လစ်ဘရယ်ပညာရေး (သို့မဟုတ်) ယူကေနိုင်ငံပညာရေးစနစ်

ပညာရေးကို တိုင်းပြည်၏ ထိပ်တန်းနိုင်ငံရေး အာဂျင်ဒါအဖြစ်ထားရှိသော နိုင်ငံ။ ကမ္ဘာ့ထိပ်တန်းပညာနိုင်ငံတော် စာရင်းဝင်။ ဥရောပတိုက်၏ ဒုတိယအကောင်းဆုံးပညာရေးစနစ်။ လစ်ဘရယ်ဒီမိုကရေစီပညာရေး ဘိုးအေနိုင်ငံ။ ရန်ကုန်တက္ကသိုလ်ကို ကိုလိုနီခေတ်ကာလနှင့် လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တစ်ခုအကြာ ကမ္ဘာ့အဆင့်မီတက္ကသိုလ်အဖြစ် ဂုဏ်တင့်စေခဲ့သော နိုင်ငံ။ နိုင်ငံအတွင်း မည်သည့်တက္ကသိုလ်မှပင် ဘွဲ့ရသည်ဖြစ်စေ တစ်ကမ္ဘာလုံးတွင် အဆင့်အတန်းရှိရှိ အလုပ်လုပ်ကိုင်နိုင်သော ကမ္ဘာကျော် တက္ကသိုလ်များ စုဝေးထားရှိရာ ပညာရပ်ဝန်းနိုင်ငံ။ အသိပညာစီးပွားရေးနှင့် အသိပညာဗဟိုပြု နိုင်ငံ။ ယခုအပတ်တွင် ပညာကျော်နိုင်ငံဖြစ်သည့် ဗြိတိသျှပညာရေးစနစ်နှင့် ပညာရေး၏ အုတ်မြစ် နိုင်ငံရေးဒဿနတို့ကိုဆွေးနွေးပါမည်။

စကော့တလန်၊ အင်္ဂလန်နှင့် ဝေလပြည်နယ်တို့ ဆက်စပ်တည်ရှိနေသော ကျွန်းကြီးမှာ ဂရိတ်ဗြိတိန်ဟု လူသိများသည်။ United Kingdom ယူကေနိုင်ငံကို Britain ဗြိတိန်နှင့် မသဲမကွဲဖြစ်လေ့ရှိကြသည်။ ယူကေတွင် မြောက်အိုင်ယာလန်၊ ဝေလ်းစ်၊ အင်္ဂလန်နှင့် စကော့တလန်တို့ စုပေါင်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ အိုင်ယာလန်ကျွန်းတွင် ယူကေပြည်ထောင်စုအဖွဲ့ဝင် သေးငယ်လှသော မြောက်အိုင်ယာလန်နယ်နှင့် ပိုမိုကြီးမားသော အိုင်ယာလန်သမ္မတနိုင်ငံတို့ ရှိကြသည်။  

ကလေးသူငယ်ဦးရေ ၉၀ ရာခိုင်နှုန်းကျော်မှာ အစိုးရကျောင်းများတွင် တက်ရောက်လျက်ရှိသည်။ အခြား ၁၀ ရာခိုင်နှုန်းမှာ ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်ကြသည်။ နာမည်ကျော် အစိုးရကျောင်းများ၊ ခရစ်ယာန်ကျောင်းများ၊ အစ္စလာမ်ကျောင်းများနှင့်  နည်းလမ်းသစ်ပညာရေးကျောင်း alternative schools ဟုခေါ်ဆိုနိုင်သည့် စတိန်နာ (သို့မဟုတ်) မွန်တက်ဆိုရီကျောင်းများတွင် ဖြစ်သည်။ home-school ဟု လူသိများလာသည့် နေအိမ်မှာပင် အစိုးရပညာရေးနှင့် ချိတ်ဆက်ကာ ၀ိုင်းဖွဲ့သင်ကြားမှုများလည်း ခေတ်စားလာနေသည်။ အသက် ၅ နှစ်အရွယ်မှစတင်ကာ မသင်မနေရ ပညာရေးဖြစ်သော်လည်း မူကြိုကျောင်းများတွင် တက်ရောက်သူဦးရေ တိုးပွားလို့လာသည်။ အများစုအတွက်မူ အသက် ၃ နှစ်အရွယ်မူကြိုပညာရေး စတင်သည်မှ အသက် ၁၁ နှစ်အရွယ်တွင် မူလတန်းပညာရေး primary education ပြီးဆုံးသည်။ အထက်တန်းကျောင်းများသို့ ဆက်လက်တက်ရောက်ကြသည်မှာ တရားဝင် မသင်မနေရ ပညာရေးဥပဒေအရ အသက် ၁၆ နှစ်အထိ ဖြစ်သည်။

အသက် ၁၆ ကျော် ပညာရေးကို ရှေ့ဆက်ပညာရေး Further eduaction (FE) ဟူ၍ ခေါ်ဆိုကြသည်။ ကျောင်း သားအများစုမှာ အသက် ၁၈ နှစ်ပြည့်သည်အထိ အထက်တန်းကျောင်းများတွင် တက်ရောက်ကြသည်။ ကျောင်းသားအချို့အတွက် အစိုးရထောက်ပံ့ကြေး ခံစားခွင့် ရှိသည်။ အထက်တန်းအထက်ဆင့် ပညာရေးကို စာသင်ကျောင်းများတွင်သာမကဘဲ အခြားသော သက်မွေးသင်တန်းများနှင့် ကောလိပ်ကျောင်းများ တွင်လည်း တက်ရောက်လေ့လာနိုင်ကြသည်။ FE ကျောင်းများတွင် အထက်တန်းပညာရေးအောင်လက်မှတ် General Certificate of Secondary Eduation (GCSE) သင်ရိုးညွန်းတမ်းအပြင် အခြားသော သက်မွေးဝမ်းကျောင်းပညာရပ်များ၊ အလုပ်အကိုင်အခြေပြု လေ့လာမှုများ work-based learning နှင့် ရပ်ရွာ လူမှုအသိုက်အ၀ိုင်းအခြေပြု လေ့လာမှုများ community based activities များကိုလည်း ထည့်သွင်းသင်ကြားကြသည်။ ဘွဲ့သင်တန်းများကို တက်ရောက်နိုင်သည့် တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများကို အဆင့်မြင့်ပညာရေး higher education ဟူ၍ ခေါ်ဝေါ်ကြသည်။ အသက် ၁၄ နှစ်မှ ၁၉ နှစ်အရွယ်အထိ ပညာရေးသင်ရိုးညွှန်းတမ်းသစ်ကို အင်္ဂလန်နှင့် ဝေးလ်စ်ပြည်နယ်တို့တွင် ထားရှိပြီဖြစ်လေရာ အထက်တန်းပညာရေးနှင့် သက်မွေးပညာရေးအကြား နယ်နိမိတ်မှာ ကျဉ်းမြောင်းလို့လာနေသည်။

ယူကေပညာရေးစနစ်တွင် တစ်မျိုးစားတည်း၊ တစ်ပုံစံတည်းဟူ၍ မရှိပါ။ ၁၉၉၀ ပြည့်လွန်နှစ်များက နိုင်ငံရေး အခွင့်အာဏာကို ပိုမို ခွဲဝေပေးခဲ့သည့်နောက်ပိုင်းတွင် အင်္ဂလန်တွင် ကျင့်သုံးနေသော ပုံစံများကို ဝေလပြည်နယ်က ကျင့်သုံးချင်မှ ကျင့်သုံးကြ၏။ စကော့တလန်နှင့် မြောက်အိုင်ယာလန်ပြည်နယ်တို့မှာလည်း သူ့တို့ပြည်နယ်ကိုယ်ပိုင်စနစ်နှင့် ကျင့်သုံးကြသည်။ အင်္ဂလန်နယ်အတွင်းမှာပင် မတူကွဲပြားခြားနားခြင်းများဖြင့် ပညာရေးစနစ်ကို တွေ့မြင်ရသည်။ ကလေးအများစုမှာ primary မူလတန်း (၁၁ နှစ်အရွယ်) ပြီးဆုံးသည့်အခါ အထက်တန်းပညာရေး secondary schools သို့ ဆက်လက်တက်ရောက်ကြသော်လည်း နယ်ဖက်များတွင် ရှေးဦးသင်ပညာရေး First, အလယ်တန်းပညာရေး middle, နှင့် အထက်တန်းအထက်ဆင့်ပညာရေးကျောင်းများဟူ၍ စနစ်ကွဲပြားနေတတ်သည်။

liberal

အစိုးရကျောင်းများ State schools

ယူကေကျောင်းအများစုမှာ အစိုးရက ငွေကြေး ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး မိဘများအနေဖြင့် ကျောင်းစားရိတ်ပေးရန် မလိုအပ်ပါ။ ကျောင်းများကို ထောက်ပံ့သည့်ငွေမှာ အခွန်များမှ ရရှိခြင်းဖြစ်သည်။ ကျောင်းအများစုကြီးမှာ ဒေသခံ အာဏာပိုင်များထံမှ ဘဏ္ဍာငွေကြေး အကူအညီကို ရရှိကြခြင်းဖြစ်သည်။ ဒေသန္တရအပိုင်အတွင်းရှိ ပြည်သူများထံမှ အခွန်တော်ငွေများနှင့် အစိုးရထောက်ပံ့ငွေများဖြစ်သည်။ ကျောင်းများသို့ မည်မျှပံ့ပိုးရမည်ကို ဒေသန္တရ အာဏာပိုင်များက ဆုံးဖြတ်ကြသည်။ သို့သော် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ကြီးများတွင်လည်း ဤဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး သြဇာလွှမ်းမိုးမှုရှိသည်။ ကျောင်းအဆောက်အဦများ ထိန်းသိမ်းရေးနှင့် ကလေးများအားလုံးအတွက် လုံလောက်သော စာသင်ခန်းများ ရရှိရေးတို့ကို ဒေသန္တရအာဏာပိုင်များက တာဝန်ယူဆောင်ရွက်ရသည်။

ဝေလပြည်နယ်နှင့် စကော့တလန်ပြည်နယ်တို့တွင် ကျောင်းတိုင်းလိုလိုမှာ ဒေသန္တရအစိုးရများ၏ ဘဏ္ဍာငွေကြေး ထောက်ပံ့မှုဖြင့် ရပ်တည်ကြသော်လည်း အင်္ဂလန်နယ်တွင်မူ ကျောင်းများက အင်္ဂလန်နယ် ပညာရေးဝန်ကြီး၊ သို့မဟုတ် ငွေကြေးထောက်ပံ့သည့် စီးပွားရေးလုပ်ငန်းနှင့် အလှူရှင်များထံသို့ တိုက်ရိုက်အစီရင်ခံ တင်ပြခြင်းများ တိုးပွားလာနေသည်။ အကယ်ဒမီဟူ၍ လူသိများလာသည့် အစိုးရကျောင်းအချို့မှာ ပြည်နယ်ပညာရေးဝန်ကြီးထံမှ အကူအညီ တိုက်ရိုက်ရရှိကြသည်။ ကျောင်းများကို ဘဏ္ဍာငွေကြေး ရန်ပုံငွေ ထောက်ပံ့ပေးခြင်းမှာ ကျောင်းက ရရှိသော ငွေကြေးပမာဏအပြင် အခြားသော သက်ရောက်မှုလည်း ရှိနေသည်။ မည်သူက ထောက်ပံ့ပြီး ထိန်းချုပ်ထားပါသနည်း၊ အဘယ်ကြောင့်ဆိုသော် သူတို့တွင် ကျောင်းလည်ပတ်မှု ပုံစံများနှင့် သင်ရိုးညွှန်းတမ်းများအပေါ်တွင်လည်း သြဇာသက်ရောက်မှု ရှိနေသည့်အတွက်ဖြစ်သည်။

ပုဂ္ဂလိကကျောင်းများ

ရှေးယခင်ကာလများကတည်းက ချမ်းသာကြွယ်ဝသောသူများ၏ သားသမီးများမှာ ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်သည့် အစဉ်အလာရှိသည်။ ဥပမာအနေဖြင့် ဟာရိုး Harrow ကျောင်းများတွင် ၁၆ ရာစုကတည်းကပင် တပည့်များကို လက်ခံခဲ့သည်။ ၁၉ ရာစုတွင် အလယ်အလတ်တန်းစား လူဦးရေ တိုးပွားလာခဲ့ခြင်းကြောင့် ယောက်ျားလေးများအတွက် သီးသန့် ပုဂ္ဂလိကကျောင်းများ ပေါ်ထွက်လာခဲ့သည်။ မျက်မှောက်ခေတ် အင်္ဂလန်၏ အထင်ကရ နာမည်ကြီး အစိုးရကျောင်းများနှင့် ကျောင်းလခပေးရသည့် သီးသန့်ကျောင်း independent schools များမှာ ထိုကာလတွင် စတင်ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ ၂၀ ရာစုသို့ ၀င်ရောက်လာသည့်အခါတွင်မှသာလျှင် မိန်းကလေးများ ကျောင်းနေခွင့် ရရှိလာခဲ့သည်။ အင်္ဂလန်တွင် ကျောင်းအနည်းစုမှာ ဘာသာရေးအပေါ်တွင် အခြေပြု တည်ထောင်ထားကြသည်။ မူဆလင်ကျောင်း ၁၂၆ ကျောင်းရှိပြီးလျှင် ပုဂ္ဂလိအလှူရှင်များဖြင့် ရပ်တည်ကြသည်။ ကက်သလစ်ဘာသာနှင့် အင်ဂလိကန်ဘာသာအခြေပြု စာသင်ကျောင်းများမှာမူ အစိုးရအထောက်ပံ့ဖြင့် ရပ်တည်ကြသည်။ ပုဂ္ဂလိကကျောင်းများတွင် ကျောင်းသားဦးရေ၏ ၇ ရာခိုင်နှုန်းမျှရှိသည်။

ကျောင်းသမိုင်း

ကျောင်းဟု ဆိုလိုက်သည်နှင့် အဆောက်အဦများကိုသာ ပြေးမြင်ကြလေ့ရှိသည်။ အသစ်ဖြစ်ချင်ဖြစ်မည်။ ဟောင်းနွမ်းနေမည်။ ဂိတ်တံခါးများနှင့် ခြံစည်းရိုးများ၊ ကျောင်းနား ယာဉ်ကူးမျဉ်းကျားနှင့် အချက်ပြမီး၊ လမ်းကူအကူ အမျိုးသမီးကြီး lollipop lady၊ မနက်ခင်းများနှင့် ကျောင်းဆင်းချိန်တို့တွင် ကျောင်းဘေးလမ်းများ ကားပြည့်ကျပ်ခြင်း။ မည်သည့်ရပ်ကွက်တွင်မဆို ကျောင်းတစ်ကျောင်းတော့ ရှိနေတတ်ပြီး ရပ်ရွာလူမှုအသိုက်အ၀ိုင်းမှာ ယင်းကို ဗဟိုထားသည့် သဖွယ်ပင်။ အရေးပါသော နေရာများဖြစ်သော်ငြားလည်း ထူးမခြားနားလည်း ဖြစ်နေတတ်သည်။ အဲဒီနေရာမှာ အဲဒီလိုမျိုး ရှိနေတာပါပဲ.. အမြင်မျိုးရှိတတ်ကြသည်။ အမှန်တကယ့်တော့ ကျောင်းဆိုသည်မှာ လူ့သမိုင်းမျဉ်းတွင် သိပ်တော့ မကြာသေးပါ။ နှစ်ပေါင်း ၁၄၀ နီးပါး သက်တမ်းမျှသာ ရှိသေးသည်။ ကျောင်းမတိုင်မီကလည်း လူသားမျိုးနွယ်တို့ အစဉ်အဆက် ပျော်ရွှင်မှုအတိဖြင့် တိုးတက်ခဲ့ကြသည်သာ။ နှစ်ထောင်ပေါင်းများစွာ မဟုတ်လား။ ယခုမှ ဘာကြောင့် ကျောင်းထောင်ရပါမည်နည်း။ ဤသည်ကို သိနားလည်ရန်အတွက် အင်္ဂလန်၏ နောက်ခံကျောင်းသမိုင်းနှင့် လက်ရှိ လူမှုရေး၊ စီးပွားရေးစနစ်တို့ကို သဘောပေါက်ထားရန် လိုအပ်ပါ၏။

၂၀ ရာစုအတွင်း အင်္ဂလန်နှင့် ဝေလပြည်နယ်တို့တွင် ပညာရေးဖြစ်ထွန်းလာခဲ့မှု သမိုင်းကြောင်းမှာ ပြည်နယ်ကျောင်း သမိုင်းပင်ဖြစ်သည်။ မူလတန်း၊ အထက်တန်းနှင့် ရှေ့ဆက်ပညာရေး၊ တက္ကသိုလ်ပညာရေးတို့ကို ဖန်တီးတည်ဆောက်ခဲ့ခြင်းဟူ၍လည်း ဆိုနိုင်ပါသည်။ အာဏာရ အစိုးရအဆက်ဆက်တို့က ကျောင်းကို တက်ရောက်ခွင့် ရရှိသူတို့ကို ရွေးချယ် ဆုံးဖြတ်ခဲ့ကြသည်။ ကျောင်းဖွဲ့စည်းပုံကိုလည်း ချယ်လှယ်ခဲ့ကြသည်။ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားပုံတို့တွင်လည်း ပါဝင်ခဲ့သည်။ စကော့တလန်ပြည်နယ် ပညာရေးမှာမူ အဦးအစကပင် အင်္ဂလန်နှင့် ဝေလပြည်နယ်တို့နှင့် မတူ၊ သီးခြားဖြစ်တည်ခဲ့သည်။ သို့သော် အဆင်တူ၊ အသွေးတူခဲ့သည်။ နှစ် ၁၄၀ ကျောင်းသမိုင်းကို အကျဉ်းချုပ်တင်ပြရန်မှာမူ မလွယ်ကူလှပါ။ သို့သော် သက်တမ်း ၄ ခု ပိုင်းခြားတင်ပြနိုင်ပါသည်။

ဖြစ်စဉ်များမှာ ရိုးစင်းလှပြီး တဆက်တည်းလည်း ဖြစ်သည်။ ကလေးအများစုကြီး ကျောင်းနေခွင့် ရရှိလာခဲ့သည်။ ကျောင်းနေနှစ်လည်း ပိုမို ကြာရှည်လာခဲ့သည်။ ပညာရေးရန်ပုံငွေကို ပိုမို သုံးစွဲလာခဲ့သည်။ အစိုးရတို့ကလည်း အခွန်ပေးဆောင်သူ ပြည်သူ့ဘဏ္ဍာငွေကို ပညာရေးတွင် ထိရောက်စွာ သုံးစွဲကြစေရန် ၀င်ရောက်စီမံသည်။ အားလုံး အစီအစဉ်တကျဟူ၍ ရှုမြင်ဖွယ်ရာဖြစ်သည်။ ထင်သာမြင်သာဖြစ်သည်။ ၂၁ ရာစုတွင်လည်း ပြဿနာ မရှိဟူ၍ ထင်မြင်ယူဆဖွယ်ရာလည်းဖြစ်သည်။ သို့ရာတွင် အနည်းငယ်မျှလောက် ထဲထဲဝင်ဝင် လေ့လာကြည့်မည်ဆိုပါက ပညာရေး ပြုပြင်ပြောင်းလဲမှု အဆင့်တိုင်းတွင် တိုက်ပွဲဝင်ခဲ့ရသည်ချည်းပင်။ ပညာရေးအပေါ် မတူကွဲပြားသော အမြင်များဖြင့် ရှိနေခဲ့သည်။ ဤခြားနားသော အမြင်များကို သိနားလည်ရန်အတွက် နိုင်ငံတော်က ပညာရေးတွင် တာဝန်ယူမှုအပိုင်းနှင့် နိုင်ငံရေးဒဿနများ၏ လွှမ်းမိုး သက်ရောက်မှုများကို လေ့လာရန် လိုအပ်ပါမည်။ ကျောင်းဖွဲ့စည်းပုံမှသည် စတင်ကာ သင်ရိုးညွှန်းတမ်းပါ အချက်အလက်များအထိ ဖြစ်သည်။

ပညာရေး၊ နိုင်ငံတော်နှင့် ဒဿနတရားများ

ယူကေပြည်ထောင်စုနိုင်ငံ၏ လွန်ခဲ့သော အနှစ် ၁၀၀ ပညာရေးဖွံ့ဖြိုးပြောင်းလဲလာခဲ့ပုံတွင် အဓိကကျသော အချက်မှာ နိုင်ငံတော်၏ အခန်းကဏ္ဍပင်ဖြစ်သည်။ ဤတွင် မေးခွန်းအချို့ ရှိနိုင်ပါသည်။ “နိုင်ငံတော်” ဆိုသည်မှာ အဘယ်နည်း။ မွေးဖွားသည်မှ သေဆုံးသည်အထိ လူထု၏ဘ၀ကို အဘယ်ကြောင့် လွှမ်းမိုးမှု ရှိရပါသနည်း။ အဓိပ္ပါယ်ဖွင့်ဆိုရန်မှာတော့ လွယ်ကူလွန်းလှသည်မဟုတ်ပါ။ သို့သော် “နိုင်ငံတော်” ၏ သြဇာသက်ရောက် လွှမ်းမိုးမှုကိုတော့ နိစ္စဓူဝ ခံစားသိမြင်နိုင်ပါသည်။ အင်စတီကျူးရှင်းများ၏ အစုအဝေးဟူ၍ ရှုမြင်နိုင်ပြီး တိုင်းပြည်တွင် အာဏာပိုင်စိုးမှုကို ရရှိထားခြင်းဖြစ်သည်။ ဥပဒေပြုသော အစိုးရအဖွဲ့လည်း ပါရှိမည်။ အစိုးရအဖွဲ့ကို အကြံပြုသော ၀န်ထမ်းအဖွဲ့အစည်းများနှင့် မူဝါဒများကိုလည်း အကောင်အထည်ဖော်ပေးသည့် ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများလည်း ပါမည်။ တရားစီရင်ရေးမဏ္ဍိုင်က တရားဥပဒေစိုးမိုးရေးကို တာဝန်ယူသည်။ ဤအင်စတီကျူးရှင်းများ၏ ကွန်ယက်သဘော ဆက်စပ်၊ ယှက်နွယ်မှုကို နားလည်ရန်မှာ သိပ်တော့မလွယ်ကူလှပါ။ အင်္ဂလန်မှာမူ လက်ရှိအစိုးရမှာ အာဏာအရှိဆုံးဖြစ်သည်ကိုတော့ ငြင်းဆိုစရာမရှိပါ။ သို့ဖြစ်ခြင်းကြောင့် “နိုင်ငံတော်” ဟုဆိုသော်ငြားလည်း ကြားနေလိမ့်မည် မဟုတ်။ အာဏာရ ပါတီ၏ နိုင်ငံရေး ခံယူချက်ကို ကိုယ်စားပြု သက်ဝင် လှုပ်ရှားခြင်းပင် မဟုတ်ပါလော။

ယူကေတွင် အမျိုးသားအစိုးရများမှာ ပညာရေးအပေါ်တွင် များစွာ လွှမ်းမိုးမှုရှိနေသည်။ သူတို့၏ ဆုံးဖြတ်ချက်များတွင် နောက်ခံနိုင်ငံရေးပါတီများ၏ ခံယူချက်တို့ကို ရောင်ပြန်ဟပ်တတ်သည်။ မျက်မှောက်ခေတ်၏ တိုင်းရေးပြည်ရာများနှင့်လည်း ဆက်စပ်နေသည့် ပါတီ၏ ယုံကြည်မှုတို့လည်း ရှိနေတတ်သည်။ အလွယ်ကူဆုံးလေ့လာကြည့်မည်ဆိုပါက အဓိကနိုင်ငံရေးအတွေးအမြင် ဒဿန ၂ ရပ်ကို တွေ့မြင်ရမည်။ ဤသည်မှာလည်း လွန်လေပြီးသော အနှစ် သုံးရာ နိုင်ငံရေးသမိုင်း၏ နောက်ခံဟုပင်ဆိုနိုင်ပါသည်။ ပထမဒဿနမှာ လစ်ဘရယ်ဝါဒ liberalism ဖြစ်ပြီးလျှင် များမကြာသေးမီက ခေတ်သစ်လစ်ဘရယ်ဝါဒ neo-liberalism အဖြစ် အသွင်ပြောင်းလာခဲ့သည်။ ဒုတိယဒဿနမှာ ဆိုရှယ်ဒီမိုကရေစီ Social democracy ဖြစ်သည်။ ဤ အတွေးအမြင် ၂ ရပ်အပေါ်တွင် သိမြင်နားလည်ထားရှိခြင်းဖြင့် ၂၀ ရာစု ပညာရေးဖြစ်စဉ်ကို လေ့လာရာတွင် အထောက်အကူဖြစ်ပါလိမ့်မည်။

လစ်ဘရယ်ဝါဒ Liberalism

ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် သက်ရောက်မှု အများဆုံးရှိနေသော နိုင်ငံရေးဒဿနဖြစ်သည်။ အနောက်နိုင်ငံများကို လစ်ဘရယ်ဒီမိုကရေစီဟူ၍ ယေဘုယျ ခေါ်ဆိုလေ့ရှိသည်။ ၁၄ ရာစုကပင် စတင် သုံးစွဲလာခဲ့သော်လည်း ၁၉ ရာစု အလယ်လောက်မှ တွင်ကျယ်လာခဲ့သည်။ ယင်းအချိန်လောက်က အသစ်ပေါ်ထွန်းလာသော လူလတ်တန်းစားတို့၏ အကျိုးစီးပွားနှင့် မြေရှင်ပဒေသရာဇ်တို့၏ အကြွင်းမဲ့အာဏာတို့အကြား ပဋိပက္ခများကို ထင်ဟပ်သည်။ လစ်ဘရယ်ဝါဒီများသည် အစိုးရမှ ၀င်ရောက်စွက်ဖက်မှု ကင်းသော စက်မှုနှင့် ဈေးကွက် စီးပွားရေးစနစ်ကို ထောက်ခံတင်ပြခဲ့ကြသည်။ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသော်လည်း “အတွေးအခေါ် ပွင့်လင်းခြင်း” နှင့် “လွတ်လပ်စွာ ရွေးချယ်ခြင်း” ဟူ၍ မျက်မှောက်ခေတ်တွင် ဖွင့်ဆိုကြလေ့ရှိသည်။

တချိန်မဟုတ် တချိန်ချိန်တွင် ဗြိတိန်၏ နိုင်ငံရေးပါတီအားလုံးတို့က ထဲထဲဝင်ဝင် လေ့လာလိုက်စားကြသော ဒဿနဟု ဆိုနိုင်ပါသည်။ ဗြိတိန်ကို ယှဉ်တွဲရှုမြင်သည့် အတွေးအခေါ်စံဟူ၍ပင် ဆိုရလောက်အောင်ဖြစ်သည်။ ဤလစ်ဘရယ်ဝါဒ၏ ဗဟိုချက်မတွင်တော့ “တစ်သီးပုဂ္ဂလ အခွင့်အရေး” individualism အပေါ် ကာကွယ်စောင့်ရှောက်ခြင်း အယူအဆပင်ဖြစ်သည်။ ငွေကြေးဥစ္စာ ချမ်းသာ ကြွယ်ဝလာစေရန် မည်သူမဆို လွတ်လပ်စွာ ကြိုးစားလုပ်ဆောင်ခွင့် ရှိသည်။ နိုင်ငံတော်မှ ကြားဝင်ဟန့်တား နှောက်ယှက်မှု လုံးဝ မရှိစေဘဲ အစွမ်းကုန် ကြိုးစားပိုင်ခွင့်ရှိနေသည်။ ဤဒဿန၏ ယှဉ်တွဲပုံဖော်ချက်မှာ မည်သူမဆို မိမိလုပ်ရပ်ကို မိမိကပင် “တာဝန်ယူ၊ တာဝန်ခံ” ရမည်ဟူ၍ဖြစ်သည်။ ဤအစဉ်အလာ ဒဿနအရ နိုင်ငံတော်ထက် တစ်ဦးချင်းစီ၏ လွတ်လပ်မှုကို ပိုမို ဦးစားပေးခြင်းပင်ဖြစ်သည်။ နိုင်ငံတော်အဖွဲ့အစည်းများနှင့် အစိုးရများကို (မရှိမဖြစ်) လိုအပ်သော မိစ္ဆာဆိုး necessary evil အနေဖြင့် ရှုမြင်ပြီး အကြင်သူတစ်ဦးစီ၏ ဘ၀ရပ်တည်ရှင်သန်မှုတွင် အနည်းဆုံး၊ အနိမ့်ဆုံးသာလျှင် ပါဝင်ခွင့်ပြုသင့်သည်ဟု လစ်ဘရယ်ဝါဒီတို့က ယူဆလေ့ရှိသည်။

လစ်ဘရယ်ဝါဒ၏ တစ်သီးပုဂ္ဂလသဘောကို ရှင်တော်မြတ်ဗုဒ္ဓ၏ တရားဒေသနာများတွင်ပါရှိသော “အတ္တာဟိ၊ အတ္တာနော နာထော” မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်ပေ၏ - ဒဿနနှင့်ယှဉ်တွဲ လေ့လာနိုင်ပါလိမ့်မည်။ အကြင်သူတစ်ဦး၏ အသိဥာဏ်ပညာ၊ လုံ့လ၊ ၀ီရိယကို အဓိက အားကိုးအားထားပြုပြီး ဘ၀ခရီး၊ သံသရာခရီးကို လျှောက်လှမ်းရမည်ဟု ဆိုဆုံးမထားချက်မှာ ဥရောပ liberal ၀ါဒလာ “မိမိသည်သာ မိမိ၏ အရှင်သခင်ဖြစ်သည်” - ဟူသော အဆိုအမိန့်နှင့် သဘောညီကြောင်း လေ့လာနိုင်ပါသည်။ မြန်မာစာသင်ခန်းများအတွင်း ကျင့်ကြံမှုများနှင့် အမျိုးသားပညာရေးပေါ်လစီများ ချမှတ်ရာတွင် ရာစုထောင်ချီနေသည့် မြန်မာမှုထဲမှ ဤအတွေးအမြင်မှာ ၂၁ ရာစု နိုင်ငံတကာပညာရေး စံနှုန်းများနှင့်လည်း ကိုက်ညီလှသည်။

တစ်သီးပုဂ္ဂလ၀ါဒ individualism အပေါ် ယုံကြည်မှုသည် ဗြဟ္မစိုရ်တရားထဲမှ သည်းခံခြင်းတရား “ခန္တီ” tolerance ကိုလည်း ထွန်းကားစေသည်ဟုဆိုရမည်။ တစ်သီးပုဂ္ဂလရှင်သန်ခြင်း၊ တစ်ဦးချင်း၏ ပုဂ္ဂလသဘောကို အလေးထား၊ ဗဟိုပြု လက်ခံကျင့်သုံးသည့် လူ့အဖွဲ့အစည်းအတွင်းတွင် လုပ်ခလစာနှင့် ချမ်းသာကြွယ်ဝမှုတို့ မညီမျှခြင်းကို ကြုံတွေ့ရလေ့ရှိသည်။ ကျိုးကြောင်းပြချက်တော့ ရှိနေပါသည်။ မိမိဘ၀နှင့် ကံကြမ္မာအပေါ် မိမိကသာလျှင် တာဝန်ယူခြင်းဟူ၍ပင်။ ဘ၀ဆိုသည်မှာ အားလုံးက အဆင့်ဆင့် တက်လှမ်းရမည့် လှေကားထစ်ဟူ၍ ရှုမြင်ခြင်းလည်းဖြစ်သည်။ အခြားသူများထက် အချို့မှာ မွေးရာပါ ဗီဇသဘောအရ စွမ်းဆောင်ရည်တဲလန့် talent ပါရှိမည်။ အချို့ကား ကြိုးစားအားထုတ်မှု effort တွင် အလေးသာနိုင်သည်။ ဤသည်မှာလည်း လောကဓမ္မတာပင်။ ပညာရေးမူဝါဒနှင့် စပ်လျဉ်းသည်မှာတော့ လူ့အထက်တန်းလွှာ အီလစ်များ ပျိုးထောင်ခြင်းနှင့် စွမ်းဆောင်ရည် မတူကွဲပြားသည့် ကလေးများကို ကျောင်းသီးသန့် ထားရှိခြင်းတို့ဖြစ်နိုင်သည်။ တန်းတူညီမျှခြင်း ဖြစ်စေရန် တည်ဆောက်မှုကိုတော့ ဦးစားပေး စဉ်းစားခြင်း မရှိပါ။ ဤသည်ပင်လျှင် အင်္ဂလန်ပညာရေးကို တည်ဆောက်ထားရှိခြင်း၏ အခြေခံအုတ်မြစ်ဟူ၍ ဆိုနိုင်ပါသည်။ ပညာရေးမူဝါဒတွင် ပါရှိသော အားလုံးအတွက် ပညာရေးစံတန်ဖိုးများဖြင့် ပြန်လည် ထိန်းညှိထားသည်။

ခေတ်သစ်လစ်ဘရယ်ဝါဒီများ neo-liberalism က လူ့သဘာဝကို ပိုမို၍ အပြုသဘောဆောင်သော အမြင်ဖြင့် ရှုမြင်လာကြသည်။ သူတို့က လူတစ်ဦးချင်းစီသည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်အားဖြင့် လူမှုရေးတာဝန်ရှိကြသည်။ အထူးသဖြင့် မိမိကိုယ်ကိုယ် မိမိ တာဝန်ယူနိုင်စွမ်း မရှိသောသူများကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ရှိသည်ဟု လက်ခံ ယုံကြည်ကြ၏။ လူ့သဘာဝသည် “အတ္တ” ကိုယ်ကျိုးကိုသာ ကြည့်တတ်သည် - ဟူသော အမြင်သည်လည်းကောင်း၊ အများကို ကြည့်ရှုရန်လိုသည် ဟူသော “ပရဟိတ” အမြင်သည်လည်းကောင်း၊ မည်သို့ပင် ကွဲပြားသော်ငြားလည်း လူတစ်ဦးချင်းစီအနေဖြင့် မိမိ၏ ကိုယ်စွမ်း၊ ဥာဏ်စွမ်းကို အမြင့်မားဆုံး၊ အကောင်းဆုံး ဖွံ့ဖြိုးစေသင့်သည်ဟူသော liberal ပညာရေးအမြင်တွင် ရှေးဟောင်းနှင့် ခေတ်သစ် liberal ၀ါဒီများက တသဘောတည်း ရှိကြ၏။ ဤအချက်ကို အခြေခံ၍ ပညာရေးမူဝါဒနှင့် သင်ရိုးညွှန်းတမ်းများကို တည်ဆောက်လာကြသည်။

နှစ် ငါးဆယ်ခန့် ခြစား၊ ပျက်စီးယိုယွင်းနေရသည့် မြန်မာ့ပညာရေးကို လစ်ဘရယ်တန်ဖိုးစံများ အပြည့်အ၀ဖြင့် တည်ဆောက်နိုင်ပါမည်လား။ အပ်ချလောင်း လုပ်၍တော့ မရနိုင်ပါ။ အမိန့်နာခံတတ်မှု အခြေပြု တင်းကျပ်လှသည့် သင်ကြားရေးပုံစံများ၊ မပြုမပြင်ခဲ့သည့် သင်ရိုးအဟောင်းများနှင့် စည်းမျဉ်းစည်းကမ်းပုံစံခွက် အမျိုးမျိုးထဲတွင် အသားကျနေသည့် ပညာရေးစနစ်အတွင်းရှိ မလိုလားအပ်သော အမှိုက်သရိုက်များ၊ စံလွဲနေမှုများ၊ မနက်ဖြန် ရှင်သန်မှုအတွက် မလိုအပ်တော့သော အကြောင်းအရာများကို ရဲရဲဝံ့ဝံ့ ရှင်းလင်းဖယ်ရှားခြင်းဖြင့် စတင်သင့်ပါသည်။ မြန်မာမှုနှင့် တိုင်းရင်းသား ဒဿနများထဲမှ လက်ဆင့်ကမ်းရမည့် ပညာရေးအတွေးအခေါ်များကို ဆန်းသစ်ခြင်းနှင့် တပြိုင်နက်တည်းမှာပင် လစ်ဘရယ်ပညာရေးဒဿနမှ ကောင်းသော၊ မွန်သော စံတန်ဖိုးများကို ပေါင်းစပ်ခြင်းတို့ လုပ်ဆောင်သင့်သည်ဟု ယူဆပါသည်။ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီပညာရေးကို တည်ဆောက်ခြင်းမှာ ဒီမိုကရေစီပညာရေး ဒဿနအပေါ် အခြေခံရပါလိမ့်မည်။

liberal လစ်ဘရယ်ဝါဒနှင့် အပြိုင်ထွန်းကားနေသည့် နောက်ထပ် အရေးကြီးသော ဒဿနတစ်ရပ်ဖြစ်သည့် “ဆိုရှယ်ဒီမိုကရေစီဝါဒ Socialism and Social Democracy” ဆက်လက်ဆွေးနွေးပါမည်။

ဆိုရှယ်ဒီမိုကရေစီဝါဒ Socialism and Social Democracy

လစ်ဘရယ်အတွေးအမြင်များကို စိန်ခေါ်ခြင်းနှင့်အတူ ဆိုရှယ်လစ်ဝါဒ socialism မှာ ၁၉ ရာစုအကုန်ပိုင်းတွင် ပေါ်ထွန်းလာခဲ့သည်။ ပုံသဏ္ဌာန်မျိုးစုံနှင့် ပေါ်ထွန်းလာသော်ငြားလည်း လစ်ဘရယ်ဝါဒ၏ “တစ်သီးပုဂ္ဂလ အယူအဆတွင် တရားမျှတမှု မရှိ” ဟူသော ရပ်ခံချက်မှာ ဆိုရှယ်လစ်စနစ်၏ အဓိက ယုံကြည်ချက်ဟုဆိုနိုင်သည်။ အချို့သော ဆိုရှယ်လစ်များက လူတစ်ဦးချင်း ကောင်းစားရေးဝါဒ (သို့မဟုတ်) တစ်သီးပုဂ္ဂလိက၀ါဒ individualism ၏ အရေးပါမှုကို အသိအမှတ်ပြု လက်ခံသော်ငြားလည်း ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်းကို အထိအခိုက်မခံသင့်ဟူသော အမြင်တော့ ကိုင်စွဲထားကြသေးသည်။ အခြားသူများကို ထိခိုက်နစ်နာစေလျှင် (သို့တည်းမဟုတ်) လူမှု အသိုင်းအ၀န်း၏ နစ်နာဆုံးရှုံးမှုများကို ဖြစ်စေလျှင် တစ်သီးပုဂ္ဂလများ၏ လုပ်ရပ်များကို ခွင့်မပြုသင့်ဟုဆို၏။ ၁၉ ရာစုတွင် အရင်းရှင်စီးပွားရေးစနစ်၏ အဆုံးမဲ့ အခွင့်အာဏာကြောင့် လွတ်လပ်ခွင့်များစွာနှင့် ဓနဥစ္စာချမ်းသာ ကြွယ်ဝမှု များစွာကို လူအချို့က ရရှိခံစားနိုင်ခဲ့ကြသည်။ သို့ရာတွင် ကျန်ရှိသူ လူအများစုကြီး အတွက်မူကား မခံမရပ်နိုင်လောက်သော ဆင်းရဲဒုက္ခဘေးနှင့် ကျေးကျွန်ပြုခြင်းကိုသာ ခံစားခဲ့ရသည်။ အားနည်းသူများကို ကာကွယ်စောင့်ရှောက်ရန်အတွက် အင်အားရှိသော နိုင်ငံတော်၏ ကြားဝင်ပံ့ပိုးမှုမှာ လိုအပ်သည်ဟု ဆိုရှယ်လစ်ဝါဒီတို့က ရှုမြင်ကြသည်။

အနောက်ဥရောပနိုင်ငံများတွင် ဆိုရှယ်လစ် အတွေးအခေါ်များကို social democracy ဆိုရှယ်ဒီမိုကရေစီစနစ်အဖြစ် ပုံဖေါ်ခဲ့ကြ၏။ အရင်းရှင်စနစ်၏ ကုန်ထုတ်လုပ်မှုကိုတော့ လက်ခံခဲ့သည်။ သို့ရာတွင် ဆိုရှယ်ဒီမိုကရက်များ၏ ပြင်းပြသော ခံယူချက်မှာ အရင်းရှင်စနစ်ကို “ကိုယ်ကျင့်တရားအခြေပြု စီးပွားရေး” အဖြစ် ပြုပြင်ပြောင်းလဲရန်ဖြစ်သည်။ လူအနည်းစု အကျိုးစီးပွားအတွက်ထက် အများစုကြီး၏ လိုအပ်ချက်အပေါ်မှာ အဓိက လုပ်ဆောင်ကြခြင်းကို လိုလားသည်။ ဤသို့ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်ရန်မှာ နိုင်ငံတော်က စွက်ဖက် ပါဝင်ကူညီမှသာလျှင် ဖြစ်နိုင်မည်။ သို့ဖြစ်ခြင်းကြောင့် “နိုင်ငံတော်အစိုးရ” ဆိုသည်မှာလည်း (လိုအပ်သော) ရန်သူ၊ မိစ္ဆာဆိုး မဟုတ်တော့ဘဲ လူထု အကျိုးစီးပွားအတွက် ကာကွယ်ကူညီသူဖြစ်လာသည်။ နိုင်ငံတော်တစ်ဝှမ်းလုံးရှိ နိုင်ငံသူနိုင်ငံသားကိုယ်စီသည် မိမိတို့၏ လူမှုရေးနှင့် စီးပွားရေး အကျိုးဖြစ်ထွန်းစေရန် အပြည့်အ၀ ပါဝင်ဆောင်ရွက်ခွင့်ရှိစေရန်မှာ နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်သည်။ အခွင့်အာဏာပိုင်သူများက အခြားသူများအတွက် တာဝန်၊ ၀တ္တရားများရှိကြောင်းကို လက်ခံရမည်ဖြစ်သည်။

စကန်ဒီနေးဗီးယန်း နိုင်ငံများဖြစ်သည့် နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နှင့် ဒိန်းမတ်နိုင်ငံများတွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည့်နောက်ပိုင်းတွင် ဤအတွေးအခေါ်များကို လူအဖွဲ့အစည်းအတွင်း စွဲစွဲမြဲမြဲ ယုံကြည်သက်ဝင်စေခဲ့သည်။ မည်သည့် နိုင်ငံရေးပါတီကပင် အာဏာ ရရှိလာစေကာမူ ဤယုံကြည်ချက်များအတိုင်းပင် ကျင့်သုံးလျက်ရှိသည်။ အားလုံးအတွက် တန်းတူအခွင့်အရေးအပေါ် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး အခြေခံတည်ဆောက်ထားသည့် ပညာရေးစနစ်များကို ကျင့်သုံးကြသည်။ ယူကေနိုင်ငံတွင်မူ ၁၉၄၅ ခုနှစ် စစ်ပွဲကြီး ပြီးဆုံးသည့်နောက်ပိုင်း အချိန်တို၊ ခဏတာမျှတော့ ဆိုရှယ်ဒီမိုကရေစီဝါဒကို ကျင့်သုံးခဲ့ကြပြီး ပညာရေးမူဝါဒများ ချမှတ်ရာတွင်လည်း လိုက်နာကျင့်သုံးခဲ့သည်။ သို့ရာတွင် ယနေ့ခေတ်တွင်မူ ဗြိတိန်များအနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆိုရှယ်ဒီမိုကရက်ဟူ၍ ခံယူကျင့်သုံးသူမှာ လျော့နည်းခဲ့ရပြီ။ မျက်မှောက်ခေတ်တွင် ဗြိတိန်က လစ်ဘရယ်အစဉ်အလာကိုသာ လက်ခံ ကျင့်သုံးသည်ဟု ယူဆနိုင်၏။

အကျိုးဆက်အနေဖြင့် ဤအစဉ်အလာက ပညာရေးဆိုင်ရာ မူဝါဒများနှင့် ဆုံးဖြတ်ချက်များ၏ နောက်ခံသဖွယ်တည်ရှိ နေပါသည်။ ဤနောက်ခံအယူဝါဒများကို ခြယ်သပြီးသော် ဆက်လက်ပြီး ယူကေနိုင်ငံ၏ ကျောင်းသမိုင်းကို ခေတ်ကာလ အပိုင်းအခြား ၄ ပိုင်းထား၍ ခွဲခြားဆွေးနွေးတင်ပြလိုပါသည်။

ယူကေပညာရေးသမိုင်း အကျဉ်းချုပ်

အင်ဂလိုဆက်ဆွန် မျိုးနွယ်စုများ ပထမဦးဆုံး အခြေချ ၀င်ရောက်နေထိုင်ခဲ့ချိန်မှ အင်္ဂလန်ပညာရေး စတင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ Medieval period (AD 500-1500) အလယ်ခေတ်တွင် ကျောင်းများကို တည်ထောင်လာကြပြီး လက်တင်ဂရမ်မာကို သင်ကြားပေးသည်။ အလုပ်ခွင်အကြို အလုပ်သင်ပုံစံမျိုးလည်းထားရှိသည်။ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်ကပင် ကမ္ဘာကျော် ရှေးအကျဆုံး အောက်စဖို့ဒ်တက္ကသိုလ်နှင့် ကင်းဘရစ်ခ်ျတက္ကသိုလ်ကြီးများကို တည်ထောင်ခဲ့ကြပြီဟု ခန့်မှန်းရသည်။ မြန်မာနိုင်ငံတွင် ပုဂံခေတ်နှောင်းပိုင်း ၁၁ ရာစုလောက်ကတည်းပင် ဖြစ်မည်ဟု သမိုင်းမှတ်တမ်းက ဆိုပါသည်။

၁၉ ရာစုတွင် အင်္ဂလန်ဘုရားကျောင်း Church of England က ပညာရေးကို အဓိကတာဝန်ယူခဲ့သည်။ ၁၈၇၀ ခုနှစ်တွင် ပညာရေးဥပဒေကို စတင်ပြဌာန်းခဲ့ပြီး အမျိုးသား မူလတန်းပညာရေးစနစ်ကို စတင်သည်။ မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှောင်းဖြစ်သည်။ အသက် ၅ နှစ်မှ ၁၃ နှစ်အထိ မသင်မနေရ ပညာရေးဥပဒေကို ပြဌာန်း၏။ ကလေးအများစုက မူလတန်းပညာရေးဆုံးခန်းတိုင်သည်အထိ ကျောင်းနေလာကြပြီး အထက်တန်းပညာရေးမှာမူ သူကြွယ်တို့၏ သားသမီးများအတွက်သာ ဖြစ်နေသေးသည်။ ၁၉၄၄ ခုနှစ် ပညာရေးဥပဒေတွင် အားလုံးအတွက် အထက်တန်းပညာရေးကို အသက် ၁၅ နှစ်အထိ ထည့်သွင်းပြဌာန်းခဲ့သည်။ tripartite system ကျောင်း သုံးပွင့်ဆိုင် ပညာရေးစနစ်ကို စတင်ခဲ့သည်။ ကျောင်း ၃ မျိုးစနစ်ဟုဆိုသည်။ ဂရမ်မာကျောင်း၊ အထက်တန်းသက်မွေးကျောင်း၊ ခေတ်ပေါ်အထက်တန်းကျောင်းတို့ဖြစ်ကြသည်။ ဂရမ်မာကျောင်းများတွင် အစဉ်အလာ သင်ရိုးညွန်းတမ်းကို ဦးစားပေးသည်။ သက်မွေးကျောင်းများက အလုပ်အကိုင်များနှင့် စက်မှုလက်မှု အခြေခံကို သင်ကြားပေးပြီး ခေတ်ပေါ်အထက်တန်းကျောင်းများတွင် ကလေးအများစု တက်ရောက်ကြသည်။ အသက် ၁၁ နှစ်အရွယ် မူလတန်းနောက်ဆုံးနှစ် စာမေးပွဲ ရလဒ်များအရ ကျောင်းသားများကို သင့်လျော်ရာ အထက်တန်းကျောင်းများတွင် ဆက်လက်၍ ပညာဆည်းပူးစေခြင်းပင်။

၁၉၇၀ ပြည့်လွန်နှစ်များတွင် ကျောင်းသုံးပွင့်ဆိုင် ပညာရေးစနစ်ကို ဖျက်သိမ်းခဲ့ပြီးနောက် compreshensive education စနစ်သစ်အရ ကလေးများသည် ရပ်ရွာအတွင်းရှိ အထက်တန်းကျောင်းများတွင် ဆက်လက်၍ ပညာဆည်းပူးလာကြသည်။ ၁၉၇၉ ခုနှစ် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီမှ ၀န်ကြီးချုပ်မာဂရက်သက်ချာ အာဏာ ရရှိလာပြီးနောက်ပိုင်း အဓိကပြောင်းလဲမှု ၂ ရပ်ကို ပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲများကို ဖြစ်စေသည့် အလုပ်လက်မဲ့ဦးရေကို လျော့ချပစ်ရန် သက်မွေးပညာရေးသစ် new vocationalsim ကို တိုးချဲ့သင်ကြားခဲ့သည်။ ဒုတိယပြောင်းလဲမှုမှာ စာပေနှင့် ကျောင်းပညာရေးတွင် ထူးချွန် ထက်မြက်သော မွေးရာပါ ပါရမီရှင်များသည် ဆင်းရဲနွမ်းပါးသူများဖြစ်ပါက ကျောင်းလခနှင့် ပညာရေး အကူအညီ ပံ့ပိုးပေးခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ် Education Act ပညာရေးပြုပြင်ပြောင်းလဲမှု ဥပဒေဖြင့် ပညာရေးစနစ်ကို ဆန်းသစ်နိုင်ခဲ့သည်။ ပညာရေးဈေးကွက်ကို ပုံဖေါ်ခဲ့၏။ စားသုံးသူများ (တပည့်များ) က မိမိတို့စိတ်ကြိုက် ဈေးကွက် (စာသင်ကျောင်း) ကို ရွေးချယ်ခွင့်ရှိခြင်းဖြင့် ကျောင်းအချင်းချင်း ယှဉ်ပြိုင်စေသော စနစ်ဟုဆိုသည်။ ကျောင်းဆိုးများမှ တပည့်များကို ကျောင်းကောင်းများသို့ လက်လွှတ်ခဲ့ရတော့သည်။ ယင်းနောက် ပိုမိုတိုးတက်အောင်ဖြစ်စေ၊ အရေအတွက် လျော့ချခြင်းဖြင့် ဖြစ်စေ၊ ကျောင်းလုံးဝပိတ်လိုက်ရခြင်းကိုဖြစ်စေ လုပ်ကြရတော့သည်။

ဒေသန္တရကျောင်းများ ကြီးကြပ်ရေးစနစ် local management of schools LMS စနစ်ကို မိတ်ဆက်ခဲ့၏။ ဒေသန္တရအစိုးရများက ကျောင်းအလိုက် ဘတ်ဂျက်ကို ခွဲဝေပေးပြီး ကျောင်းအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ကြီးများက တာဝန်ယူကြရသည်။ ကျောင်းလွတ်လပ်ခွင့် ပိုမို ရရှိစေရန် အားထုတ်မှု ဆိုနိုင်သည်။ အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးပြုစေရန်လည်း ရည်ရွယ်ပါသည်။ ကျောင်းလွတ်လပ်ခွင့်ပေးခြင်းနှင့်အတူ ဒေသန္တရအစိုးရများထံမှ ပညာရေးနှင့် ကျောင်းစီမံမှုတွင် အချို့သော တာဝန်များကို ဗဟိုအစိုးရက ပြန်လည် တာဝန်ယူခဲ့သည်။ အထူးသဖြင့် အမျိုးသားသင်ရိုးညွှန်းတမ်း National Curriculum ကို ပြုစုပြဌာန်းပြီး ဘာသာရပ်အချို့နှင့် မာတိကာများကို မသင်မနေရ စနစ်ဖြင့် သင်ကြားစေသည်။ ယခင်ကာလများတွင် ကျောင်းများက ဘာသာရပ်များကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိခဲ့သည်။  ပညာရေးအဆင့် ၁ မှ ၄ ဆင့် (အသက် ၇ နှစ်၊ ၁၁ နှစ်၊ ၁၆ နှစ် အရွယ်များ) တွင် အမျိုးသားသင်ရိုးညွှန်းတမ်း စစ်ဆေးမှု national curriculum assessment စနစ်ကို မိတ်ဆက်ခဲ့သည်။ ကျောင်းအဆင့် ခွဲခြားရာတွင် အဓိက အသုံးပြုပြီး ကလေးများကို အတန်းတက်ရန် ဖြေဆိုရသည့် စာမေးပွဲတော့ မဟုတ်ပါ။ နောက်ဆုံး အဆင့် ၄ (အသက် ၁၆ နှစ်) တွင် အထက်တန်းအောင်လက်မှတ် GCSE ကို ဖြေဆိုကြရသည်။ League Tables ကျောင်းများကို အဆင့် ခွဲခြားသတ်မှတ်သည့်စနစ်၊ ကျောင်းများကို နှိုင်းယှဉ်သောစနစ်၊ တက္ကသိုလ်များကို အရည်အသွေးအရ နှိုင်းယှဉ်သောစနစ်ကို စတင်ခဲ့သည်။ သတင်းစာများနှင့် မီဒီယာများတွင် နှစ်စဉ်ဖေါ်ပြသည်။ ဈေးကွက်နှင့် ပညာရေး အရည်အသွေးအတွက် အသုံးဝင်သော်လည်း  ဝေဖန်မှုများစွာ ခံရပြီး မိဘများက ရှောင်ရှားလိုသည့် ကျောင်းဆိုးများစာရင်းလည်း ပေါ်ထွက်လာတတ်သည့်အတွက် စိုးရိမ်ဖွယ်ရာများလည်း ပါရှိနေသည်။

၁၉၉၇ ခုနှစ် ရွေးကောက်ပွဲတွင် အလုပ်သမားပါတီ (လေဘာပါတီ labour party) က ကြွေးကြော်သံအနေဖြင့် “ပညာရေး၊ ပညာရေး၊ ပညာရေး” ဟူသော ဂါထာကို တဖွဖွရွတ်ဆိုပြီး အာဏာရရှိခဲ့သော်လည်း ယခင် ရှေးရိုးစွဲ Conservative Party ၏ ပညာရေးမူဝါဒများအတိုင်းသာ ဆက်လက်ကျင့်သုံးခဲ့သည်။ သို့သော် သင်ရိုး၊ ကျောင်းဖွဲ့စည်းပုံနှင့် အဆင့်မြင့်ပညာရေး စနစ်တို့ကို ဆန်းသစ် ပြုပြင်ပြောင်းလဲလာခဲ့၏။

ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချခြင်း

၁၉၉၉ ခုနှစ်မှ စတင်ကာ ယူကေနိုင်ငံသည် ဗဟိုဦးစီးချုပ်ကိုင်မှုကို များစွာ လျှော့ချပစ်လာခဲ့သည်။ ယူကေအစိုးရ၏ အခွင့်အာဏာများကို ပြည်နယ်များသို့ ခွဲဝေပေးခြင်း devolution - Decentralisation ဖြစ်စဉ်ကိုဆိုလိုပါသည်။ ယူကေကို ဖွဲ့စည်းထားသည့် ပြည်ထောင်စုဝင် ၄ ပြည်နယ်အနက် ပြည်နယ် ၃ ခုသို့ ပညာရေးနှင့် အခြားအာဏာအချို့ကို လွှဲပြောင်း ပေးအပ်ခြင်းဖြစ်၏။ လန်ဒန်ရှိ ယူကေပါလီမန်မှ အာဏာများကို ကာဒစ်၊ ဘဲလ်ဖတ်စ်နှင့် အီဒင်ဘာရာမြို့များရှိ ပြည်နယ်ပါလီမန်များသို့ လွှဲပြောင်းပေးခြင်းပင် ဆိုနိုင်သည်။ ၁၉၉၇ ခုနှစ်တွင် စကော့တလန်၊ ဝေလပြည်နယ်၊ ၁၉၉၈ ခုနှစ်တွင် အိုင်ယာလန်နယ်တို့တွင် လူထု ဆန္ဒခံယူပွဲများကို ကျင်းပခဲ့သည်။ ရလဒ်အနေဖြင့် စကော့တန်ပါလီမန်၊ ဝေလပြည်နယ် အမျိုးသားလွှတ်တော် the National Assembly နှင့် မြောက်အိုင်ယာလန် Assembly လွှတ်တော် ကိုယ်စီဖွဲ့စည်းခွင့် ရရှိလာခြင်းပင်ဖြစ်သည်။ ယူကေပါလီမန်က အင်္ဂလန်နယ်ကို တာဝန်ဆက်လက်ယူထားသည်။ ပြည်နယ်များသို့ လွှဲပြောင်းပေးအပ်သော အခွင့်အာဏာများတွင် စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး၊ အိုးအိမ်၊ တရားရေး၊ ဒေသန္တရအစိုးရ၊ မီးသတ် ဆိုင်ရာ ကဏ္ဍများပါဝင်သည်။ ပြည်နယ်များသို့ မလွှဲပြောင်းဘဲ ယူကေပါလီမန်က တိုက်ရိုက်ကိုင်တွယ်သော ဌာနများမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြားရေး၊ စွမ်းအင်၊ လူဝင်မှုကြီးကြပ်ရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ကဏ္ဍများဖြစ်သည်။ ဗြိတိန်၏ ၀က်မင်စတာ ပါလီမန်နှင့်အတူ တွဲဖက်၍ ပြည်နယ်များက “ကိုယ်ပိုင်အုပ်ချုပ်ရေး” Self-rule ရရှိခြင်းဟုဆိုရမည်။ ဖက်ဒရယ်တိုင်းပြည်များဖြစ်သည့် အမေရိကန်၊ ဂျာမဏီ၊ သြစတြေးလျားနှင့် ကနေဒါတို့နှင့် ဆင်ဆင်တူသည်။ ပညာရေးမှာ အဓိကအားဖြင့် ပြည်နယ်အစိုးရများ၏ တာဝန်ဖြစ်သည်။ ကျောင်းရေးရာ၊ သင်ရိုးညွှန်းတမ်းနှင့် ပညာရေးမူဝါဒများကို ပြည်နယ်အလိုက် ချမှတ်ကျင့်သုံးနိုင်ခြင်းပင်ဖြစ်သည်။

ပြည်သူ့နီတိနှင့် နိုင်ငံသားပညာရေး Citizenship Education

ယူကေပညာရေးတွင် “နိုင်ငံသားပညာရေး” ကို သီးသန့် ဘာသာရပ်တစ်ခုအနေဖြင့် စာသင်ကျောင်းများတွင် ထည့်သွင်း သင်ကြားရပါသည်။ မသင်မနေရ ဘာသာရပ်အနေဖြင့် National Curriculum အမျိုးသားသင်ရိုးညွှန်းတမ်းတွင် ၂၀၀၂ ခုနှစ်က ထည့်သွင်းခဲ့သည်။ အသက် ၁၁ နှစ်မှ ၁၆ နှစ် ကလေးများအားလုံး ကျောင်းသင်ဘာသာရပ်တစ်ခု အနေဖြင့် လေ့လာကြရခြင်းဖြစ်သည်။ အမျိုးသားသင်ရိုးညွှန်းတမ်း၏ ရည်မှန်းချက်များ အထမြောက်အောင်မြင်စေရန် နိုင်ငံသားပညာရေးဘာသာက ပံ့ပိုးနိုင်၏။ ရည်မှန်းချက်များထဲတွင် ကိုယ်စီ အောင်မြင်သော ကျောင်းသားများ ဖြစ်ထွန်းလာရေး၊ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူများအနေဖြင့် ပျိုးထောင်ရေးနှင့် တာဝန်ယူမှုရှိသော နိုင်ငံသားများ အဖြစ် လေ့ကျင့်ပေးရေးတို့ ပါရှိသည်။ စီတီဇင်ရှစ်ဘာသာရပ် (Citizenship curriculum) ကို အခြေခံအယူအဆ ၄ ရပ်ဖြင့် ဖွဲ့စည်းထားခြင်းပင်။ Democracy ဒီမိုကရေစီ၊ Justice တရားမျှတမှု၊ rights and responsibilities အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ၊ identity and diversity မိမိ၏ ပင်ကိုယ်သရုပ်နှင့် အခြားသူများ - ဟူသော ခေါင်းစဉ်ကြီး ၄ ခုဖြစ်သည်။ ဤအခြေခံ ဗဟုသုတများ၊ ကျင့်စဉ်များ၊ စွမ်းရည်များကို ရရှိစေရန် သင်ယူကြရသည်။ စွမ်းရည်များထဲတွင် critical thinking ပိုင်းခြားဝေဘန်စဉ်းစားခြင်းနှင့် enquiry စူးစမ်းလေ့လာတတ်မှု၊ adovcacy and representation စည်းရုံးလှုံ့ဆော်မှု အတတ်ပညာနှင့် ကိုယ်စားပြု လုပ်ဆောင်ခြင်း၊ taking informed and responsible action အသိအမြင်ကြွယ်ကြွယ်ဖြင့် တာဝန်ယူ လုပ်ဆောင်တတ်ခြင်းတို့ကို စာသင်ခန်းများထဲတွင် လေ့ကျင့်သင်ကြားပေးသည်။

နိုင်ငံရေးပညာ၊ ပါလီမန်လွှတ်တော်နှင့် အစိုးရအကြောင်း၊ ဥပဒေပညာရပ်နှင့် စီးပွားရေးစနစ်၊ မီဒီယာ၏ အခန်းကဏ္ဍ၊ လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေးပညာ စသည့် အခြေခံများကိုလည်း ဆဌမတန်းနှင့် အထက်တန်းအဆင့်များတွင်  ထဲထဲဝင်ဝင် လေ့လာခွင့် ရရှိကြသည်။ မျက်မှောက်ခေတ် လက်တလောဖြစ်နေသော နိုင်ငံရေး၊ လူမှုရေး ဖြစ်စဉ်များနှင့် ဆက်စပ်လေ့လာနိုင်ရန် ဆရာဆရာမများက သင်ခန်းစာများကို ပြင်ဆင်ကြရသည်။ ဤသည်မှာ ကျောင်းစာသင်ခန်းကို ပြင်ပ လူ့အဖွဲ့အစည်းနှင့် ချိတ်ဆက်ပေးခြင်းဖြစ်ပြီး တိုင်းပြည်၏ ပကတိတရားများကို ပိုမို သိရှိနားလည်စေပါသည်။ နိုးကြားတက်ကြွနေသော နိုင်ငံသား Active citizenship အဖြစ် ပျိုးထောင် ပေးခြင်းလည်းဖြစ်သည်။ သို့မှသာ မိမိကိုယ်ကိုယ်နှင့် မိမိ၏ မိသားစု၊ ရပ်ရွာလူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်ကို တာဝန်ယူတတ်သူများ ဖြစ်လာနိုင်ပါသည်။ အထက်တန်းအဆင့် သင်ကြားရေးနမူနာတစ်ခုကို ပေးပါမည်။ လူ့အခွင့်အရေး၊ မတူကွဲပြားခြင်းများနှင့် တန်းတူညီမျှမှု မရှိခြင်း ခေါင်းစဉ်တို့ကို သင်ကြားပြီးနောက် ကျောင်းသူကျောင်းသားများအနေဖြင့် အုပ်စုငယ်များဖွဲ့ပြီး မိမိတို့ကျောင်း၊ ရပ်ရွာဒေသတွင်းရှိ “လူမျိုးရေးခွဲခြားမှုများ” racism ကို သုတေသနပြု၊ စူးစမ်းလေ့လာကြပြီး ပြန်လည်တင်ပြ ဆွေးနွေးကြခြင်းပင်။ “နိုးကြားတက်ကြွသော နိုင်ငံသား” ခေါင်းစဉ်ကြီး၏ အခြားသော သင်ခန်းစာ နမူနာများအနေဖြင့် - ရပ်ရွာတွင်း စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း၊ ရန်လိုရန်စခြင်းကို ဖြေရှင်းရန် ကျောင်းသားအုပ်စုငယ်များဖွဲ့စည်း တာဝန်ယူခြင်း၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော ဈေးကွက်စီးပွာရေး စနစ်ပုံစံများ၊ အသက် ၁၆ နှစ်တွင် စတင်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်အတွက် advocacy စည်းရုံးလှုံ့ဆော်ခြင်း.. တို့ဖြစ်နိုင်ပါသည်။

အထက်တန်းအောင်လက်မှတ် GCSE အတန်းနှင့် A Level ၁၁ တန်းနှင့် ၁၂ တန်းအဆင့်များတွင်လည်း ဘာသာတွဲ ရွေးချယ်ရာတွင် citizenship education နိုင်ငံသားပညာရေးဘာသာရပ်ကို အဓိကဘာသာရပ်ကြီးတစ်ခုအနေဖြင့် ထည့်သွင်းလေ့လာနိုင်ကြသည်။

နိဂုံး

ကမ္ဘာ့ဒီမိုကရေစီ ဘိုးအေနိုင်ငံဖြစ်သည်နှင့်အညီ ပညာရေးကို ကလေးများအားလုံး လက်လှမ်းမီနိုင်မှု၊ ထိပ်တန်း ပညာရေး အရည်အသွေးကို ဆက်လက်ထိန်းထားနိုင်မှုနှင့် ကျောင်းစနစ်အားကောင်းရေးတို့အတွက် မူဝါဒများကို အစဉ်အဆက် ပြုပြင်ပြောင်းလဲ ကျင့်သုံးလျက်ရှိသည်။ ပြည်နယ်များကို ပညာရေးအာဏာ အပြည့်အ၀ ခွဲဝေလွှဲပြောင်း ပေးထားသည့်အတွက် ကျောင်းပညာရေး၊ သင်ရိုးညွှန်းတမ်းနှင့် စီမံခန့်ခွဲမှုမှာ ပြည်နယ်ပညာရေးဌာနများ၏ အဓိကတာဝန်ဖြစ်သည်။ လစ်ဘရယ်အတွေးအခေါ်များအပေါ် အခြေပြုထားသည့် နိုင်ငံသားပညာရေးဘာသာရပ်၊ ဘက်စုံသင်ရိုးညွှန်းတမ်းနှင့် စဉ်ဆက်မပြတ် ဆန်းသစ်လျက်ရှိသည့် ပညာရေးမူဝါဒတို့က လစ်ဘရယ်ဒီမိုကရေစီစနစ်ကို ခိုင်မြဲတည်တံ့စေသည်ဟု ဆိုရပါမည်။

သိန်းနိုင် (မောက္ခပညာရေး)

ဖက်ဒရယ်ပညာရေး အပိုင်း (၁၈)

သံလွင်တိုင်းမ်ဂျာနယ်၊ မော်လမြိုင်မြို့၊ နိုဝင်ဘာ ၂၀၁၅။

 

 

Powered by Bullraider.com