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သက်ဝင်ယုံကြည်သော ကျောင်း ဆရာ၊ ဆရာမများ အနေဖြင့် -

  •  ကျောင်းသူ၊ ကျောင်းသားများ၏ လိင်ပိုင်းဆိုင်ရာ (ကျား၊မ သဘာဝ) ခြားနားမှု၊ ဘာသာစကား၊ ခံစားမှုများ၊ စွမ်းရည်အမျိုးမျိုးနှင့် ယဉ်ကျေးမှု နောက်ခံတို့ကို တန်ဖိုးထားပြီး၊ သင်ခန်းစာများတွင် သင့်တော်သလို ထည့် သွင်း အသုံးပြုသည်။
  • ကျောင်းသူ၊ ကျောင်းသားများကို အခြားသော ကျောင်းသူ၊ ကျောင်းသားများ ၏ မတူ ကွဲပြား ခြားနားသော၊ ယဉ်ကျေးမှု သမိုင်းနောက်ခံများကို အသိအမှတ်ပြု၊ လေးစား တန်ဖိုးထားရန် အားပေးသည်။ စာသင်ခန်းအတွင်း မေတ္တာစိတ်ကို ထွန်းကားနိုင်စွမ်းရှိသူဖြစ်သည်။
  • ကျာင်းသူ၊ ကျောင်းသား တစ်ဦးချင်းစီ၏ နောက်ခံသမိုင်းများကို ဂရုစိုက်ပြီး မထိခိုက်စေသော သင်ကြားမှု အစီအစဉ်များ ဖန်တီး ရေးဆွဲသည်။ ဖတ်စာအုပ်နှင့် သင်ရိုးညွှန်းတမ်းများအတွင်း ပါရှိတတ်သည့် သမိုင်းအမှားများ၊ ဘက်လိုက်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို သိရှိနားလည်ပြီး ပြင်ဆင်နိုင်စွမ်းရှိသည်။
  • မိမိ၏ ကိုယ်ပိုင်  ယဉ်ကျေးမှု၊  ကျောင်းသင်ရိုးညွှန်းတမ်းနှင့် ကျောင်း လုပ်ငန်းစဉ်များတွင် ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်ချက်များနှင့် တဖက်စောင်းနင်း ဘက်လိုက်မှုများကို လေ့လာ သိရှိနားလည်ထားသည်။
  • ကျောင်းသူ၊ ကျောင်းသားများ၏ သင်ယူလေ့လာမှုတွင် တစ်ပုံစံ၊ တစ်မျိုး တစ်စားတည်း သတ်မှတ်ခြင်းများ အပါအဝင် မလို မုန်းတီးမှုများနှင့် တစ်ဖက်စောင်းနင်း ဘက်လိုက်မှုများဖြင့် ကန့်သတ်ထားမှုများ မရှိစေရန် ကြိုးစား အားထုတ်သည်။
  • ကျောင်းသူ၊ ကျောင်းသားများအပေါ်တွင် တန်းတူညီမျှသော၊ ဖေးမ ကူညီသော၊ ခွဲခြားဆက်ဆံမှု မရှိသော ဆက်ဆံရေးကို ထားရှိသည်။

သိန်းနိုင် (မောက္ခပညာရေး)

ဖက်ဒရယ်ပညာရေး အပိုင်း (၁၅)၊ သံလွင်တိုမ်းဂျာနယ်၊ စက်တင်ဘာ ၂၀၁၅၊

ဆက်လက်ဆွေးနွေးပါဦးမည်။

Powered by Bullraider.com