ပညာရေးနှင့် ရွေးကောက်ပွဲ

ဖက်ဒရယ်ပညာရေး အပိုင်း (၁၇) ဒီမိုကရေစီစနစ်ရဲ့ အဓိကအချက်တစ်ချက်ကတော့ ပြည်သူလူထုတစ်ရပ်လုံး၏ တန်းတူအခွင့်အရေး ရှိခြင်းနှင့် ပြည်သူလူထုထံမှ အာဏာဆင်းသက်ခြင်းဖြင့် တိုင်းပြည်ကို တည်ဆောက်ခြင်းလို့ ဆိုကြပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများဟာ ဒီမိုကရေစီ၏ အသက်သွေးကြောလို့ ဆိုကြတာပါ။ ရွေးကောက်ပွဲကာလများအတွင်း ပြည်သူလူထုမှ မိမိတို့ကို ကိုယ်စားပြုမည့်သူများ၊ မိမိတို့က ယုံကြည်အားထားသူများ၊ တိုင်းပြုပြည်ပြု ရပ်ကျိုးရွာကျိုးကို အမှန်တကယ် ရွေးကောက်ပွဲအကြို ကတိအတိုင်း ထမ်းဆောင်မည့်သူများ၊ ရိုးသားဖြောင့်မတ်ပြီး ပညာပြည့်ဝ နှလုံးလှသူများကို ရွေးချယ်တင်မြှောက်ခွင့် ရှိကြတယ်။ ရွေးချယ်တင်မြှောက်ခြင်း ခံရသူများ အနေဖြင့်လည်း ပြည်သူ့အကျိုးစီးပွားအတွက် ဥပဒေပြုခွင့် ရရှိကြမယ်။ ပြည်သူ့ဆန္ဒနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်ခြင်း၊ တရားမျှတစွာ ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းဝေစည်သော လူ့အသိုက်အမြုံကို ခံစားနိုင်မှာဖြစ်တယ်။ သို့ပေတဲ့ တရားမျှတပြီး လွတ်လပ်သော ပါတီစုံ ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုတာဟာ ပြည်သူ့လူထုတစ်ရပ်လုံးရဲ့ နိုင်ငံရေးအသိအမြင် ပြည့်စုံမှု၊ နိုင်ငံရေးအရ နိုးကြားတက်ကြွမှုဟာ အခရာကျတယ်လို့ ပညာရေး သုတေသနက ထောက်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အလှည့်အပြောင်းအတွက် အလွန်အရေးပါတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်မယ်လို့ ဆိုကြတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ-သန့်ရှင်းပါမှ ပြည်သူ့ ဆန္ဒအစစ်အမှန်ကို သိရမှာဖြစ်ပြီး ပြည်သူ့ကိုယ်စားပြုအစိုးရ၊ လွှတ်တော်များ ပေါ်ထွန်းလာမှာပါ။ အထူးသဖြင့် နိုင်ငံရေးပါတီများ၊ ဆန့်ကျင်ဖက်အုပ်စုများနှင့် လက်ရှိအာဏာရ ဦးသိန်းစိန်အစိုးရတို့ရဲ့ ဖက်ဒရယ် မြည်သံများ အနည်းငယ် ကျယ်လောင်လာနေတဲ့ ၂၀၁၅ နိုင်ငံရေးစင်မြင့်ဟာ တိုင်းရင်းသားတို့ အနှစ်နှစ်အလလက မျှော်ရည်တမ်းတခဲ့ရသည့် ဖက်ဒရယ်အိပ်မက်၏ အဦးအစလည်း ဖြစ်လေမည်လား။ တည်ဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ဖက်ဒရယ်အာမခံချက် မပေးထားသေးသည့်တိုင်၊ မိုင်တိုင်များစွာ ဝေးကွာနေသည့်တိုင် အဓိက နိုင်ငံရေးပါတီများနှင့် key players များထံမှ ရွေးကောက်ပွဲကာလအကြိုတွင် ကြားနာနေရသည့် ဖက်ဒရယ်အသံကိုတော့ တိုင်းရင်းသားပြည်သူတွေက မယုံတ၀က်၊ မုဒိတာစိတ်နဲ့  အံ့အားသင့်နေကြပါတယ်။ ဒီရွေးကောက်ပွဲအပေါ် ပိုမို ရင်ခုန်ချင်စရာ ဖြစ်မိကြတာဟာ မဆန်းပါဘူး။

မျိုးဆက်အလွန်ခြား ရွေးကောက်ပွဲမှာ စိုးရိမ်စရာ

ဒီနေရာမှာ စဉ်းစားစရာများစွာ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဟာ ၅ ကြိမ်မျှသာ ရှိပါသေးတယ်။ မျိုးဆက်များစွာ ခြားနားခဲ့ပြီးမှ ရွေးကောက်ပွဲများကို တစ်ကြိမ် ကျင်းပသလို ဖြစ်နေခဲ့တာပါ။ ပုံမှန်ဒီမိုကရေစီ တိုင်းပြည်တွေမှာတော့ ၃ - ၄ နှစ်တစ်ကြိမ် ကျင်းပကြရတယ်။ လွန်ခဲ့သော အနှစ် ၄၀ အတွင်း သုံးကြိမ်မျှသာ ရှိသေးတဲ့အပြင် စာသင်ကျောင်းများတွင် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီနိုင်ငံရေး သင်ခန်းစာများကို တစ်လုံးတစ်ပါဒမျှပင် လေ့ကျင့်သင်ကြားမှု မရှိခဲ့ခြင်းကြောင့် အခြေခံလူထုရဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိအမြင်တို့ အားနည်းနေလျက်ရှိပါတယ်။ ဒါဟာအင်မတန် စိုးရိမ်စရာ ကောင်းလှပါတယ်။ ရွေးကောက်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အများပြည်သူလူထု မသိကြကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မစ်ရှင်ဥက္ကဌ ဦးတင်အေးကိုယ်တိုင်က ၀န်ခံ ပြောဆိုထားတာပါ။

VoteVintageLaborရွေးကောက်ပွဲကျင်းပရန် လွန်စွာ နီးကပ်နေပြီးဖြစ်သော်လည်း အခြေခံပြည်သူများအကြားတွင် ရွေးကောက်ပွဲ၏ အနှစ်သာရနှင့် လုပ်ထုံးများ၊ မိမိ၏ မိသားစု၊ ရပ်ရွာ၊ ပြည်နယ်နှင့် နိုင်ငံအပေါ် အကျိုးသက်ရောက်ပုံများကို သိမြင်နိုင်မှု လွန်စွာ အားနည်း နေသေးကြောင်းကိုလည်း  လေ့လာတွေ့ရှိရပါသည်။ ဆန္ဒမဲပေးခြင်းဟာ လွန်စွာ တန်ဖိုးရှိလှတဲ့  မိမိတို့၏ ဒီမိုကရေစီနိုင်ငံသား အခွင့်အရေးတစ်ခုဖြစ်ကြောင်းကို သိရှိဖို့ လိုအပ်လှတယ်။ မဲစာရင်း မှန်ကန်ရေးမှာပင် ပြဿနာ ရှိနေပြီဖြစ်သည်။ မဲစာရင်းမှန်ကန်ရေး ရာခိုင်နှုန်း ၃၀ သာ တာဝန်ယူမည် ဆိုသည်မှာ တာဝန်မကျေရာရောက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မစ်ရှင် UEC အား ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တို့အပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် စိုးရိမ်ဖွယ်ရာ အခြေအနေများကို မီးမောင်းထိုးပြလိုက်ခြင်းပါ။ နိုင်ငံရေးအသိအမြင် အားနည်းခြင်းနဲ့  ရွေးကောက်ပွဲတွင် မသာမာခြင်းများကြောင့် နုနယ်လှတဲ့ ဒီမိုကရေစီစနစ်အတွက်လည်း အန္တရာယ်ရှိနေတတ်ပါတယ်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများက ရွေးကောက်ပွဲအကြောင်း ဗဟုသုတများနဲ့ ဆန္ဒမဲပေးခြင်းတို့ကို နယ်တိုင်းမှာ ပညာပေး ဆွေးနွေးနေကြတာကလည်း ကျေးဇူးတင်စရာပါ။ သို့ပေတဲ့ အသက်ကြီးမှ သင်ရတဲ့ ရက်ပိုင်းလောက် ဆွေးနွေးပွဲများထက်စာရင် စာသင်ကျောင်းတွေက လေ့ကျင့်သင်ကြားပေးလိုက်မှ ရင်ဘတ်ထဲကို ရောက်မှာပါ။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီများနှင့် ပါတီခေါင်းဆောင်များ အပါအ၀င် ပုဂ္ဂိုလ်အချို့အား လူမျိုးရေးနှင့် ဘာသာရေး အသုံးပြုပြီး ၀ါဒဖြန့် ပြောဆိုတိုက်ခိုက်မှုတွေ၊ လုပ်ကြံရေးသားမှုတွေ ပိုများလာနေတယ်။ ဒါဟာ ရွေးကောက်ပွဲ တည်ငြိမ်မှု ထိခိုက်နိုင်သည့်အပြင် နိုင်ငံ၏ ဂုဏ်သိက္ခာပါ ကျဆင်းစေပြီး သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်ရမည့်အပြင် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်အချို့က ပြောကြားထားလည်းရှိနေတယ်။ ဒါတွေဟာလည်း များမကြာမီ နှစ်အနည်းငယ်အတွင်း မဲဆန္ဒရှင်များဖြစ်လာကြမည့် လူငယ်ကျောင်းသားများ လေ့လာခွင့် ရရှိကြသင့်ပါတယ်။ ပါတီမူဝါဒများ၊ ကတိက၀တ်များ၊ တိုင်းပြည်လိုအပ်ချက်များ၊ မဲဆွယ်တရားနှင့် ၀ါဒဖြန့်ဝေခြင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း၊ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရေးသားလှုံ့ဆော်ချက်တို့ ကွဲပြားခြားနားစွာဖြင့် သုံးသပ်နိုင်ကြမည်။ မှန်ကန်သော ခံယူချက်ဖြင့် ရွေးချယ်မှု မှန်ကန်စွာ မဲဆန္ဒပေးနိုင်မှာဖြစ်တယ်။ တိုင်းပြည်ရဲ့ အနာဂတ်ပါ။ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိသော နိုင်ငံသားများ ဖြစ်လာစေဖို့ဆိုတာကတော့ စာသင်ခန်းများက လေ့ကျင့်သင်ကြားပေးရမယ်။

ရွေးကောက်ပွဲအကြောင်း သင်ကြားကြပါစို့ -

မွေးဖွားလာစဉ်က ဒီမိုကရေစီဆိုတာကို ဘယ်သူမှ သိမြင်နားလည်မှု မရှိပါဘူး။ လေ့ကျင့်သင်ကြားပေးမှသာလျှင် တတ်မြောက်နိုင်တဲ့ စွမ်းရည်တစ်မျိုးဖြစ်တယ်။ တရားမျှတစွာ ပြုမူလုပ်ကိုင်တတ်လာမယ်။ အကြောက်တရားကြောင့် မလုပ်ရဲ၊ မကိုင်ရဲတာမျိုးလည်းမဟုတ်ဘူး။ မတရားဘူး၊ မလုပ်သင့်ဘူးဆိုတာကို သိနားလည်လာလို့ မလုပ်တာမျိုးကို ဆိုလိုပါတယ်။ တရားသဖြင့် ဓမ္မနည်းလမ်းတကျ ပြုမူလုပ်ကိုင်ပြီး နေတတ်လာမယ်။

အခုလို ရွေးကောက်ပွဲချိန်ခါဟာ စာသင်ခန်းတွင်းမှာ ကျောင်းသူကျောင်းသားများအတွက် မဖြစ်မနေ လေ့လာဖို့ရာ အခွင့်အလမ်းတစ်ခုပါပဲ။ ဂျာနယ်များမှာ ပါရှိနေတဲ့ နိုင်ငံ ရေးပါတီများရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းများ၊ သတင်းများ၊ ဆောင်းပါးများကို လေ့လာဖတ်ရှုကြမယ်။ စာသင်ခန်းအတွင်းမှာ သုံးသပ်ဝေဘန်ကြမယ်။ ကဏ္ဍအသီးသီးမှာ သက်ဆိုင်ရာ ပါတီများရဲ့ မူဝါဒသဘောထားက ဘယ်လိုရှိသလဲ။ ဒီတိုင်းရင်းသားပြည်နယ်မှာ၊ ဒီမဲဆန္ဒနယ်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေက ဒီပြည်နယ်၊ ဒီဒေသအတွက် ဘာလုပ်ပေးမယ်လို့ ကတိက၀တ်ခံထားကြလဲ။ တကယ်လည်းပဲ လုပ်နိုင်မှာလား။ တိုင်းရင်းသားအရေးကိစ္စလိုမျိုး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်လိုမျိုးကို ဘယ်ပါတီတွေက လုပ်ကိုင်မယ်လို့ မဲဆွယ်နေကြသလဲ။ ဥပမာ ဖက်ဒရယ်ပြည်ထောင်စုအရေးကို ပါတီကြီးတွေက ထည့်သွင်းထားလာကြတာတွေ့ရတယ်။ ဒါပေမယ့် ဘယ်လိုနည်းလမ်းတွေနဲ့ တည်ဆောက်ကြမှာလဲ။ ရွေးကောက်ပွဲ ကတိက၀တ်တွေကို လုပ်နိုင်- မလုပ်နိုင် ဆွေးနွေးကြမယ်။ ဒီဘိတ်အခြေပြု သင်ကြားနည်းလမ်းတွေ၊ အုပ်စုအလိုက်ဆွေးနွေးမှုတွေ၊ သမ္မတလောင်း၊ အမတ်လောင်းနေရာတွေက မဲဆွယ်တရားဟောပြောစည်းရုံးတဲ့ role play လိုမျိုးတွေကို အသုံးပြုသင်ကြားနိုင်ပါတယ်။

တကယ်တော့ ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲများမှာ မဲဆန္ဒပေးခြင်းထက် ပိုမိုတဲ့ အခြားသော အရေးကြီးတဲ့ အဓိပ္ပါယ်တွေ များစွာ ရှိနေပါတယ်။ ဘ၀နေနည်းတစ်ခုလည်းဖြစ်ပြီး လူထုရဲ့ အသိပညာ၊ ကျွမ်းကျင်မှုစွမ်းရည်တွေနဲ့ စံတန်ဖိုးတွေ ရရှိစေတဲ့ အဓိကအချက်လည်းဖြစ်တယ်။ ဒါမှသာ ဒီမိုကရေစီနိုင်ငံသားဖြစ်လာမယ်။ ပြည်သူ့နီတိနဲ့ နိုင်ငံသားပညာရေးသင်ရိုးညွှန်းတမ်းက ဒီလို နိုင်ငံသားတွေဖြစ်လာဖို့ရာ တာဝန်ယူလေ့ကျင့် ပေးပါတယ်။  Civic ပြည်သူ့နီတိဘာသာရပ် သင်ရိုးရဲ့ အဓိက ဦးတည်ချက်ကတော့ ကျင့်ဝတ်နီတိကို လေးစားလိုက်နာတတ်ပြီး ဒီမိုကရေစီ နိုင်ငံသားတွေ ဖြစ်လာဖို့ပါပဲ။ လူ့အဖွဲ့အစည်းနဲ့ ရပ်ရွာမှာ နိုးကြားတက်ကြွတဲ့သူတွေ၊ ဒီမိုကရေစီစံနှုန်းတွေကို ခံစားသိမြင်ပြီး လိုက်နာကျင့်သုံးတဲ့သူတွေ၊ အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ကို နားလည်ကြတဲ့သူတွေ ဖြစ်လာအောင် လေ့ကျင့်ပေးခြင်းပါ။ ဒါဟာ ၂၁ ရာစု နိုင်ငံတကာ ကျောင်းပညာရေးမှာ အရေးကြီးတဲ့ မျှော်မှန်းချက် တစ်ခုလည်းဖြစ်ပါတယ်။ မသင်မနေရအဆင့် သတ်မှတ်ပြီး သေသေချာချာ လေ့ကျင့်ပေးကြရတယ်။

နိုင်ငံရေးသုခမိန်တွေ၊ ပညာရှင်တွေရဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆိုမိန့်ခဲ့တာတွေကိုလည်း ကျောင်းသားများဟာ လေ့လာခွင့် ရရှိသင့်ပါတယ်။ မက်ဟင်နရီဟောင်း (Mc. Henry Howe) က “သင်သည် နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်းမှုအဖြစ် ရွေးချယ်ခဲ့ပါက ရိုးသားသူဖြစ်ရန် မလွယ်ကူတော့ချေ၊”၊ သီအိုဒိုရုစဘဲ့ (Theodore Roosevelt) က - “အအောင်မြင်ဆုံးသော နိုင်ငံရေးသမားဆိုသည်မှာ အခြားသူများ တွေးတောစဉ်းစားနေသည့် အကြောင်းရပ်များကို အကျယ်လောင်ဆုံးနှင့် အကြိမ်အများဆုံး ထုတ်ဖော် ပြောဆိုသူဖြစ်သည်”၊ လူ့ခွစာ စာရေးဆရာကြီး ဘားနတ်ရှော (Bernard Shaw) ကတော့ “ဘာတစ်ခုမှ မသိပါပဲနှင့် အရာရာတိုင်းကို သိသည်ဟု ထင်မြင်ယူဆနေသူကား နိုင်ငံရေးသမားပင်တည်း”၊ အာရ်၊ အယ်၊ စတီဗင်ဆင်န် (R.L. Stevenson) ကမူ “မည်သည့်ပြင်ဆင်မှုမျိုးမှ မလိုဟု ထင်မြင်ယူဆခြင်း ခံရသည့် တစ်ခုတည်းသော အလုပ်အကိုင်မှာ နိုင်ငံရေးသမားအလုပ်ပင်ဖြစ်သည်”၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက “နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူက ပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး…။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာအကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်း လုပ်နေတဲ့ ကိစ္စဖြစ်တယ်။” -စတဲ့ နိုင်ငံရေး အဆိုအမိန့်တွေကို စုပေါင်းလေ့လာပြီး မျက်မှောက်ခေတ်နဲ့ ယှဉ်လို့ ပြန်လည်ဆွေးနွေးကြမယ်။

ဒါ့အပြင် မြန်မာမှု၊ မွန်မှုထဲမှာ ရှေးမွန်-ဗမာပညာရှိများ ထည့်သွင်းထားခဲ့ကြတဲ့ - တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့ ကျင့်ကြံရမယ့် အပရိဟာနယတရား ခုနှစ်ပါး၊ ရာဇောဝါဒသုတ္တန်လာ မင်းကျင့်တရား ၁၀ ပါး၊ ဗလ ငါးပါး၊ တိုင်းပြည်၏ ရတနာ ကိုးပါးကို မနှိပ်စက် မညှဉ်းပန်းရာလို့ဆိုထားတဲ့ ကာမဏ္ဍကီကျမ်း - စတဲ့ အနှစ်ချုပ်တွေကိုလည်း ပြည်သူ့နီတိလို ဘာသာရပ်မျိုး၊ ဒီမိုကရေစီနိုင်ငံရေး ခေါင်းစဉ်လိုမျိုးမှာ သင်ကြားပေးနိုင်တယ်။

ရွေးကောက်ပွဲ သင်ရိုးညွှန်းတမ်းနဲ့ ခေါင်းစဉ်များ

မြန်မာနိုင်ငံ၏ အိမ်နီးနားချင်း အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ ရပ်ရွာလူမှုအဖွဲ့အစည်း၊ ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့များနဲ့ ဆက်စပ်လို့ ပြည်သူ့နီတိနဲ့ နိုင်ငံသားပညာရေး ဘာသာရပ်ကို မူလတန်းအဆင့်များမှာကတည်းက လေ့ကျင့် သင်ကြားကြပါတယ်။ အမျိုးသားသင်ရိုးညွှန်းတမ်း စံနှုန်းများကို အသစ်တဖန်ပြန်လည် ပြုစုကြတဲ့အခါမှာ ပြည်သူ့နီတိနဲ့ နိုင်ငံသားပညာရေးကဏ္ဍကို တခုတ်တရ ထည့်သွင်းလာကြပါတယ်။

ပြည်သူ့နီတိ၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တတိယတန်းကနေ ဒသမတန်းအထိ (အသက် ၈ နှစ်ကနေ ၁၆ နှစ်အထိ) အတန်းတိုင်းမှာ လူမှုရေးဘာသာရပ်နဲ့ တွဲဖက်လို့ဖြစ်စေ၊ သီးသန့် သင်ကြားမှုအနေနဲ့ဖြစ်စေ တစ်ပတ်ကို အနည်းဆုံး ၂ ချိန်လောက် သင်ကြားပေးပါတယ်။ ၁၁ တန်းနဲ့ ၁၂ တန်းမှာ အထူးပြုဘာသာရ ပ်တစ်ခုအနေနဲ့လည်း ဘာသာတွဲရွေးချယ်မှုမှာ ထည့်သွင်းနိုင်ပါတယ်။ ဒါမှလည်း တက္ကသိုလ်မှာ အထူးပြုလေ့လာလိုသူတွေ၊ အနာဂတ်နိုင်ငံရေးသမားတွေအတွက် အခြေခံကောင်းတွေ ရမယ်မဟုတ်လား။

မူလတန်းအရွယ်တွေမှာ လေးစားမှုဆိုတဲ့ သင်ခန်းစာခေါင်းစဉ်ကို အသေအချာ သင်ကြား ပေးတယ်။ အထူးသဖြင့် တော့ မတူ ကွဲပြားတဲ့ လူမျိုး၊ ဘာသာတရားများအပေါ်မှာ လေးစားစွာနဲ့ ဆက်ဆံတတ်ဖို့ ရည်ရွယ်ပါတယ်။ ယှဉ်ပြိုင်ဖက်ကို လေးစားစွာ ပြုမူပြောဆို ဆက်ဆံတတ်ဖို့ဆိုတာဟာ ပညာရေးက လေ့ကျင့်သင်ကြားပေးမှ ဖြစ်နိုင်တယ်လို့ ခံယူထားကြတယ်။ ဒါဟာ ပါတီစုံရွေးကောက်ပွဲလို၊ ငြိမ်းချမ်းရေးတည်ဆောက်မှုလိုကိစ္စတွေမှာ မရှိမဖြစ် အခြေခံထားရမယ့် မေတ္တာစိတ်ပဲ မဟုတ်လား။ အပြန်အလှန် အမှီသဟဲပြု ရှင်သန်နေကြတယ်ဆိုတာကို သိမြင်လာဖို့ပါ။ မိမိရဲ့ အခွင့် အရေးနဲ့ လွတ်လပ်မှုအပေါ်မှာ တန်ဖိုးထားတတ်ခြင်းနဲ့ အခြားသူတစ်ပါးရဲ့ အခွင့်အရေး၊ လွတ်လပ်မှုကိုလည်း မထိပါးစေဖို့ သင်ကြားပေးတယ်။ အကြမ်းဖက်တဲ့၊ ခိုက်ရန်ဖြစ်ပွားတဲ့ နည်းလမ်းများနဲ့ ပြဿနာတွေကို မဖြေရှင်း ကြဖို့ရာကိုလည်း သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်း သင်ကြားပေးပါတယ်။ ကျေးရွာရပ်ကွက်လူကြီးကို ဒီမိုကရေစီနည်းကျ ဘယ်လို မဲပေး၊ ရွေးကောက်ကြသလဲဆိုတာ ဆဌမတန်းကျောင်းသားတွေ လေ့လာခွင့်ရကြတယ်။ ကြိုတင်မဲ၊ မဲလိမ်၊ မဲခိုး၊ မဲမပေးတဲ့ ဆိုးကျိုးကိုလည်း စာသင်ခန်းတွေမှာ ဆွေးနွေးခွင့် ရရှိကြတယ်။ ကျောင်းသားသမဂ္ဂကို ကျောင်းတိုင်းမှာ ဖွဲ့စည်းထားကြပြီး ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းတကျ ကျင်းပခြင်းဟာလည်း အနာဂတ်တိုင်းပြည်အတွက် အရေးပါတဲ့ ပညာရေးလုပ်ငန်းပါပဲ။ ကျောင်းသားတာဝန် မကျေပွန်ခြင်း၊ နိုင်ငံသားတာဝန် မကျေပွန်ခြင်း ခေါင်းစဉ်လိုမျိုးကိုလည်း သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းသင်ကြားကြတယ်။

အတန်းအဆင့်အလိုက် တတ်မြောက်ရမယ့် စွမ်းရည်များနဲ့ အသိပညာ ဗဟုသုတတွေကိုလည်း အတိအကျ ထည့်သွင်း ဖေါ်ပြထားတယ်။ ကျောင်းလုပ်ငန်းများမှာ၊ ရပ်ရွာလုပ်ငန်းများမှာ၊ တိုင်းပြည်မှာ လိုအပ်တဲ့ တာဝန်ယူရမယ့် မိမိတာဝန် ၀တ္တရားများကို ယူတတ်စေဖို့ ရည်ရွယ်ချက်လည်း ပါရှိတယ်။ သူတပါးကို ကူညီဖို့ရာလည်း စာသင်ခန်းအတွင်းမှာ ဆွေးနွေးကြတယ်။ တရားမျှတမှုဆိုတဲ့ ခေါင်းစဉ်ကို မိမိနယ်မြေနဲ့ ရပ်ရွာ၊ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေ၊ ပကတိ စစ်မှန်တဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွား ပြဿနာများကို အခြေခံပြီးတော့ ၉ တန်း၊ ၁၀ တန်းကျောင်းသားတွေဟာ စာသင်ခန်းများအတွင်းမှာ တွေးတောကြ၊ ဆွေးနွေးကြ၊ တင်ပြကြပါတယ်။ အခွင့်အာဏာအကြောင်း၊ အစိုးရဖွဲ့စည်းပုံ၊ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ပါလီမန်၊ ရွေးကောက်ပုံ၊ ဥပဒေပြု ပြဌာန်းပုံနဲ့ အစိုးရ အဆင့်အဆင့်ရဲ့ တာဝန်ဝတ္တရားများကိုလည်း သင်ခန်းစာအနေနဲ့ သင်ယူလေ့လာကြရတယ်။

လက်ရှိမြန်မာနိုင်ငံရေးစနစ်ဟာ pseudo-presidential system ဖြစ်ကြောင်း၊ အစိုးရနှင့် လွှတ်တော်အကြား check and balance ပျက်ပြားနေကြောင်းတို့ကိုလည်း လေ့လာခွင့် ရရှိသင့်ကြပါတယ်။ အများစုက တောင်ပြိုကမ်းပြိုနိုင်ခြင်း၊ မဲအပြတ်အသတ် နိုင်ခြင်းမှာလည်း “majority tyranny”, “tyranny of the masses” အန္တရာယ်ရှိကြောင်းတို့ကို သိရှိထားသင့်ပါတယ်။ လူနည်းစု တိုင်းရင်းသားများအတွက် ပိုပြီးတော့ သတိထားရမယ့် အချက်မဟုတ်ပါလား။

လက်ရှိမြန်မာပြည် အုပ်ချုပ်ရေးစနစ်နှင့် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၏ ကွာဟခြားနားချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှာ အခြားနိုင်ငံများ၏ လွှတ်တော်များတွင် မရှိခြင်း၊ သမ္မတကို ရွေးချယ်ကြပုံများ၊ ၀န်ကြီးချုပ်စနစ်နှင့် သမ္မတစနစ်တို့အကြား ခြားနားချက်၊ ပြည်နယ်ရွေးကောက်ပွဲစနစ်၊ ပြည်နယ်အစိုးရ ဖွဲ့စည်းပုံတို့ကို အထက်တန်းအဆင့်များနှင့် ကောလိပ်တို့တွင် အကျယ်တ၀င့် လေ့လာခွင့် ရရှိကြသင့်တယ်။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ လေ့လာစောင့်ကြည့်နေတဲ့ အချက် ၇ ချက်ကိုလည်း အထက်တန်း ကျောင်းသားများအနေနှင့် သိသင့်တယ် မဟုတ်ပါလား။ေ၀၀ါးမှုအချို့ဖြင့် ဒီချုပ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီရဲ့ အတွင်းပိုင်း အားပြိုင်မှု၊ မဘသနှင့် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများ၊ ဘင်္ဂလီဒုက္ခသည်အရေး၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်၊ စီးပွားရေး တုံ့ဆိုင်းမှုများ၊ တပ်မတော်သား လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းနှင့် မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍ - ဒီအချက် ၇ ချက်ဟာ စာသင်ခန်းများအတွင်းမှာ အကျယ်တ၀င့် လေ့လာခွင့် ရရှိသင့်တဲ့ ရွေးကောက်ပွဲနှင့် မြန်မာ့နိုင်ငံရေးခေါင်းစဉ်များပါ။ ဒီလိုလေ့လာဆွေးနွေးခွင့်တွေ ရရှိမှသာလျှင် မှန်ကန်တဲ့ ရွေးချယ်မှုကို စဉ်းစားဥာဏ်နှင့် ချမှတ်တတ်မှာပါ။ ပကတိ အခြေအနေများနဲ့ မျက်မှောက်ခေတ် တိုင်းရေးပြည်ရာကိုလည်း စိတ်ပါဝင်စားမှု ရရှိလာကြမယ်။

စာသင်ကျောင်းများက ပိုမို ကျေပွန်သင့်တဲ့ တာဝန်ကြီးတစ်ရပ်

လွတ်လပ်ရေး ရပြီးစ တခေတ်တခါက အသုံးပြုခဲ့ဖူးတဲ့ ပြည်သူ့နီတိသင်ရိုးညွှန်းတမ်းကို ပြန်လည် ဆန်းသစ်၊ အသက်သွင်းလို့ စာသင်ခန်းများမှာ အမြန်ဆုံး အသုံးပြုသင့်ပါတယ်။

အထူးသဖြင့်တော့ နောင်နှစ်အနည်းငယ်အတွင်း သိပ်မဝေးလှတဲ့ အနာဂတ်ကာလမှာ ဆန္ဒမဲပေးကြရတော့မယ့် ဒီနေ့ မူ၊ လယ်၊ ထက် ကျောင်းသားတွေကို ရွေးကောက်ပွဲအကြောင်း သင်ကြားပေးခြင်းဟာ ပိုမိုသေချာတဲ့ ဒီမိုကရေစီတိုင်းပြည်ကို ထူထောင်ခြင်းပါပဲ။ ဒီမိုကရေစီကို ယုယုယယ ပျိုးထောင်နေရဆဲ တိုင်းပြည်အတွက် မူလယ်ထက် အတန်းများမှာ သီးသန့်ဘာသာရပ်တစ်ခုအနေနဲ့ တစ်ပတ်ကို ၂ ချိန်လောက်ဖြစ်ဖြစ် ထားပြီး တိကျတဲ့ သင်ရိုးညွန်းတမ်း၊ သင်ခန်းစာများနဲ့ သင်ကြားရန် တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့ရဲ့ ကျောင်းဆရာဆရာမများဟာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကြီးတစ်ခု ဖြစ်လာစေရန် မဲရုံစောင့်ခြင်း၊ ကြီးကြပ်ခြင်းအလုပ်တို့ကို တိုင်းပြည်အတွက် တာဝန်သိသိ၊ ကျေကျေပွန်ပွန် လုပ်ပေးနိုင်ပါတယ်။ မဲရုံများကို ကြီးကြပ်ရေးတာဝန်ဖြင့် ရွေးကောက်ပွဲ ပုံရိပ်ကို မထိခိုက်စေဖို့ ဆရာဆရာမတို့ကို အားကိုးခြင်းအပေါ် အငြင်းမပွားလိုပါ။  သို့ပေတဲ့ ဒီမိုကရေစီနည်းလမ်း ကျနစွာနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် နိုင်ငံရေး အခြေခံ အသိတရားများကို ငယ်ရွယ်စဉ်မှာကတည်းက သင်ကြားပေးဖို့ရယ်၊ အနာဂတ်သမ္မတလောင်းများ၊ အမတ်လောင်းများကို ကျင့်ဝတ်နီတိနဲ့ ပြည့်စုံအောင်၊ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာတတ်အောင်၊ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီကို နှလုံးသားထဲရောက်အောင် သင်ကြား လေ့ကျင့်ပေးရမယ့် ပညာရေးရဲ့ မူလတာဝန်များကိုတော့ (မပျက်မကွက်) ပိုမို ကျေပွန်သင့်တယ် မဟုတ်ပါလား။

သိန်းနိုင် (မောက္ခပညာရေး)

ဖက်ဒရယ်ပညာရေး အပိုင်း (၁၇) သံလွင်တိုင်းမ်ဂျာနယ်၊ ၂၄ အောက်တိုဘာ ၂၀၁၅၊ မော်လမြိုင်မြို့။

Powered by Bullraider.com